VIP ဟင်းလျာ

ပုစွန်ထုပ်ဆီပြန် နှင့် ပြောင်းဖူးကြော်

ကျွန်တော် အကျွမ်းကျင်ဆုံး ရှားရှားပါးပါး  ချက်တတ်တဲ့ ဟင်းလျာလေးကို ကျွန်တော် တစ်ခါ တလေ အလုပ်အားတဲ့နေ့တွေမှာ အိမ်မှာ ချက်ကျွေးလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်က ချစ်ဇနီးအတွက် VIP ဟင်းလျာအနေနဲ့ ချက်ကျွေးချင် ပါတယ်ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ပုစွန်ထုပ် ဆီပြန်နှင့် ပြောင်းဖူးကြော်။


ပုစွန်ထုပ်ဆီပြန်

ပါဝင်ပစ္စည်းများ
- ပုစွန်ထုပ် (အကောင်ကြီးကြီးလေး)
- ကြက်သွန်နီ၊ ဖြူ
- ဟင်းချက်မှုန့် (အရောင်တင် ငရုတ်သီးမှုန့်)
- နနွင်း၊ ဆား၊ အသားမှုန့်၊ ငံပြာရည်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
ပုစွန်ထုပ်ကို ခေါင်းဖယ် ရေစင်အောင်ဆေးပြီး ပန်းကန်ထဲထည့်ကာ ခဏထားထားရပါမယ်။
ကြက်သွန်နီ၊ အဖြူ၊ ဟင်းချက်မှုန့်တို့ကို ရောပြီး ကျေညက်အောင်ထောင်းပြီး ဆီပူလာရင် နနွင်းအနည်းငယ်ထည့်ကာ ကြက်သွန်နီ၊ အဖြူ ထောင်းထားတာကို ထည့်ပြီး ဆီသတ်ပေးရပါမယ်။
ဆီသတ်လို့ပြီးရင်တော့ ပုစွန်ထုပ်ကိုထည့်ကာ အသားမှုန့်၊ ဆား၊ ငံပြာရည်အနည်းငယ်တို့ ထည့်ပြီး ၅ မိနစ်လောက်အကြာ ပုစွန်လေးကွေးတာနှင့် ရပါပြီ။


ပြောင်းဖူးကြော်

ပါဝင်ပစ္စည်း
- ပြောင်းဖူး (အစေ့လေးတွေ ခြွေပြီးသား)
- ဆား၊ အသားမှုန့်၊ ဆီ
- ကြက်သွန်နီ (ပါးပါးလှီးထားရန်)

ပြုလုပ်နည်း အဆင့်ဆင့်
ဆီကိုဆူအောင်တည်ပြီး ဆီဆူလာလျှင် ကြက်သွန်နီပါးပါးလှီးထားတာထည့်ကာ ပြောင်းဖူးထည့်၊ ဆား၊ အသားမှုန့်ထည့် ရေအနေတော် ထည့်ပြီး ရေခမ်းတဲ့အထိ နာရီဝက်ခန့် ချက်ပေးရ ပါမယ်။ ရေခန်းပြီး ပြောင်းဖူးလေး စေစေးလေးဖြစ် ရင် ရပါပြီ။


Nyo Min Lwin
Photo & Retouch - Ko Naing (Escape Studio)