DJ Wine ချက်တဲ့ ဝက်သား ဒံပေါက်

 ဒီနေ့ ကျွန်တော့် သူငယ်ချင်းမိတ်ဆွေတွေကို နည်းနည်းဆန်းသွားအောင် ဝက်သားနဲ့ ဖောက်တဲ့ ဒံပေါက် ချက်ကျွေးသွားမှာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့…
Basmati ဆန် (ဒံပေါက်ဆန်) - ၁ ကီလို
ဝက်သား (သုံးထပ်သား+လိုင်းသား) - ၁ ပိဿာခွဲ
ဒိန်ချဉ် (ဘူးကြီး) - (၂) ဗူး
ကြက်သွန်နီ (ဥကြီး) - (၈) လုံး
ခရမ်းချဉ်သီး - (၂ဝ) လုံး
နံနံပင်
ပူစီနံ
ငရုတ်သီးအရောင်တင်မှုန့်
ကြက်သွန်နီကြော်
သံပရာသီး
ရှာလကာရည်
ထောပတ်
ပဲစိမ်း
သီဟိုဠ်စေ့
စပျစ်သီးခြောက်
ဆီ
ဆား
ဆနွင်း
ငရုတ်ကောင်းစေ့
ချက်နည်းအဆင့်ဆင့်ကိုပြောရမယ်ဆိုရင်…
ဝက်သား တစ်ပိဿာခွဲကို ဒိန်ချဉ်ရယ်၊ သံပရာရည်ရယ်၊ ရှာလကာရည်ရယ်၊ အရောင်တင်မှုန့်ရယ်၊ ဆားရယ်၊ ဒံပေါက် မဆလာရယ်၊ နံနံမှုန့်ရယ်၊ ဇီယာမှုန့်ရယ် နယ်ပြီး အနည်းဆုံး တစ်နာရီခွဲနဲ့ နှစ်နာရီကြားကြာအောင် နှပ်ထားရပါမယ်။ ကြာကြာနှပ်ထားနိုင်လေ ကောင်းလေပါပဲ။
ဒံပေါက်ဆန်ကို မချက်ခင် ရေခဏစိမ်ထား ပါ။ အိန္ဒိယနည်းအတိုင်းဆိုရင်တော့ ဒံပေါက်ဆန်ကို နာရီဝက် ကြိုပြီး ရေစိမ်ထားကြပါတယ်။ 
ပြီးရင် ဝက်သားသပ်သပ်၊ ဆန်သပ်သပ် ချက်ပြီးမှ နှစ်ခုကို ပြန်ပေါင်းပြီး နှပ်တဲ့ ပုံစံ ချက်သွားမှာပါ။
ဝက်သားကို အရင်ချက်ပါ။ ဝက်သားချက်ဖို့ ဆီသတ်တဲ့အခါ ဒံပေါက်အမွှေးအကြိုင်တွေကို ထည့်ဖို့မမေ့ပါနဲ့။ ကြက်သွန်နှစ်များများနဲ့ ချက်ပါ။ ဒိန်နဲ့ နှပ်ထားတဲ့အသားကို ချက်တာမို့ ရေ အများကြီးမထည့်ပါနဲ့။ ဝက်သားနည်းနည်းနပ်မှ ခရမ်းချဉ်သီး နုပ်နုပ်စင်းထားတာကို ထည့်ချက်ပါ။

ဝက်သားချက်နေရင်းနဲ့ ဒံပေါက်နဲ့ စားဖို့ Chutney Sauce (ချတနီဆော့စ်)ကို ပြင်ပါမယ်။ ချတနီကို အိန္ဒိယမှာ အမျိုးမျိုး ချက်ကြပါတယ်။ ကျွန်တော်ကတော့ ခရမ်းချဉ်သီးရယ်၊ ကြက်သွန်နီရယ်၊ ဒိန်ချဉ်ရယ် နဲ့ ချက်ပါမယ်။ 
အိုးတစ်ခုကို အပူပေးပြီး အိုးပူလာရင် ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ဆနွင်း၊ အရောင်တင်မှုန့်၊ ခရမ်းချဉ်သီး၊ ဇီယာ၊ ငရုတ်ကောင်းစေ့၊ ဒိန်ချဉ်တို့ကို ထည့်ချက်ပါ။ ပွက်ပွက်ဆူလာပြီး ကြက်သွန်နဲ့ ခရမ်းချဉ်သီးအရည်ပျော်လာတဲ့အထိ မီးမျှင်းမျှင်းနဲ့ တည်ထားပါ။ တော်တော်ဆူလာရင် ကိုယ်ကြိုက်တဲ့ အချဉ်အရသာရတဲ့အထိ သံပရာသီးညှစ်ထည့်ပါ။ ညှစ်ပြီးသားသံပရာခွံတွေကို လွှင့်မပစ်ပါနဲ့။ ငရုတ်သီးစိမ်း နည်းနည်းထည့်ပြီးမှ မီးဖိုပေါ်ကချပါ။
ချတနီအိုးကျက်ပြီဆိုရင် အအေးခံထားပါ။ အေးသွားမှ Blender ထဲကို ချတနီရယ်၊ ခုနက သံပရာခွံတွေရယ်၊ နံနံပင်ရယ် ထည့်မွှေပစ်ပါ။ 

ချတနီရပြီဆိုရင် ထမင်းချက်ပါမယ်။ နာရီဝက်ရေစိမ်ထားတဲ့ ဒံပေါက်ဆန်ကို ရေစစ်ပြီး ရေနည်းနည်း ထည့်တည်ပါ။ ဆန် ချက်တဲ့အခါ ဆား၊ ထောပတ်၊ ဇီယာ၊ ကရဝေး ထည့်တည်ပါ။ ဆန်က (၈၅)ရာခိုင်နှုန်းလောက်ကျက်တဲ့အထိပဲ တည်ပါ။
ဝက်သားဟင်းရော၊ ထမင်းရော အသင့်ဖြစ်ပြီဆို တာနဲ့ ဒံပေါက် ဖောက်မယ့် အိုးပတ်ပတ်လည်ကို ထောပတ်နဲ့ သုတ်ပါ။ အိုးမတူးအောင် နဲ့ ထောပတ် နံ့သင်းအောင်လုပ်တာပါ။ 
ပထမဆုံး ဝက်သားဟင်းထဲက အဆီအနှစ် တွေကို အိုးထဲထည့်ပါ။ ပြီးရင် ထမင်းထည့်၊ ဝက်သားဟင်းထည့်၊ ပဲစိမ်း၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်ထည့်၊ ကြက်သွန်နီကြော်ဖြူး၊ ဒံပေါက်ဆိုး ဆေးထည့်။ ဒီလို တစ်ထပ်ပြီးတစ်ထပ် ထည့်သွားပါ။ အားလုံးပြီးသွားရင် ပူစီနံ အုပ်ပါ။ ပြီးရင် ခဲပတ်ပတ်ပြီး မီးမျှင်းမျှင်း နဲ့ နာရီဝက်လောက် နှပ်ထားလိုက်ပါ။
နာရီဝက်ပြည့်တည့်အခါ အနံ့ရော၊ အရသာရော ပြည့်စုံတဲ့ ဝက်သားနဲ့ ဖောက်တဲ့ ဒံပေါက်ရပါပြီ။