အပြိုင်ကြဲထားတဲ့ ဟင်းပွဲ(၁၂)ပွဲ

ဓာတ်ပုံ - လမင်းနိုင်

တစ်နေ့တာ ဖြတ်သန်းနိုင်ဖို့ အစားအသောက်တွေထဲမှာ ထမင်းနဲ့ဟင်းက မပါမဖြစ်ပါ။ အိမ်ထမင်း၊ အိမ်ဟင်းကို လူတိုင်းနီးပါး နှစ်သက်ကြပါတယ်။ မီးဖိုထဲက ဘုရင်မလို့တင်စားကြတဲ့ အိမ်ရှင်မ (၁၂)ဦးက သူတို့ရဲ့ ဟင်းလက်ရာအစွမ်း တွေကို တစ်မျိုးခြင်းဆီ ဖော်ထုတ်လိုက်တဲ့အခါ အိမ်ရှင်မ(၁၂)ဦး ဟင်းပွဲ(၁၂)ပွဲ ပရိသတ်ရှေ့ရောက်ရှိလာပါတယ်။

မေသန်းနု (သရုပ်ဆောင်)

စိတ်ကူးထဲကအတိုင်း ခရမ်းသီးနှပ်

“အရမ်းနူးညံ့ပြီး အရသာရှိတဲ့ ခရမ်းသီးနှပ်ပါ။ ပရိသတ်တွေလည်း ချက်စားကြည့်ပါဦး”

(၁) ခရမ်းသီး (တို့စရာအဖြစ်စားတဲ့ ခရမ်းသီး အလုံးသေး)

(၂) ပုစွန်ခြောက်

(၃) ဆီ

(၄) စိမ်းစားငါးပိ

(၅) ငရုပ်သီး

အရင်ဆုံး ငရုပ်သီးကြက်သွန်နီ ကြက်သွန်ဖြူဆီသတ်၊ ငါးပိစိမ်းစားနည်းနည်းပါထည့်။ ပုစွန်ခြောက်ပါထည့်ပြီး ဆီသတ်လိုက်တယ်။ ပြီး တော့ ခရမ်းသီးတွေကို လေးစိတ်စိပ်ပြီး ထည့်တယ်။ ရေနည်းနည်းထည့်၊ အိုးကိုခနအဖုံးဖုံး ထားလိုက်မယ်။ မိနစ်နည်းနည်းလေးကြာရင် မီးဖိုပေါ်ကချ စားလို့ရပါပြီ။ အရင်တုန်းက ခရမ်းသီးကို ပုံမှန်နှပ်စားလို့ရတဲ့ ပုံစံပဲသိတာ။ အခုလို တို့စားလို့ရတဲ့ ခရမ်းသီးသေးသေးလေးတွေ နှပ်စားလို့ရမှန်း မသိဘူး။ ခရီးသွားရင် တို့စားဖို့ ခရမ်းသီး တွေ ၀ယ်လာတာများနေတာနဲ့ ဘာလုပ်ကြည့်ရင် ကောင်းမလဲစဉ်းစားကြည့်တော့ နှပ်စားကြည့်ဦးမှပဲဆိုပြီး ချက်လိုက်တာ အရမ်းကြိုက်သွားလို့ အိမ်မှာအမြဲချက်စားဖြစ်တဲ့ ဟင်းပါ။

 

မမေခိုင် (အဆိုတော် ဇော်ဝင်းထွဋ်ဇနီး)

သားနဲ့သမီး အရမ်းကြိုက်တဲ့ အားလူးကပ်သလိပ်

“ဒီဟင်းက လုပ်ရတာနည်းနည်း အချိန်ကြာတော့ အိမ်မှာမချက်ဖြစ်ဘူး။ သားနဲ့သမီးက အမြဲချက်ခိုင်းတယ်။ သူတို့အရမ်းကြိုက်တယ်”

(၁) အာလူး

(၂) ကြက်သား

(၃) အကြော်မှုန့်

ဒါတွေကတော့ အဓိကပေါ့။ သတ်သတ်လွတ်စားချင်တယ်ဆိုရင် ကြက်သားမထည့်ဘဲ လုပ်လို့ရတယ်။ ဒီဟင်းမှာ တော့ ကြက်သားကို အာလူးတွေရဲ့ အလယ်မှာထည့်ပြီး ကြော်ထားတယ်။ အာလူးကိုအရင်ဆုံး ဆားနဲ့ပြုတ်၊ အာလူးနူးလာ ရင် ကြေသွားအောင် ထောင်းတယ်။ ကြက်သားကိုပြုတ်တယ်။ ကြက်သားနူးသွားရင် ကြက်သားပြုတ်ရေထဲမှာ ကြက်သွန် လေးတွေကိုထည့်ပြီး နည်းနည်းနူးသွားအောင် ပြုတ်ပါတယ်။ ထောင်းထားတဲ့ အာလူးကို အကြော်မှုန့်နဲ့နယ် အလယ်မှာ ကြက်သားနဲ့ ကြက်သွန်ကိုထည့်ပြီး ကြော်တယ်။ ကြက်သားထည့်ကြော်မယ်ဆိုရင်တော့ အာလူးလုံးတဲ့နေရာမှာ ထူထူ လေးဖြစ်နေဖို့ လိုတယ်။ အာလူးလုံးတာ ပါးနေမယ်ဆိုရင် အလုံးတွေက ကြေသွားတတ်လို့ပါ။

 

လမင်းမိုမို (စာရေးဆရာမ)

ချို၊ ချဉ်၊ စပ် octopuses

“တစ်အိမ်လုံးကြိုက်တဲ့ ချို၊ ချဉ်၊ စပ် ဟင်းပါ”

(၁) ရေဘ၀ဲ

(၂) ခရမ်းချဉ်သီး

(၃) ပြောင်းဖူးသေးသေး

(၄) ကြက်သွန်နီ

(၅) ပဲသီးစိမ်း

(၆) ငရုတ်ဆီ

အစပ်ဘက်ကို ပိုများတဲ့ဟင်းလို့ ပြောလို့ရတယ်။ အရင်ဆုံးဆီသတ်ပြီး ရေဘ၀ဲတွေကို အရင်ဆုံးတည်ပါတယ်။ ပြီးတော့မှ ပါဝင်ပစ္စည်းတွေထည့်ပေါ့။ ခရမ်းချဉ်သီး၊ ကြက်သွန်နီလေး စိပ်စိပ်၊ ပြောင်းဖူးသေးသေးလေးတွေ ထည့်ပါ၊ ရေ နည်းနည်းထည့်ပြီး တည်ပြီးတော့ သကြား၊ ငရုတ်ဆီ၊ ချိုချဉ်စပ်အရသာကို ထည့်ပါတယ်။ ချက်ရတာလွယ်ကူပြီး ထမင်း မြိန်စေမယ့် ဟင်းတစ်ခွက်ပေါ့။

 

မသီတာ (ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ဇနီး)

လွယ်လွယ်ကူကူ ဘဲဥငါးခြောက်သီးစုံဟင်း

“ချက်ရတာ အရမ်းလွယ်တယ်။ မြန်မာလူမျိုးတွေ အများဆုံး ကြိုက်တဲ့ဟင်းလို့လည်း ပြောလို့ရတယ်”

(၁) ဘဲဥ

(၂) ငါးခြောက်

(၃) အာလူး

(၄) ပဲသီး

(၅) ရုံးပတီသီး

ငါးခြောက်နဲ့ အာလူးကို ဆီသတ်ပြီးတာနဲ့ ထည့်ရမယ်။ ပြီးရင် ရေထည့်၊ (၁၀)မိနစ်လောက် တည်၊ ပြီးတော့မှ အသီးအနှံတွေကို ထည့်တယ်။ နောက်ဆုံးကျမှ မန်ကျည်းသီးကို ထည့်တယ်။ နယ်ရိုက်ကွင်းတွေသွားလို့ ဟင်းအခက်အခဲ ဖြစ်ပြီဆိုရင်ရောက်တဲ့နေရာတိုင်းမှာ လွယ်လွယ်ကူကူ ချက်လို့ရတဲ့ ဒီဟင်းကိုချက်တော့တာပဲ။ အားလုံးကြိုက်ကြတယ်။

 

မမေသူ (သရုပ်ဆောင်လွင်မိုးဇနီး)

ကိုလွင်မိုးအရမ်းကြိုက်တဲ့ ကတ်ကြေးကိုက်ကြော်

“ကိုမိုးရော၊ သမီးနှစ်ယောက်ပါ အရမ်းကြိုက်လို့ သူငယ်ချင်းတစ်ယောက်ဆီကနေ သင်ထားရတယ်”

(၁) နန်းပြား

(၂) ပအုန်းရည်

(၃) ပင်လယ်စာ(ကင်ပွန်၊ ပုစွန်)

(၄) ကြက်သွန်နီ

(၅) ပဲတီပင်ပေါက်

နန်းပြားကို ပဲငံပြာရည် အညိုရောင်နဲ့ နည်းနည်းလေးနယ်ထားပါ။ ကြက်သွန်နီကို အဖတ်အကြီးကြီးလှီး ဆီထည့် ထားတဲ့ ဒယ်အိုးထဲကိုထည့်၊ ပင်လယ်စာထည့် ဇွန်းနဲ့မွှေနေတဲ့ အချိန်မှာ ပအုန်းရည်ကို နည်းနည်းဖြန်းပေးပါ။ အားလုံး ကျက်သွားပြီဆိုရင် နန်းပြားကိုထည့်ပြီးနယ်။ အရသာအပေါ့အငံထည့် ပအုန်းရည်ကို နည်းနည်းထပ်ဖြန်းပေးပါ။ အားလုံး ကိုဒယ်အိုးထဲမှာ အချိန်နည်းနည်းယူပြီး ဇွန်းနဲ့မွှေပြီးသွားရင် စားလို့ရပါပြီ။ အပေါ်ကနေ ပဲတီပင်ပေါက်လေးအုပ်လိုက် ပေါ့။ အိမ်မှာကတ်ကြေးကိုက်ကြော်ပြီဆိုရင် ရေခဲသေတ္တာထဲထည့်ပြီး နောက်နေ့အထိစားကြတယ်။ အရမ်းကြိုက်ကြတယ်။

 

မစန္ဒာ (ဒါရိုက်တာ ညိုမင်းလွင်ဇနီး)

ကိုယ်တိုင်ထွင်ထားတဲ့ ကြက်ဥဟင်းချို

“ကျွန်မအဖိုး အရမ်းကြိုက်တဲ့ ကြက်ဥဟင်းချိုကို ချို၊ ချဉ်၊ စပ်လေးဖြစ်အောင် ကျွန်မထပ်ပြီး ထွင်လိုက်တယ်။ တစ်အိမ်လုံးကြိုက်တယ်။ အစပ်မကြိုက်ရင် ငရုတ်သီးမထည့်လို့လည်း ရတယ်”

(၁) ကြက်ဥ

(၂) ဆီ

(၃) ငရုတ်သီး

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဒါပါပဲ။ အရမ်းလွယ်ကူပြီး ထမင်းမြိန်တဲ့ ဟင်းချိုပါ။ ကြက်ဥကိုပုံမှန်အတိုင်း ကြော်ပေါ့။ ကြက်ဥကြော်ပြီးသွားတဲ့ အိုးထဲကို ရေထည့်၊ ရေဆူလာရင် ခုနကကြော်ထားတဲ့ ကြက်ဥတွေကို ညှပ်ပြီးထည့် လိုက်ပါ။ အားလုံးဆူလာပြီဆိုရင်တော့ ချို၊ ချဉ်၊ စပ် အရသာထည့်လိုက်ရင် ရပြီ။

 

မသန္တာ (သရုပ်ဆောင်နေမျိုးအောင်ဇနီး)

ဈေးသက်သာပြီး တစ်အိမ်လုံးစားလို့ရတဲ့ ငါးချိုချဉ်စပ်ဟင်း

“ဒီဟင်းကိုချက်ပြီဆိုရင် အိုးပါလူးစားကြတဲ့အထိ အားလုံးကြိုက်ကြတယ်”

(၁) ငါး (၃၀ သားအရွယ်)

(၂) ဆီ

(၃) စိမ်းစားငါးပိ နည်းနည်း

(၄) မန်ကျည်းသီး

(၅) နံနံပင်

အရင်ဆုံးငါးကို ဗိုက်ခွဲ၊ မလိုအပ်တဲ့ အရာတွေ ထုတ်ပေါ့။ အမြီးနဲ့ခေါင်းကိုတော့ ဒီအတိုင်းပဲထားတယ်။ ဆား၊ ဆနွင်းနယ်ပါ။ ဟင်းအနှစ်များများကို ဆီသတ်၊ အနံ့မွှေးလာရင် စိမ်းစားငါးပိနည်းနည်းထည့်၊ မန်ကျည်းနှစ်ထည့်ပါ။ ပြီး ရင် ငါးကိုထည့်လိုက်ရုံပဲ၊ ရေထည့်ပြီး ငါးအသားနူးလာရင် အပေါ်ကနေ နံနံပင်အုပ်လိုက်ပါ။

 

ခိုင်စုအောင် (အဆိုတော် Lလွန်းဝါဇနီး)

ယောက္ခမသင်ပေးတဲ့ Spaghatti

“သမီးနှစ်ယောက် အရမ်းကြိုက်တဲ့ Spaghatti”

(၁) Spaghatii ခေါက်ဆွဲ

(၂) အသားမှုန့်

(၃) ခရမ်းသီးနှစ်

(၄) ကြက်သား

(၅) အသင့်လုပ်ပြီးသား mushroom soup

Spaghatti ခေါက်ဆွဲကို အသားမှုန့်နဲ့ နယ်ပါ။ ခရမ်းချဉ်သီးကို ခရမ်းချဉ်သီးအနှစ်ချက်သလို ခက်ပြီးရင် ကြက်သားထည့်လိုက်ပါ။ ကြက်သားမရလည်း ပုစွန်ထည့်လို့ရတယ်။ ခေါက်ဆွဲပေါ်တင်ပြီး စားလိုက်ရုံပဲ။ ခရမ်းချဉ်သီး အနှစ်မှာတော့ အရသာတွေပါရမယ်။ သူနဲ့တွဲပြီး City Mart ကနေ mushroom soup အနှစ်ကို ရေနွေးနဲ့ မပျစ်မကျဲ ချက်ပြီး စားလို့ရပါပြီ။ အချိန်ကုန်သက်သာပြီး အရမ်းစားလို့ကောင်းတဲ့ အတွဲအဆပ်ဟင်းလျာတစ်မျိုးဖြစ်တာ ဒီချက်နည်း ကို ယောက္ခမသင်ပေးထားတာ။

 

ဇာဇာ (သရုပ်ဆောင် ကျော်ကျော်ဗိုဇနီး)

တောချက် ငါးခူကြော်နှပ်

“ပဲဟင်းနဲ့တွဲစားရင် အလိုက်ဖက်ဆုံး ဟင်း။ ဒီဟင်းရဲ့ ထူးခြားချက်က ငါးခူကို အမြီးမဖြတ်ပဲ ချက်ထားတာပါ”

(၁) ငါးခူ

(၂) ငရုတ်သီး

(၃) ဆီ

(၄) ကြက်သွန်နီ၊ ကြက်သွန်ဖြူ

အရင်ဆုံး ငါးခူကို ကြော်ရတယ်။ ငါးခူကို ဆားဆနွင်းနယ်ပြီးရင် ဆီအိုးထဲမှာဆယ်၊ အပြင်မှာထည့်ထား၊ ဆီအိုး ထဲမှာကျန်နေတဲ့ ဆီနဲ့ ကြက်သွန်နီ၊ အဖြူကိုကြော်ပါ။ ကြက်သွန်နီ၊ အဖြူ နီရောင်သန်းလာပြီဆိုရင် ငရုတ်သီးထည့်၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို မွှေပြီးရင် ခုနက ကြော်ထားတဲ့ ငါးခူကြော်ကို အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ ခဏ လေးရောမွှေပြီးတာနဲ့ မီးဖိုပေါ်ကချ၊ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။

 

ယုမိစံ (အဆိုတော် မျိုးမျိုးဇနီး)

သားသားကြိုက်တဲ့ မေမေ့ဟင်း

“သားကျောင်းမသွားခင် မနက်စာကို ဒီဟင်းနဲ့ အများဆုံးစားတယ်”

(၁) ၀က်သားပြား

(၂) ကြက်သွန်နီ

(၃) ကြက်သွန်ဖြူ

(၄) ဂျပန်

ငရုတ်ဆီချက်ရတာ အရမ်းလွယ်တာ။ ဆီနည်းနည်းပဲထည့်ပြီး ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်တယ်။ ဆီပူလာပြီဆို တာနဲ့ ၀က်သားပြားထည့် ရေနည်းနည်းထည့်ပြီး အချို၊ အငန်ထည့်ပါ။ ရေခြောက်သွားပြီဆိုတာနဲ့ မီးဖိုပေါ်ကချပြီးပန်းကန် ထဲထည့်လိုက်။ ဂျပန်ငရုတ်ဆီနဲ့ တွဲစားလိုက်ရုံပဲ။ သားသားအရမ်းကြိုက်တဲ့ ဟင်းပေါ့။

 

ချောစု (သရုပ်ဆောင် နေဆန်းဇနီး)

သားနဲ့သမီးအကြိုက် ပုစွန်ကြော်

“အိမ်မှာကလေးနှစ်ယောက်အတွက် အမြဲကြော်ပေးရတဲ့ ပုစွန်ကြော်”

(၁) ပုစွန်

(၂) ငရုပ်သီးပွ

(၃) ကြက်သွန်နီ

(၄) ခရမ်းချဉ်သီး

အိမ်မှာက ပင်လယ်စာကြိုက်ကြတယ်။ အထူးသဖြင့် ပုစွန်ပေါ့။ ကလေးနှစ်ယောက်အတွက် ကြော်ပေးရင်တော့ အချိုပေါ့။ ငရုပ်သီး မထည့်ဘူး။ ကြက်သွန်နီကို လေးစိပ်စိပ်ပြီး ဆီသတ်ထားတဲ့ အိုးထဲကိုထည့်ပါ။ ကြက်သွန်အရောင် နည်းနည်းပြောင်းလာရင် ပုစွန်ထည့်၊ ငရုပ်ပွထည့်၊ ရေနည်းနည်းထည့်ပါ။ ပုစွန်နံ့ပျောက်သွားအောင် ခရမ်းချဉ်သီးထည့်၊ အရသာမြည်းပြီး မီးဖိုပေါ်ကချရုံပဲ။ ဒီဟင်းက ချက်ရတာ လွယ်တယ်။ အိမ်တိုင်းလည်း ချက်စားကြတယ်။ အခုဒီမှာ ရိုက်ပြထားတာကတော့ ကလေးနှစ်ယောက် အရမ်းကြိုက်လို့ အမြဲချက်ဖြစ်တဲ့ ဟင်းဖြစ်နေလို့ပါ။

 

နှင်းအိခိုင် (အဆိုတော် ခိုင်မြဲသာဇနီး)

ဝက်မှိုအချိုချက်

“ဒီဟင်းက ကိုခိုင်မြဲသာ အရမ်းကြိုက်တဲ့ဟင်း။ သူကဟင်းဆို အချိုချက်တာ ပိုကြိုက် တယ်”

(၁) ၀က်သား

(၂) မှို

(၃) ကြက်သွန်နီ

ဒါတွေကတော့ အဓိကပါဝင်ပစ္စည်းတွေပေါ့။ ဆီသတ်ပြီးဝက်သားကို အရင်နူးအောင်တည်ပါ၊ ပဲငံပြာရည်အညို၊ ဆားထည့်ပါ။ ၀က်သားလိုချင်တဲ့ ပုံစံနူးလာပြီဆိုရင်တော့ အချို၊ အငန်ထည့်၊ မှိုထည့်၊ ကြက်သွန်ကို ဥလိုက်ထည့်တယ်၊ ရေကိုတော့ အားလုံးနူးအိသွားအောင် အနေတော်ထည့်ရတယ်။ ဒီဟင်းရဲ့ အရသာက အချိုဘက်ကို ပိုရောက်တယ်။