Healthy Smoothie

ခုလို ရာသီဥတု အကူးအပြောင်းအချိန်လေးမှာ ကျန်းမာရေးအတွက် အထူးကောင်းစေမယ့် သစ်သီးဖျော်ရည်များ နဲ့ တည်ခင်းဧည့်ခံချင်ပါတယ်။

ဒီ့အတွက် သီးမွှေးငှက်ပျော၊ နာနတ်၊ သရက်၊ လိမ္မော်၊ ကီဝီနဲ့ ဘယ်ရီသီးမျိုးစုံကို အသုံးပြုပြီး ဖျော်ရည် ၅ မျိုး ဖန်တီးထားပါတယ်။

ကြိုက်ရာရွေးချယ် သုံးဆောင်ကြည့်လိုက်ပါဦးနော်...။

နံနက်ခင်းများစွာအတွက် ကီဝီ

ဗီတာမင်အီး၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်ကြယ်ဝစွာပါရှိတဲ့ ကီဝီသီးကို အသုံးပြုပြီး တစ်နေ့တာလုံးအတွက် အားအင်တွေအစပြုပေးမယ့် နံနက်ခင်းဖျော်ရည်တစ်ခွက်ကို ဖန်တီးပေးချင်ပါတယ်။

သတ္တုဓာတ်နဲ့ ဗီတာမင်ကြွယ်ဝတဲ့ ကီဝီသီးဟာ သွေးအားကောင်းစေတဲ့ အာနိသင်ရှိပြီး သွေးတွင်းအဆီပိတ်ဆို့ ခြင်းကိုလည်း လျှော့ချပေးနိုင်စွမ်းရှိတဲ့အပြင် ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေတယ်လို့ လေ့လာသိရှိရပါတယ်။

လိုအပ်သောပစ္စည်း

ကီဝီသီး                          - ၄ လုံး (အခွံနွှာပြီး အတုံးလေးများလှီး)

သီးမွှေးငှက်ပျောသီးမှည့်     - ၂ လုံး (အခွံနွှာပြီး အပိုင်းလေးများလှီး)

လက်ဖက်စိမ်းထုပ်             - ၄ ထုပ်

ပဲနို့                                - ပန်းကန်လုံး ၁ လုံးခွဲ (ကျိုချက်ထား)

ပျားရည်                          - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

လှီးဖြတ်ပြင်ဆင်ပြီးသား ကီဝီသီးနဲ့ ငှက်ပျောသီးအတုံးလေးတွေကို ဇစ်ပါတဲ့ ပလတ်စတစ်အိတ်မှာထည့်ပိတ်ပြီး Freezer ထဲမှာ မိနစ် ၃၀ ခန့်ထည့်ထားလိုက်ပါတယ်။

ပန်းကန်တစ်လုံးထဲမှာ လက်ဖက်စိမ်းအိတ်လေးတွေကိုထည့်ပြီး အပေါ်ကနေ ဆူနေတဲ့ ပဲနို့ကိုလောင်းထည့်ကာ ၃ မိနစ်ခန့် စိမ်ထားလိုက်ပါတယ်။

ပြီးနောက် လက်ဖက်အိတ်လေးတွေကို အရည်စစ်ကာ ဖယ်ထုတ်လိုက်ပြီး ပျားရည်ထည့်မွှေကာ အအေးခံထား လိုက်ပါတယ်။

နောက်ဆုံးမှာတော့ အေးခဲထားတဲ့ ကီဝီသီး၊ ငှက်ပျောသီးနဲ့ လက်ဖက်စိမ်းနို့ရည်အားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပြီး ပြင်ဆင်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

အုံမှိုင်းနေတဲ့နေ့တွေအတွက်

မိုးရာသီရဲ့အုံမှိုင်းနေတဲ့ နေ့ရက်တွေအတွက် အလင်းတစ်ချက် ၀င်းလက်လိုက်သလို ပျော်ရွှင်ခြင်းတွေ တောက်ပ သွားစေမယ့် သစ်သီးဖျော်ရည်လေးတစ်မျိုးကိုလည်း တင်ဆက်ချင်ပါတယ်။

ဒီဖျော်ရည်လေးအတွက် ရာသီချိန်ခါနဲ့ ကိုက်ညီစွာဝင်းပနေတဲ့ သရက်သီးမှည့်ကို ထည့်သွင်းအသုံးပြုရမှာဖြစ်တဲ့ အတွက် အဆင်ပြေပြေရှိလှပါတယ်။

လိုအပ်သော ပစ္စည်း

သရက်သီးမှည့်                             - ၁ လုံး (အခွာနွှာ၊ အတုံးလေးများလှီး)

သီးမွှေးငှက်ပျောသီး                       - ၁ လုံး (အခွာနွှာ၊ အတုံးလေးများလှီး)

လိမ္မော်ရည်                                  - ပန်းကန်လုံး ၁ လုံး

အဆီထုတ်ပြီး ဒိန်ချဉ် (ဗနီလာရနံ့)     - ပန်းကန်လုံး ၁ လုံး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲမှာ အချိုးအစားအတိုင်းထည့်ပြီး သမမျှတသွားအောင် မွှေပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

နေ့ရက်တိုင်းအတွက် နာနတ်

နာနတ်သီးလှိုင်လှိုင် ပေါချိန်လည်းဖြစ်တဲ့ ဒီရာသီမှာ နာနတ်သီးရဲ့ အာဟာရတန်ဖိုးတွေကိုရယူနိုင်ဖို့ နာနတ်ဖျော် ရည်ကို နေ့စဉ်တစ်ခွက် ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ ဗီတာမင် စီ၊ ကယ်လစီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ နာနတ်သီးဟာ အရိုးအကြောများကို သန်မာစေပြီး အမြင်အာရုံကြည်လင်မှုကို အားပေးပါတယ်။ ဒါ့အပြင် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပျောက်ကင်းစေပြီး အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်တဲ့အတွက် ရာသီနဲ့ လျော်ညီလှတဲ့သစ်သီး ဖြစ်ပါတယ်။ ဒီနေရာမှာတော့ နာနတ်သီးရိုးရိုးလေးကို အမြင်တစ်မျိုးဆန်းသွားအောင် ရက်စ် ဘယ်ရီနီနီလေးတွေနဲ့ တွဲစပ်ပြီး ဖျော်ပြချင်ပါတယ်။

လိုအပ်သောပစ္စည်း

နာနတ်သီးတုံးလေးများ       - ပန်းကန်လုံး ၂ လုံးစာ

သီးမွှေးငှက်ပျောသီးမှည့်     - အလုံးသေး ၁ လုံး

ရက်စ်ဘယ်ရီ                    - ပန်းကန်လုံး လေးပုံ သုံးပုံခန့်

သကြား                          - စားပွဲဇွန်း ၂ ဇွန်းခန့်

ရေခဲတုံးလေးများ              - သင့်ရုံ

ပြုလုပ်နည်း

ပထမဆုံး နာနတ်သီး ပန်းကန်လုံးတစ်လုံးစာကိုကြိတ်ချေပြီး အဖတ်များကို ဖယ်ထုတ်ကာ အရည်စစ် ထုတ်ယူ လိုက်ပါတယ်။

ရရှိလာတဲ့ နာနတ်သီးအရည်၊ ကျန်ရှိနေတဲ့ နာနတ်သီးတုံး ပန်းကန်လုံးတစ်လုံးစာနဲ့ ပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက်မှာ ထည့်မွှေလိုက်ပြီးတဲ့အခါ ရက်စ်ဘယ်ရီကာလာကြောင့် ရဲရဲနီစွာလှပနေတဲ့ နာနတ်သီးဖျော်ရည်ကို ရရှိနိုင်ပါပြီ။

အချိန်တိုင်းအတွက် Super Soy

လိုအပ်တဲ့အချိန်တိုင်းမှာ စူပါပါဝါတွေကို ဖြည့်စွမ်းပေးမယ် Super Soy Smoothie ဖြစ်ပါတယ်။

ပဲနို့နဲ့အတူ နာနတ်သီး၊ ငှက်ပျောသီး၊ ရက်စ်ဘယ်ရီ၊ လိမ္မော်သီး၊ ဥနီနဲ့ ပျားရည်စတဲ့ ပါဝင်ပစ္စည်းတွေ များပြား လှတာကြောင့်  အာဟာရဓာတ်စုံလင်စွာနဲ့ စူပါခွန်အားတွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ

ပဲနို့ (ဗနီလာရနံ့)                - ပန်းကန်လုံး တစ်ဝက်

နာနတ်သီးတုံးလေးများ       - ပန်းကန်လုံး တစ်ဝက်

ငှက်ပျောသီး                    - တစ်လုံးရဲ့တစ်ဝက်

ရက်စ်ဘယ်ရီ                    - ပန်းကန်လုံး တစ်ဝက် (အေးခဲထား)

ပျားရည်                          - စားပွဲဇွန်း ၁ဇွန်း

ဥနီအရည်                       - ပန်းကန်လုံး လေးပုံ တစ်ပုံ

လိမ္မော်သီးအရည်              - ပန်းကန်လုံး တစ်ဝက်

ပြုလုပ်နည်း

ဒီဖျော်ရည်မှာ ထည့်သွင်းအသုံးပြုမယ့် ဥနီနဲ့ လိမ္မော်ရည်အတွက် လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကနေ အရည်ထုတ်ယူနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ပါဝင်ပစ္စည်းများ အသင့်ဖြစ်ပြီဆိုရင်တော့ ထုံးစံအတိုင်း အားလုံးရော နှောပြီး သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်တဲ့အခါ လိမ္မော်ရောင်တောက်ပနေတဲ့ စူပါပဲနို့ smoothie ကိုရရှိနိုင်ပါပြီ။

ချစ်သူတို့အတွက် ဘယ်ရီ

ဘယ်ရီချစ်သူတို့အတွက် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ ရက်စ်ဘယ်ရီအစရှိသဖြင့် လက်လှမ်း မီနိုင်သမျှ ဘယ်ရီသီးမျိုးစုံကို ရောနှောဖျော်စပ်ထားတဲ့ ဘယ်ရီသီးစုံဖျော်ရည်လေးကိုလည်း တင်ဆက်ပေးချင်ပါတယ်။ ဘယ်ရီသီးလေးတွေဟာ ပုံစံစုံ၊ အရောင်အသွေးစုံနဲ့ စားချင်စရာကောင်းလှသလို ဘယ်ရီသီးအများစုဟာ သွေးကြောတွေ ကို ကျန်းမာစေပြီး သွေးတိုးကျဖို့ ကူညီပေးနိုင်တဲ့ အာနိသင်ရှိတယ်လို့လည်း သိရှိရပါတယ်။

လိုအပ်သောပစ္စည်း

ဘယ်ရီသီးအစုံ                             - ပန်းကန်လုံး ၁ လုံးစာ (အေးခဲထား)

သီးမွှေးငှက်ပျောသီး                       - ၁ လုံး (အခွံနွှာ၊ လှီးဖြတ်၊ အေးခဲထား)

လိမ္မော်သီး                                   - ၁ လုံး (အခွံနွှာ၊ အမြွှာနွှင်ထား)

အဆီထုတ်ပြီးဒိန်ချဉ် (ဗနီလာရနံ့)      - ၆ အောင်စ

ပြုလုပ်နည်း

ပထမဆုံးပြုလုပ်နေကျအတိုင်း ဘယ်ရီသီးများနဲ့ ငှက်ပျောသီးကို ဇစ်ပါတဲ့ ပလတ်စတစ်အိတ်မှာထည့်ပိတ်ပြီး freezer ထဲမှာ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါတယ်။

အချိန်စေ့တဲ့အခါ အေးခဲထားတဲ့ သစ်သီးများနဲ့အတူ လိမ္မော်သီးစိတ်လေးများနဲ့ ဗနီလာဒိန်ချဉ်အားလုံးကို သစ်သီးဖျော်စက်ထဲထည့် မွှေပြီး စက္ကန့် ၃၀ မျှ အချိန်ပေးအပြီးမှာတော့  ခရမ်းရောင်စိုစိုလှပနေတဲ့ ဘယ်ရီ smoothie ကို ဖန်ခွက်လေးတစ်လုံးမှာထည့်ပြီး လှပစွာသုံးဆောင်နိုင်ပါပြီ။