ပေါ့ပေါ့ပါးပါး ညနေခင်း စားဖွယ်များ

Photo- LMN

    အလုပ်ပြီးချိန် ညနေခင်းတွေမှာ သူငယ်ချင်းတွေနဲ့ စားဖို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ စားဖို့ပဲဖြစ်ဖြစ် သင့်တော်တဲ့ ပတ်ဝန်းကျင်၊ ခံတွင်းမြိန်စေမယ့် ဟင်းလျာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ပုစွန်ပုလဲပန်း

ပါဝင်ပစ္စည်းများ

ပုဇွန်                         - ၆ကောင် (၁၂ ကျပ်သား)

ကြက်ဥ                     - ၂ လုံး

သီဟိုဠ်စေ့                 - ၄ ကျပ်သား

ပြုလုပ်နည်း အဆင့်ဆင့်
    ပုစွန်ကို ကျောရိုးခွဲသန့်စင်ပြီး ဆီမွှေး၊ ငရုတ်ကောင်း၊ အရသာမှုန့်၊ ကြက်ဥအနှစ်၊ Custard Powder တို့ဖြင့် နယ်ထားပါ။
    သီဟိုဠ်စေ့ကို ရေနွေးဖျောပြီး ကြက်ဥအနှစ်၊ Custard Powder တို့ဖြင့် နယ်ထားပါ။
    သီဟိုဠ်စေ့များကို ပုစွန်ပေါ်လှပစွာ ကပ်ပြီးမီးအေးအေးနှင့်ကြော်ပြီး အနီရောင်သမ်းလာရင်တော့ ပုစွန်ပုလဲပန်းလို့ လှလှပပ အမည်ပေးထားတဲ့ စားဖွယ်ကို ရရှိပါပြီ။

 

ငါးသင်္ဘော

ပါဝင်ပစ္စည်းများ

ကကတစ်                  - ၅၀ ကျပ်သား (တစ်ကောင်)

ဥနီ                           - ၃ ကျပ်သား

မှို                              - ၂ ကျပ်သား

ရွှေပဲသီး                    - ၃ ကျပ်သား

ပန်းဂေါ်ဖီ                  - ၃ ကျပ်သား

ကြက်သွန်နီ               - ၂ ကျပ်သား

ပင်လယ်စာ               - ၇ ကျပ်သား

ခရုဆီ                       - အနည်းငယ်

ငရုတ်ကောင်းမုန့်       - အနည်းငယ်

ဆီမွှေး                      - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
    ကျောရိုးထုတ်ထားတဲ့ ကကတစ်ငါးကို ဆီမွှေး၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ကော်မှုန့် တို့ဖြင့် နယ်ပါ။
    သဘောင်္ဝမ်းဗိုက်ပုံစံမျိုးရရှိရန် ငါးကြော်စဉ်ဟင်းချိုသောက် ကြွေပန်းကန်လုံးကို ငါးဗိုက်ထဲထည့်ပြီး ကြော်ပေးပါ။
    ပုစွန် ၊ ပြည်ကြီးငါး၊ ငါးရှဥ့် စသည့် ပင်လယ်စာများကို အနေတော် လှီးဖြတ်ထားပါ။
    ရွှေပဲသီး၊ မှို၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီများကို အနေတော်လှီးပြီး ရေနွေးဖျောထားပါ။
    ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဆီသတ်ပြီး ပင်လယ်စာများနှင့် ရေနွေးဖျောထားသော အသီးအရွက်များကို ထည့်၍ကြော်ပါ။
    ပြီးလျှင် သင်္ဘောပုံစံ ကြော်ထားသော ငါးဝမ်းဗိုက်ထဲ ပင်လယ်စာနှင့် ဟင်းသီးဟင်းရွက်ကြော်များလောင်းချပြီး နှစ်သက်သလို အလှဆင်ပြီး စားသုံးနိုင်ပါပြီ။

 

ဂျူးဖူးကျော်

 

 

ပါဝင်ပစ္စည်းများ

ဂျူးဖူး                        - ၁ စီး

ကြက်ဥ                     - ၂ လုံး

ငရုတ်ကောင်းမုန့်       - အနည်းငယ်

ဆီမွှေး                      - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
    ဂျူးဖူးကို အရွယ်အစား အနေတော် လှီးဖြတ်ထားပါ။
    ကြေညက်အောင် ခေါက်ထားတဲ့ ကြက်ဥကို ဆီပူပူတွေ မွှေကြော်ထားပါ။
    ကြက်ဥမွှေကြော်ထဲသို့ လှီးဖြတ်ထားသော ဂျူးဖူးများကို ထည့်ပြီး အရသာအတွက် ဆား၊ ကြက်သားမှုန့် သင့်တော်သလိုထည့်ပြီး  ငရုတ်ကောင်းအနည်းငယ် ဖြူးပြီးရင်တော့ မွှေးပျံ့တဲ့ ဂျူးဖူးကြော်ကို ရရှိပါပြီ။

 

ဂုံးယောင်းမသုပ်

ပါဝင်ပစ္စည်းများ

ဂုံးယောင်းမ               - ၂၀ ကျပ်သား

ကြက်သွန်နီ               - ၃ ကျပ်သား

ဥနီ                           - ၃ ကျပ်သား

ငရုတ်သီးစိမ်း             - ၁၀ ကျပ်သား

သံပရာသီး                 - ၁ လုံး

စပါးလင်                   - ၂ ပင်

ပူစီနံ                         - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
    အခွံထုတ်ပြီး ဂုံးယောင်းမများကို ရေနွေးဖျောပါ။
    ကြက်သွန်နီ ၊ စပါးလင်၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်းများကို အနေတော် လှီးထားပါ။
    ရေနွေးဖျောထားတဲ့ ဂုံးယောင်းမများနဲ့ လှီးထားသော အသီးအရွက်များကို ရောနယ်ပြီး စားခါနီးတွင် သံပရာသီးညှစ်ပြီးရင်တော့ မွှေးပျံ့တဲ့ ရနံ့နဲ့ ချဉ်စပ်စပ်အရသာရှိတဲ့ ဂုံးယောင်းမသုပ်ကို ရရှိပါပြီ။
    လှပသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်နဲ့ သွား လာရလွယ်ကူတဲ့ လှိုင်မြို့နယ်၊ ရန်ကုန်အင်းစိန် လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ Yangon Grill & Chill မှ ဟင်းပွဲများကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။