VIP ဟင်းလျာ

ဒီလတော့ တေးသံရှင် ချမ်းချမ်း ရဲ့ VIP ဖြစ်တဲ့ သမီးလေး မြမိုးဂင်္ဂါအတွက် ဘယ်လို ဟင်းလျာတွေ ချက်သလဲဆိုတာကို စူးစမ်းခဲ့ပါတယ်

ချမ်းချမ်းရဲ့ VIP ဖြစ်တဲ့ မြမိုးဂင်္ဂါမှာ ဘယ်လိုအမူအကျင့်တွေရှိလဲ…

ကြာသာပတေးသမီး ဆိုတော့ ခေါင်းမာတယ်…
လူလည်း သိပ်မကြောက်တတ်ဘူး…
စကားလည်း တတ်တာ အရမ်းပဲ….
သမီးက ကျောင်းမှာဆို အချောဆုံးပဲတဲ့ သိလား မေမေတဲ့… 
ဟယ်… ဟုတ်လား… သမီးကို ဘယ်သူက ပြောတာလဲဆိုတော့...
သမီးဘာသာ ပြောတာလေတဲ့။ အဲလို…

မြမိုးဂင်္ဂါက ဘာတွေ ကြိုက်သလဲ…
သမီးက အမေလို သီချင်းလည်းမဆိုချင်ဘူး၊ အဖေလို ရုပ်ရှင်လည်းစိတ်မဝင်စားဘူး။ ကပဲ ကချင်တာတဲ့။ သီချင်းသံကြားရင် ကွေးနေအောင် ကတတ်တာ သူ့အကျင့်။
အစားအသောက်ဆိုရင် သူက ထမင်းကြိုက်တယ်။ အသားထက် ပုစွန် နဲ့ ငါးဖယ်ဆို ဘယ်ချိန်ကျွေးကျွေးစားတယ်။
ဒါကြောင့် ဒီနေ့ ပုစွန် နဲ့ ပန်းငရုတ်ပွ ဟင်းရယ်၊ ငါးဖယ်လုံး ဟင်းချိုရယ် သူ့အတွက် ချက်ပေးဖြစ်တယ်။

ပုစွန် နဲ့ ပန်းငရုတ်ပွ

ပုစွန်ကို သေချာစင်အောင်ကိုင်ပြီး ဆား၊ ဆနွင်း၊ Dashi မှုန့်နဲ့ နယ်ထားပါ။
ဟင်းအနှစ်အတွက် ကြက်သွန်အဖြူ အနီ ထောင်းထားပါ။
ပန်းငရုတ်ပွတွေ အရောင်စုံထည့်ချင်ရင် အဝါ၊ အစိမ်း၊ အနီ စုံအောင် ဝယ်ထားပါ။ အခုတော့ ချမ်းချမ်းက ချိုတဲ့ ပန်းငရုတ်ပွအဝါကို သုံးထားပါတယ်။
အရင်ဆုံး ဟင်းအနှစ်တွေကို ဆီသတ်ပါ။
နည်းနည်းမွှေးလာရင် ပုစွန်ထည့်ပါ။
ပြီးမှ ပန်းငရုတ်ပွ လှီးထားတာလေးတွေ ထည့်ပါ။
ပုစွန်က အပူပေးလိုက်တာနဲ့ ကွေးသွားတော့ အကျက်မြန်တဲ့ ဟင်းပေါ့။
ပန်းငရုတ်ပွ နည်းနည်းနွမ်းတာနဲ့ ငြုတ်ကောင်းလေးဖြူးပြီး မီးဖိုပေါ်က ချလိုက်ပါ။ ချမ်းချမ်းက ငရုတ်ကောင်းကြိုက်တော့ ချမ်းချမ်းချက်တဲ့ 
ဟင်းတော်တော်များများမှာ ငရုတ်ကောင်းပါတယ်။
ပူပူနွေးနွေး နဲ့ မွှေးနေတဲ့ ပုစွန်နဲ့ ပန်းငရုတ်ပွ ဟင်းလေးရပါပြီ။

ငါးဖယ်လုံး ဟင်းချို

ငါးဖယ်ကိုလည်း သူကြိုက်တယ်။ ဒါကြောင့် မုန့်ညှင်းထုတ်လေးခပ်ပြီး ဟင်းချိုလေး ချက်ထားတယ်။
ချက်နည်းက အရမ်းလွယ်တယ်။
ပထမဆုံး အိုးထဲရေထည့်ပြီး ရေဆူအောင် တည်ပါ။
ငါးဖယ်ကို ကိုယ်ကြိုက်သလို အရသာထည့်ပြီး အလုံးလေးတွေ လုံးထားပါ။
ရေဆူလာရင် ကြက်သွန်ဖြူ နဲ့ ဂျင်း ထောင်းထားတားကို ထည့်ပါ။ ပြီးရင် ငါးဖယ်ထည့်ပြီး အိုးကို ခဏပြန်ဖုံးထားပါ။
ငါးဖယ်ထဲက အချိုရည်ထွက်လာလောက်ပြီဆိုရင် လှီးထားတဲ့ မုန့်ညှင်းထုတ်လေးတွေကို ထည့်ပါ။ 
မြည်းကြည့်လို့ အရသာအနေတော်ပဲဆို ငရုတ်ကောင်းလေးခပ်ပါ။
လွယ်ကူပြီး အရသာရှိတဲ့ ငါးဖယ်လုံးဟင်းချို ရပါပြီ။