ဒီဇင်ဘာဟင်းလျာ

    ဒီဇင်ဘာအတွက် ဟင်းလျာကိုတော့ ရာသီစာသီးနှံလေးတွေ ထည့်သွင်းချက်ပြုတ်ထားပါတယ်။
    လိမ္မော်သီးဆော့စ်နဲ့ ချက်ထားတဲ့ ဘဲသားဟင်း၊ ပုစွန်တုပ်နဲ့  သစ်သီးစုံမရိုးနိစ်၊ ကြက်သားနဲ့ ခရမ်းကဆော့သီး၊ ခရမ်းကြွပ်သီး၊ ပင်စိမ်းအစရှိတဲ့ အသီးအရွက်တွေ ရောနှောချက်ပြုတ်ထားတဲ့ ထိုင်းစတိုင်လ်အစိမ်းရောင်ဟင်း၊ ငွေနားမှိုအကြွပ်
ကြော်ဟင်းလျာတွေကို ရန်ကုန်မြို့၊ အလုံလမ်းက လွှတ်တော်အနီးမှာ ဖွင့်လှစ်ထားတဲ့ Jasper House စားသောက်ဆိုင်က ရွေးချယ်လာခဲ့တာ ဖြစ်ပါတယ်။


 
မှိုတစ်နေလှန်းကြော်
    မှိုတစ်နေလှန်းကြော်လို့ Jasper House ကအမည်ပေးထားတဲ့ ထိုင်းစတိုင်လ် မှိုအကြွပ်ကြော်ပွဲလေးကို ပထမဆုံးတင်ဆက်ချင်ပါတယ်။ တစ်နေလှန်းကြော်လို့တင်စားထားပေမဲ့ နေလှန်းထားတာမဟုတ်ဘဲ ကြွပ်နေအောင်သာ ကြော်ထားတဲ့ Deep Fried Mushroom ပွဲလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ငွေနားမှို              - ၁၅ ကျပ်သား
နှမ်း                   - ဟင်းခပ်ဇွန်း ၁ ဇွန်းခန့်
တန်ပူရာမှုန့်         - သင့်ရုံ (ခပ်ဖွဖွနယ်ရန်)
ဟင်းခပ်မှုန့်          - သင့်ရုံ
သကြား              - သင့်ရုံ
နှမ်းဆီ                - အနည်းငယ်
ပဲငံပြာရည်           - အနည်းငယ်

ပြင်ဆင်နည်း

    မှိုကို အမျှင်လေးများဖြစ်အောင်လှီးပြီး ပြုတ်လိုက်ပါတယ်။
    ရေမကျန်အောင် ညှစ်ထုတ်ပြီး ဟင်းခပ်မှုန့်၊ သကြား၊ ပဲငံပြာရည်နယ်ကာ တန်ပူရာမှုန့်နဲ့ ခပ်ဖွဖွလေးနယ်ပါတယ်။
    အဲဒီနောက်ဆီပူမှာ ကြွပ်ရွလာအောင် ကြော်ပေးပြီး ဆယ်ယူဆီစစ်ကာ ချဉ်ငံစပ်ဆော့စ်နဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီ။

 

ဘဲသားလိမ္မော်ဆော့စ်
    လတ်လတ်ဆတ်ဆတ် လိမ္မော်သီးကို အရည်ညှစ်ပြီး ဆော့စ်ချက်ကာ ဘဲသားကြော်နဲ့ တွဲဖက်ထားတဲ့  ဘဲသားလိမ္မော်ဆော့စ် မွှေးမွှေးလေး Fried Duck with Orange Sauce ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ဘဲရင်အုပ်           - ၁ ခြမ်း
ကြက်ဥ               - ၁ လုံး
တန်ပူရာမှုန့်         - သင့်ရုံ
လိမ္မော်သီး           - စိတ်ကြိုက်
ကော်ရည်            - သင့်ရုံ
ဟင်းခပ်မှုန့်          - သင့်ရုံ
ဆား၊ သကြား      - သင့်ရုံ

ပြင်ဆင်နည်း
    ဘဲသားရင်အုပ်တစ်ခြမ်းကို အရသာများနယ်ပြီး နူးအောင်ပေါင်းပေးပါတယ်။ အဲဒီနောက်ကြက်ဥနယ်ကာ ဂျုံမှုန့်ကပ်ကြော်ပေးပြီး အနေတော်အတုံးလေးများ လှီးဖြတ်ကာ လိမ္မော်ဆော့စ်ဆမ်းပြီး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

 

ပုစွန်သီးစုံမရိုးနိစ်
    အရွယ်အလတ်စား ပုစွန်တုပ်လေးတွေကို လတ်လတ်ဆတ်ဆတ် နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ပန်းသီး၊ မရိုးနိစ်တို့နဲ့ ပြင်ဆင်ထားတဲ့ Prawn & Mixed Fruit Salad ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ပုစွန်                  - ၆ ကောင်
နာနတ်သီး           - ၅ တုံး
သေဘာၤသီး         - ၅ တံုး
ဖရဲသီး                - ၅ တံုး
ပန်းသီး               - ၅ တုံး
မရိုးနိစ်               - စိတ်ကြိုက်

ပြင်ဆင်နည်း
    ပထမဆုံး ပုစွန်များကိုအခွံချွတ် ကျောခွဲသန့်စင်ပြီး ပြုတ်လိုက်ပါတယ်။ ပုစွန်ကျက်တဲ့အခါ သစ်သီးများကို အနေတော်အတုံးလေးများလှီးပြီး မရိုးနိစ်နဲ့ ရောနယ်လိုက်ရုံပဲ ဖြစ်ပါတယ်။ ပုစွန်သီးစုံမရိုးနိစ်ပွဲလေးကို ပိုပြီး လှလှပပလေးဖြစ်အောင် ပြင်ဆင်ချင်တယ်ဆိုရင်တော့ သစ်သီးစိတ်လေးများကို စိတ်ကြိုက်ပုံဖော်ပြီး ၀န်းရံလိုက်မယ်ဆို ပြည့်စုံနိုင်ပါပြီ။

 

အစိမ်းရောင်ဟင်းလျာ
     ထိုင်းစတိုင်လ် Green Curry ဖြစ်ပါတယ်။ Green Curry ကို ready-made ရရှိနိုင်ပြီး ကြက်သား(သို့)၀က်သားကို အသုံးပြုချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်သား           - ၁၅၀ ဂရမ် (ပါးပါးလှီး)
ခရမ်းကဆော့သီး  - ၁၀လုံးခန့်
ခရမ်းကြွပ်သီး       - ၅ လုံးခန့် (လေးစိတ်စိတ်)
ရှောက်ရွက်          - အနည်းငယ်
ကချိုင်း               - အနည်းငယ် (ပါးပါးလှီး)
ထိုင်းပင်စိမ်း         - အနည်းငယ်(အရွက်ခြွေထည့်)
ငရုတ်ပွအနီသီး     - အနည်းငယ် (အမျှင်ရှည်လေးများလှီး)
ငံပြာရည်             - သင့်ရုံ
ဟင်းခပ်မှုန့်          - သင့်ရုံ
Green Curry      - သင့်ရုံ
ဆီ                     - စားပွဲဇွန်း ၁ဇွန်း
အုန်းနို့ရည်          - ပန်းကန်လုံးလေး တစ်လုံး

ချက်ပြုတ်နည်း
    ပထမဆုံး အပူပေးထားတဲ့ အိုးတစ်လုံးမှာဆီထည့်ပြီး Green Curry ကို ဆီသတ်ပါတယ်။ အဲဒီနောက် ပါးပါးလှီးထားတဲ့ကြက်သားများကို ရေအနည်းငယ်ထည့်ချက်ပေးပါတယ်။ ဆီပြန်လာတဲ့အခါ အသီးအရွက်များအားလုံးထည့်လိုက်ပြီး အုန်းနို့ရည် ထည့်ချက်ပါတယ်။ ဟင်းအိုးဆူလာတဲ့အခါ အရသာများထည့်ခတ်ပြီး စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် မီးဖိုကချလို့ ခူးခပ်သုံးဆောင်နိုင်ပါပြီ။