ခံတွင်းမြိန်စေမယ့် ထိုင်းအစားအစာများ

People ပရိသတ်ကြီးအတွက် မေလမှာ တင်ဆက်ပေးချင်တာကတော့ ရှူးရှူးရှဲရှဲ၊ ချဉ်ချဉ်စပ်စပ်၊ ချိုချိုဆိမ့်ဆိမ့်၊ အရသာစုံပြီး ခံတွင်းမြိန်စေမယ့် ထိုင်းအစားအစာများပဲ ဖြစ်ပါတယ်။ ပုံမှန်စားဖူးနေကြ ဟင်းပွဲများနဲ့ မတူဘဲ ထိုင်းနိုင်ငံမှာ နေ့စဉ်စားသုံးကြတဲ့ ဟင်းလျာများ ဖြစ်ပါတယ်။

ကျောင်းမာကျီးကြက်ပေါင်

အရိုးထုတ်ပြီးသား ကြက်ပေါင်      - (၁) ချောင်း
ဆား                                        - အနည်းငယ်
သကြား                                    - အနည်းငယ်
ငရုတ်ကောင်း ဆီမွှေး                 - အနည်းငယ်
ဂျုံမှုန့်                                       -  အနည်းငယ်
ကြက်ဥ                                    - (၁) လုံး
ဆော့                                      - အနည်းငယ်
ကြက်သွန်ဖြူ                            - တစ်လုံး
ငရုတ်သီးစိမ်း                            - အနည်းငယ်
နံနံပင်                                     - အနည်းငယ်
သံပုရာသီး                               - (၁) လုံး
ရှာလကာရည်                          - (၁)ဇွန်း

အရိုးထုတ်ထားတဲ့ ကြက်ပေါင် တစ်ချောင်းကို ဆား၊ သကြား၊ ငရုတ်ကောင်းဆီမွှေးများနဲ့ အရသာဝင်သွားအောင် နယ်ပါ။ ဂျုံ ၊ ကြက်ဥအကာများကပ်ပြီး ဆီပူပူထဲမှာ ကြွပ်လာအောင် ကြော်ပါ။

ကြက်သားများ ကြွပ်လာပြီဆိုရင် ဆယ်ယူပြီး နှစ်သက်ရာ အရွယ်အစားအတိုင်း အနေတော်တုံးပါ။ ပါးပါးလှီးပြီးသား ဂေါ်ဖီထုပ်များ ဖြန့်ခင်းထားတဲ့ ပန်းကန်ထဲမှာ တုံးပြီးသား ကြက်သားများကို လှပအောင်စီထည့်ပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ နံနံပင်များကို ဆတူထည့်ပြီး နုပ်နုပ်စင်းထားပါ။ ဆော့၊ သကြား၊ ရေသန့်၊ သံပုရာရည်၊ ရှာလကာရည်များကို ဆတူရောစပ်ပြီး နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်များနဲ့ သမအောင်မွှေပြီး  ကြက်သားပေါ် လောင်းချပေးပါ။ ကျောင်းမာကျီး ကြက်ပေါင်လို့ခေါ်တဲ့ ထိုင်းနယ်စပ်ဒေသရဲ့ နာမည်ကြီးဟင်းလျာကို သင်စတင်မြည်းစမ်းနိုင်ပါပြီ။

ကြက်တုံးမွှေးချဉ်စပ်

ကြက်ပေါင်                  - (၁) ချောင်း
Red Curry                 - အနည်းငယ်
ရှောက်ရွက်                 - အနည်းငယ်
ငရုတ်သီး အနီတောင့်   - အနည်းငယ်
ခရုဆီ                         - (၁) ဇွန်း
သကြား                       - (၁) ဇွန်း
Fish Sauce                - (၁) ဇွန်း
သံပုရာရည်                  - (၁)ဇွန်း
ကော်မှုန့်                      - အနည်းငယ်

ကြက်ပေါင်တစ်ချောင်းကို အရိုးထုတ်ပြီးအနေတော် အတုံးများတုံးပါ။  ခရုဆီ၊ ဆီမွှေး၊ ငရုတ်ကောင်းများနဲ့ အရသာဝင်အောင်နယ်ပြီး ဆီပူနဲ့ကြော်ပါ။ Red Curry အနှစ်ကို ဆီသတ်ပြီး ရှောက်ရွက်၊ ငရုတ်သီး များထည့်ပြီး ရေသန့်အနည်းငယ်ထည့်ကာ ဆူအောင်တည်ပါ။ ဆူလာလျှင် ကြော်ထားတဲ့ ကြက်သားတုန်းများထည့်ပြီး ကော်ရည်နည်းနည်းထည့်ပြီး အိုးပေါ်မှချကာ စားခါနီး သံပုရာရည်လေး ဆမ်းပေးနိုင်ပါတယ်။

 

ငါးခူဟင်း

ငါးခူ                       - (၂၅ ) ကျပ်သား
Red Curry             - အနည်းငယ်
ငရုတ်သီးစိမ်း           - (၃) တောင့်
အသင့်စား အုန်းနို့     - (၁) ဘူး
Fish Sauce           - ဇွန်းဝက်
ခရုဆီ                    - ဇွန်းဝက်
သကြား                 - ဇွန်းဝက်
ထန်းလျက်             - (၁) လုံး
ကဖောင်ရွက်          - (၁) စီး

ငါးခူကိုဆီပူထိုးပါ။ ပြီးလျှင် Red curry  ကို ဆီသတ်ပြီး ခြမ်းထားတဲ့ ငရုတ်သီးစိမ်းများနဲ့ ထန်းလျက်တစ်လုံး၊ အုန်းနို့၊ Fish Sauce ၊ သကြား၊ခရုဆီများထည့်ပြီး အနှစ်ရအောင် ချက်ပါ။ ဆီပူထိုးထားတဲ့ ငါးခူများထည့်ပြီး အချိန်အနည်းငယ် ထားပါ။ နှစ်သက်ရာ အနေအထားမှာ မီးပေါ်ကချပြီး ပါးကန်ထဲမှာ လှပစွာထည့်ပါ။ ကဖောင်ရွက်ကို ဆီအနည်းငယ်နဲ့ ကြွတ်နေအောင်ကြော်ပြီး ဟင်းပွဲပေါ်မှာအုပ်ပြီးပြီ ဆိုရင်တော့ ချိုစပ်စပ်အရသာနဲ့ ငါးခူဟင်းကို ရရှိပါပြီ။

လယ်သမားဟင်းချို

ငါးခူ              - (၂၅) ကျပ်သား
Red Curry    - ဇွန်းဝက်
Fish Sauce   - (၁) ဇွန်း
သကြား          - (၁) ဇွန်း
ကဖောင်ရွက်   - (၁) စီး
ငရုတ်သီး        - (၃) တောင့်
Baby Corn    - အနည်းငယ်
ကဆော့သီး     - အနည်းငယ်
ပဲတောင့်ရှည်   - အနည်းငယ်
ဖရုံသီး            - အနည်းငယ်

ဟင်းချိုတစ်အိုးစာ ရေသန့်ထဲကို Red Curry ၊ Fish Sauce ၊ သကြား များထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင် အနေတော် လှီးဖြတ်ထားသော  ပြောင်းဖူး၊ ပဲတောင့်ရှည်၊ ဖရုံသီးများနဲ့ ကဆော့သီးများကို ထည့်ပါ။ သန့်စင်ပြီး ငါးခူများကို အနေတော်တုံးပြီး ထည့်ပါ။ ခြမ်းထားတဲ့ ငရုတ်သီးစိမ်းများကို ထည့်ပါ။ ဟင်းအိုးဆူပြီး ချခါနီးလျှင် ကဖောင်ရွက်လေးများ အုပ်ပေးပါ။ နှစ်သက်ပါက နံနံပင်လည်း ထပ်မံအုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံ
မှာ လူကြိုက်များတဲ့ လယ်သမားဟင်းချို ဖြစ်ပါတယ်။

ဖရုံသီးပေါင်း

ဖရုံသီး အရွယ်တော်    - (၁)လုံး
ထန်းလျက်                - (၁၅၀) ဂရမ်
အုန်းနို့                      - (၁၂၅) ဂရမ်
ကြက်ဥ                     - (၃)လုံး
ဘဲဥ အနှစ်                - (၁)လုံး
ဆား                         - အနည်းငယ်

ဖရုံသီးကို ထိပ်မှအညှာဖြတ်ပြီး အစာများ ထုတ်ပါ။ အုန်းနို့ကို ထန်းလျက်နဲ့ ရောပြီးကျိုပါ။
ကြက်ဥများနဲ့ ဘဲဥအနှစ်များကို ရောပြီး ကြေညက်သွားအောင်ခေါက်ကာ ကျိုထားတဲ့ အုန်းနို့များနဲ့ ရောစပ်ပါ။ ဆားအနည်းငယ် ထည့်နိုင်ပါတယ်။ ပြီးလျှင် ဖရုံသီးထဲလောင်းထည့်ပြီး ဖရုံသီးများ နူးအိသွားအောင် (၄၅) မိနစ်ခန့် ပေါင်းပေးပါ။ ထန်းလျက်နံ့မွှေးမွှေး၊ ချိုချိုစိမ့်စိမ့်နဲ့ ထိုင်းနိုင်ငံက ရိုးရာ အချိုပွဲ ဖရုံသီးပေါင်းကို ရရှိပါပြီ။