ပူနွေးတဲ့ မိုးရာသီစာ

ဇူလိုင်လ။ မိုးကလေး တစွေစွေနဲ့ ချမ်းချမ်းအေးအေး ပူနွေးတဲ့မိုးရာသီစာ...
ဇူလိုင်လ။ မိုးကလေး တစွေစွေနဲ့ ချမ်းချမ်းအေးအေးရှိတဲ့ မိုးရာသီမှာ People ရဲ့ စာဖတ်ပရိသတ်တွေအတွက် Eating In Style ကဏ္ဍမှ တစ်ဆင့်ပူပူနွေးနွေး စားသောက်လို့ရမယ့် ဟင်းရည်အခြေခံ အစားအစာများကို တင်ဆက်ပေးချင်ပါတယ်။ ချမ်းအေးတဲ့ ရာသီဥတုမှာ နွေးထွေးတဲ့ အစာအိမ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း YKKO  က ဟင်းပွဲတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပင်လယ်စာကြေးအိုး

ပါဝင်ပစ္စည်းများ

ငါးအသားလွှာ      - ၀.ဝ၅ ကျပ်သား
ပြည်ကြီးငါး         - ဝ.ဝ၂ ကျပ်သား
ဂဏန်းလက်မ      - ၁ ချောင်း
ပုဇွန်                  - ၄ ကောင်
ဂဏန်းသား         - ၁.၅ ကျပ်သား
ငုံးဥ                   - ၂ လုံး
ငါးဖယ်               - ၂ လုံး
ပဲပြား                 - ၁ စိတ်
ကြာဇံ                 - ဝ.ဝ၈ ကျပ်သား
မုန်ညင်းရွက်        - အနည်းငယ်
ကွိဆိုင်               - အနည်းငယ်
ဆား                  - အနည်းငယ်
သကြား              - အနည်းငယ်
ကြက်သွန်ဖြူ        - အနည်းငယ်
ကြက်သားမှုန့်       - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
ပထမဦးစွာ ကြက်ရိုးကို ပြုတ်ထားရပါမယ်။  ကြက်ရိုးပြုတ်ရည်ရပြီဆိုရင် အရိုးကို ဇကာနှင့်စစ်၍ ကြက်ပြုတ်ရည်ကို ယူရပါမယ်။

ကြက်ပြုတ်ရည်ကို ဆား၊ ကြက်သားမှုန့်နှင့် သမအောင်စပ်ပြီး  ကြက်သွန်ဖြူ အနည်းငယ်ကို ဓားပြားရိုက်ပြီး ထည့်ထားပါ။  ကြေးအိုးပြုတ်မယ့် အိုးထဲကို  ကြက်ပြုတ်ရည် ယောက်ချိုဇွန်းတစ်ဇွန်းခွဲပမာဏခန့်ထည့်ကာ  မီးဖိုပေါ်တင်ပြီး အဆင်သင့်ပြုလုပ်ထားသော ပင်လယ်စာ၊ ပုစွန်၊ ငါးအသားလွှာ၊ ပြည်ကြီးငါး၊ ဂဏန်းလက်မတို့ကို ထည့်ပါ။

ဟင်းရည်ဆူပြီး ပွက်လာတဲ့အခါ  ပြုတ်ရည်ကို သွန်ပစ်ပြီး နောက်ထပ်ကြက်ပြုတ်ရည် အသစ်ထပ်ထည့်ပြီး နောက်တစ်ကြိမ် ဆူလာတဲ့အခါ  ငုံးဥ၊ ငါးဖယ်၊ ပဲပြား၊ ကြာဇံ၊ သကြားတို့ကို ထည့်ပါ။  ပြီးလျှင်  မုန်ညင်းရွက်၊ ကွိဆိုင်တို့ထည့်၍ မွှေပေးပြီး ကြာဇံနူးသည့် အနေအထားရောက်လျှင် မီးဖိုပေါ်မှချ၍ ပန်းကန်ထဲထည့်ပြီး အပေါ်ယံမှာ ဂဏန်းသားများထည့်ပြီး လှပအောင် ပြင်ဆင်ပါ။ လတ်ဆတ်တဲ့ ပင်လယ်စာများရဲ့ ချိုမြတဲ့အရသာနဲ့ ပူပူနွေးနွေးကြေးအိုးကို ရရှိပါပြီ။

ဝက်အာပူလျာပူ

ပါဝင်ပစ္စည်းများ

လျှာ( ပြုတ်ပြီး)      - ၁.၅ ကျပ်သား
နှလုံး(ပြုတ်ပြီး)      - ၁.၅ ကျပ်သား
ညှပ်ခေါက်ဆွဲ       - ၅ ကျပ်သား
ငရုတ်သီးစိမ်း       - အနည်းငယ်
ဆား                  - အနည်းငယ်
သကြား              - အနည်းငယ်
ကြက်သွန်မိတ်      - အနည်းငယ်
ငရုတ်ကောင်း       - ကြွေဇွန်း ၁ ဇွန်း
ဝက်ဆီဖတ်          - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
ပထမဦးစွာ လျှာ၊ နှလုံးကို သကြား၊ ဆားတို့နဲ့  ပြုတ်ထားရပါမယ်။ လျှာ၊ နှလုံးကျက်လျှင် အနေတော် အရွယ်အစားအတုံးများ  လှီးထားပါ။

ဟင်းရည်အတွက် ဝက်ရိုး၊ ကြက်ရိုးကို ပြုတ်ထားရပါမယ်။ အရိုးမှ အရသာရည် ထွက်ပြီဆိုတာနဲ့  ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆက်လက်ပြုတ်ထားပါ။ ဟင်းရည်ဆူပွက်ပြီး ခဏအကြာမှာ မီးဖိုပေါ်မှချပြီး ဇကာနဲ့ အရိုး၊ ငရုတ်သီးစိမ်းဖက်၊ ငရုတ်ကောင်းမှုန့်ဖက်တို့ကို စစ်ထားပါ။ စစ်ပြီးဟင်းရည်ကို အရသာအတွက် ဆား၊ သကြား တို့နဲ့ သမအောင် စပ်ထားရပါမယ်။ အာပူလျှာပူ တစ်ပွဲစာပြုလုပ်မယ်ဆိုရင် စပ်ပြီးသားဟင်းရည်ကို ပန်းကန်တစ်လုံးစာ အိုးထဲထည့်ကာ မီးဖိုပေါ်တင်ပြီး အဆင်သင့် ပြုလုပ်ထားသော လျှာ၊ နှလုံးတို့ထည့်ကာ ဆူအောင်တည်ပြီး  ညှပ်ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲသို့ လောင်းထည့်ရပါမယ်။ အပေါ်မှ  ကြက်သွန်မိတ်၊ ဝက်ဆီဖတ်ထည့်ပြီး ငရုတ်သီးစိမ်းနဲ့ငရုတ်ကောင်း အရသာကြောင့် ပူစပ်ပြီး အခိုးပွင့်သွားစေမယ့် အာပူလျှာပူကို သုံးဆောင်နိုင်ပါပြီ။

ကြက်ခြေထောက်စွပ်ပြုတ်

ပါဝင်သောပစ္စည်းများ

ကြက်ခြေထောက်        - ၄ ချောင်း
သံပုရာ                     - ၁ စိတ်
ငရုတ်သီးစိမ်း             - အနည်းငယ်
ကြက်သွန်မိတ်            - အနည်းငယ်
စပါးလင်                   - အနည်းငယ်
ဆား                        - အနည်းငယ်
သကြား                    - အနည်းငယ်
ကြက်သွန်ဖြူ              - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
ပထမဦးစွာ ကြက်ခြေထောက်ကို ဆေးကြောသန့်စင်ပြီး ကြက်ခြေထောက်အရွယ်အစားပေါ် မူတည်၍ ရေထည့်ပြီး ကြက်ခြေထောက်၊ ဆား၊ သကြား၊ စပါးလင်၊ ကြက်သွန်ဖြူများ ထည့်၍ ကြက်ခြေထောက် နူးသွားတဲ့အထိ ပြုတ်ထားပါ။

တစ်ဆက်တည်း ကြက်ရိုးကို ပြုတ်ထားရပါမယ်။ ကြက်ရိုးပြုတ်ရည်ရပြီဆိုရင် အရိုးကိုဇကာနှင့်စစ်၍ ကြက်ပြုတ်ရည်ကို ယူရပါမယ်။ ကြက်ပြုတ်ရည်ကို ဆား၊ ကြက်သားမှုန့်နှင့် သမအောင် စပ်ထားရပါမယ်။

ကြက်ပြုတ်ရည်၊ ကြက်ခြေထောက်များကို  အိုးထဲထည့်ကာ ဆူပွက်အောင်တည်ပြီး မီးဖိုပေါ်မှချ၍ ပန်းကန်ထဲသို့ထည့်ပါ။  ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ကြက်သွန်မိတ်တို့ကို နှစ်သက်သလိုထည့်ပြီး ပူနွေးမွှေးပျံ့တဲ့ ကြက်ခြေထောက်စွပ်ပြုတ်ကို  သုံးဆောင်နိုင်ပါပြီ။

သုံးမျိုးစပ်

ပါဝင်သောပစ္စည်းများ

ငါးဖယ်လုံး          - ၅ လုံး
ဝက်သားလုံး        - ၅ လုံး
ဖက်ထုပ်             - ၃ ရွက်
ကြာဇံ                 - ၂ ကျပ်သား
ကြက်သွန်မိတ်      - အနည်းငယ်
သကြား              - အနည်းငယ်
ဆား                  - အနည်းငယ်
ကြက်သားမှုန့်       - အနည်းငယ်
ကြက်ပြုတ်ရည်     - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
ပထမဦးစွာ ကြက်ရိုးကို ပြုတ်ထားရပါမယ်။  ကြက်ရိုးပြုတ်ရည်ရပြီဆိုရင် အရိုးကို ဇကာနှင့်စစ်ပြီး  ဆား၊ ကြက်သားမှုန့်နှင့်သမအောင် စပ်ထားရပါမယ်။

သုံးမျိုးစပ်ချက်ပြုတ်ရာတွင် စပ်ထားပြီးသား ကြက်ပြုတ်ရည်ကိုယူ၍ အိုးတွင်ထည့်ပြီး မီးဖိုပေါ်တင်ပါ။ အဆင်သင့်ပြုလုပ်ထားသော ဝက်သားလုံး၊ ငါးဖယ်လုံး၊ ဖက်ထုပ်ရွက် ကြာဇံတို့ကိုထည့်ပါ။ ဟင်းရည်ဆူပွက်ပြီး ကြာဇံနူးတာနဲ့ မီးဖိုပေါ်မှချ၍ ပန်းကန်ထဲသို့ ထည့်ပါ။ အပေါ်ယံမှ ကြက်သွန်မြိတ်ထည့်ပြီး ဖက်ထုပ်တစ်မျိုး၊ ကြာဆံတစ်ဖုံ မတူညီတဲ့ အရသာများကိုခံစားရင်း သုံးဆောင်နိုင်ပါပြီ။