ခပ်မိုက်မိုက် Dinner

ဒီနေ့ည Dinner အတွက် ခပ်မိုက်မိုက် Idea လေးတွေ ပေးလိုက်ပါရစေ..။ 

Novotel Hotel ရဲ့  The Square Restaurant မှာ ရရှိနိုင်မယ့် Dinner Dish တွေပါ။ အကြိုခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Escalivada salad with red tuna

For tuna preparation:
အနီရောင်တူနာငါး    - ၁၀၀ ဂရမ်
ပင်လယ် ရေညှိ        - ၁ ချပ်
ဆား                       - အနည်းငယ်
ငရုတ်ကောင်း          - အနည်းငယ်
တူနာကို ပုံမှာ ပြထားသလို ဆလင်ဒါပုံ လှီးပြီး ရေညှိဖြင့် လိပ်ပေးပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်နဲ့ ကြော်ကာ ခပ်ပါးပါးလှီးပြီး တည်ခင်းမှာဖြစ်ပါတယ်။

For roasted vegetables
အာလူး              - ၂၅ ဂရမ်
ငရုတ်ပွ (အနီ)    - ၂၅ ဂရမ်
ငရုတ်ပွ (အစိမ်း) - ၂၅ ဂရမ်
ကြက်သွန်ဖြူ      - ၅ ဂရမ်
ကြက်သွန်နီ        - ၂၅ ဂရမ်
ဆား                 - အနည်းငယ်
ငရုတ်ကောင်း    - အနည်းငယ်
အာလူးတွေနဲ့ ငရုတ်ပွတွေကို ဆီသတ်ပြီး Oven ထဲမှာ ကင်ရပါမယ်။ ဆန္ဒရှိမယ်ဆိုရင် သံလွင်ဆီကို အသုံးပြုလို့ရပါတယ်။

For red pepper coulis:
ငရုတ်သီး           - ၂၀၀ ဂရမ်
Virgin olive oil  - ၄ ဇွန်း
ကြက်သွန်ဖြူ      - ၁ ဂရမ်
ငရုတ်သီးတွေကို သံလွင်ဆီ အနည်းငယ်နဲ့ ဆီသတ်ပြီး ဆားနဲ့ရေအနည်းငယ် ထပ်ထည့်ရပါမယ်။ ခရင်မ်ဆော့ ပုံစံမျိုးရအောင် ငရုတ်သီးတွေကို ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းတို့နဲ့ရောပြီး ကြိတ်စက်နဲ့ ကြိတ်ပေးရပါမယ်။

For Vinaigrette
သံလွင်ဆီ                    - ၃ ဇွန်း
သံပရာရည်                  - ၁ ဇွန်း
French old mustard   - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(မုန့်ညင်းစေ့အနှစ်)
ပါဝင်ပစ္စည်းအားလုံးကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး သမသွားအောင်မွှေပေးရပါတယ်။ ဆားနဲ့ ငရုတ်ကောင်းကို အရသာအတွက် အသုံးပြုထားပါတယ်။
အားလုံးချက်ပြုတ် ပြီးသွားပြီဆိုရင် နောက်ဆုံးအဆင့်က တည်ခင်းဖို့ပါ။ ပုံမှာ မြင်တွေ့ရသလိုပဲ ပန်းကန်းထဲမှာ အားလုံးကို လှပအောင် ပြင်ဆင်ပြီးရင်တော့ စားသုံးဖို့အသင့်ပါပဲ။

× × × × ×

Carrot, pumpkin & curry  coconut milk cream soup. Goat Cheese baby croquettes

ဥနီ                               - ၁၀၀ ဂရမ်
ဖရုံသီး                          - ၁၀၀ ဂရမ်
ထောပတ်                      - ၅ ဂရမ်
Yellow Curry powder    -  ၅ ဂရမ်
ဟင်းရွက်ပြုတ်ရည်          - ၂၀ စင်တီလီတာ
ကြက်သွန်ဖြူ                  - ၃ ဂရမ်
ကြက်သွန်နီ                   - ၁၅ ဂရမ်
အုန်းနို့                          - ၂၀ စင်တီလီတာ
ဆား                            - အနည်းငယ်
ငရုတ်ကောင်း               - အနည်းငယ်
ကြက်သွန်မြိတ်              - အလှဆင်ရန်

ချက်ပြုတ်နည်း  
ဖရုံသီးနဲ့ ဥနီတွေကို အခွံခွာပြီး လေးထောင့်အတုံးလေးများရအောင် လှီးပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ထောပတ်အနည်းငယ်နဲ့ ဆီသတ်ပြီး ဥနီတွေကို ထည့်ရပါတယ်။ မိနစ်အနည်းငယ်အကြာမှာ ဖရုံသီးတွေကို ထည့်ပြီး Curry powder နဲ့ ရွက်ပြုတ်ရည်တွေထည့်ပြီး ကျက်အောင်ချက်ရပါတယ်။ ဖရုံသီးနဲ့ဥနီတွေ ကျေပြီဆိုရင် အုန်းနို့ထည့်ပြီး နှံ့အောင်မွှေပြီး လက်နဲ့ချေပေးရပါတယ်။ နောက်ဆုံး တည်ခင်းမယ့်အဆင့်မှာ အနည်အဖတ်တွေမပါအောင် ဟင်းအနှစ်ကို ဇကာနဲ့ စစ်ပေးရပါတယ်။ ဒီ Cream Soup ကို  ပူပူနွေးနွေး Cheese Croquette လေးတွေရယ်၊ ဖရုံစေ့လှော်လေးတွေရယ်နဲ့ တွဲစပ်ပေးထားတာကို တွေ့ရပါတယ်။

× × × × ×

Pan seared scallops with truffle and mushroom cake, orange and mango reduction and shaved asparagus and leek salad

ပါဝင်ပစ္စည်းများ
llops U 10 (ကြာယပ်ခုံး)    - သုံးကောင်
သံလွင်ဆီ                         -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လိမ္မော်ရည်                      - ၂၀ စင်တီလီတာ
သရက်သီး အနှစ်               - ၁၀ ဂရမ်
သကြား                            - ၃ ဂရမ်
ဆား                                - အနည်းငယ်
White balsamic vinegar  - ၅ စင်တီလီတာ
ကညွတ်                           - ၃ ပင်
ကြက်သွန်မြိတ်                  - ၁ ပင်

For Vinaigrette
သံလွင်ဆီ                         - သုံးဇွန်း
သံပရာရည်                       - ၁ ဇွန်း
French old mustard        - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(မုန်ညင်းစေ့အနှစ်)
သံလွင်ဆီ၊ သံပရာရည်၊ မုန်ညင်းအနှစ်တို့ကို ရောပြီး သမအောင်မွှေထားရပါတယ်။ အရသာအတွက် ဆားနဲ့ငရုတ်ကောင်း အနည်းငယ် ထည့်ပေးနိုင်ပါတယ်။

For Mushroom cakes
ပေါင်မုန့်စ        - ၃၀ ဂရမ်
ကြက်ဥ            - ၁ လုံး
ဂျုံမှုန့်              - ၃၀ ဂရမ်
အာလူး            - ၁၅၀ ဂရမ်
မှို                    - ၄၀ ဂရမ်
မြေအောင်းမှို    - ၅ ဂရမ်

ချက်ပြုတ်နည်း
အခွံခွာပြီး ပြုတ်ထားတဲ့ အာလူးကို ကြေအောင်ချေပြီး ကြက်သွန်ဖြူ၊  တရုတ်နံနံ၊ ထောပတ်တို့နဲ့ ဆီသတ်ထားတဲ့ မှိုတွေကို ရောပါ။ ပုံမှာမြင်တွေ့ရသလို အနေတော်အလုံးများရအောင်
ပြုလုပ်ပြီး ဂျုံမှုန့်၊ ကြက်ဥ ၊ ပေါင်မုန့်စများ ကပ်ပြီးကြော်ရပါမယ်။

ဆော့စ် အတွက်ဆိုရင်တော့ လိမ္မော်ရည် နဲ့ သရက်သီးအနှစ်တွေကို ရောပြီး သကြားနဲ့  White balsamic vinegar ထည့်ပေးရပါမယ်။ ဆားနဲ့ ငရုတ်ကောင်းကိုတော့ အရသာအတွက် နှစ်သက်သလို ထည့်နိုင်ပါတယ်။

 ကညွတ်ကို ခြစ်ပြီး ရေနွေးဖြောရပါတယ်။ ရေနွေးဖြောထားတဲ့ ကညွတ်တွေကို အစိမ်းရောင်အတိုင်းရှိစေဖို့ ချက်ချင်းဆိုသလို ရေခဲပြန်စိမ်ရပါမယ်။ ကြက်သွန်မြိတ်မှ အဖြူရောင်သန်းနေတဲ့ အပိုင်းကို ခပ်ပါးပါးလှီးပြီး ကညွတ်နဲ့ရောကာ အရွက်သုပ် ပြုလုပ်ပေးထားပါတယ်။

ကြာယပ်ခုံးတွေကို ဆီ၊ ထောပတ်နဲ့ Vinaigrette တို့နဲ့ အိုးထဲမှာကြော်ပြီးရင်တော့ ပုံပါအတိုင်း ပါဝင်ပစ္စည်း အားလုံးကို လှပအောင်ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။ အနံ့နဲ့ အရောင်အဆင်းအတွက် လိမ္မော်မှုန့်လေး ခပ်ပါးပါးလည်း ဖြူးပေးထားတာကိုတွေ့ရပါတယ်။

× × × × ×

Carbonized beef filet, saffron potatoes, broccoli and cauliflower mousseline, blue cheese sauce

ပါဝင်ပစ္စည်းများ
သန့်စင်ပြီး အမဲမိုးခိုသား    - ၁၇၀ ဂရမ်
ပြည်ကြီးငါး မှင်အိတ်         - ၂ အိတ်
ငွေမှုန့် (စားသုံးနိုင်သော)   - ၁ ဂရမ်
ဆား                              - အနည်းငယ်
ငရုတ်ကောင်း                 - အနည်းငယ်

ချက်ပြုတ်နည်း အဆင့်ဆင့်
အသားကို အန်စာတုံးပုံရအောင်လှီးပြီး ဒယ်ပြားထဲမှာ ဆီအနည်းငယ်နဲ့ မျက်နှာပြင်အားလုံးရဲလာအောင်ကြော်ပါတယ်။ ပြီးလျှင် အိုးထဲကထုတ်ပြီး ပြည်ကြီးငါးမှင်ရည်နဲ့ နှံ့အောင်သုတ်ပြီး ခြောက်သွားအောင် မီးမြှိုက်ပေးပါတယ်။ မီးသွေးခဲပုံသဏ္ဍာန်ရအောင် ငွေမှုန့်အနည်းငယ် ဖြူးပေးလိုက်ပါတယ်။ ပြီးပြည့်စုံတဲ့ အရသာအတွက် ဆော့နဲ့ တွဲစပ်ပေးထားပါတယ်။

For Saffron potatoes:
အာလူး ၁၅၀                        - ဂ၇မ်
ကုံကုမံ                                - ၁ ဂရမ်
ဟင်းသီးဟင်းရွက်ပြုတ်ရည်    - ၁၀၀ မီလီ
ထောပတ်                            - ၅ ဂရမ်
ဆား                                   - အနည်းငယ်
ငရုတ်ကောင်း                      - အနည်းငယ်
အာလူးကို ဆလင်ဒါပုံစံ အတုံးများရအောင် လှီးဖြတ်ရပါမယ်။ အိုးကိုထောပတ်အနည်းငယ်ထည့်ကာ အပူပေးပြီး ကုံကုမံ ၊ ပြုတ်ရည်တို့ထည့်ပြီး အာလူးတွေ ကျက်သွားတဲ့အထိ ထားရပါမယ်။ စားခါနီးမှာ ထောပတ်နဲ့ ပြန်အပူပေးရပါမယ်။

For Blue cheese sauce:
ကြက်သွန်ဖြူ            - ၂ ဂရမ်
ကြက်သွန်နီ             - ၇ ဂရမ်
ဝိုင်ဖြူ                     - ၂၀ စင်တီလီတာ
Cooking cream      - ၂၀ စင်တီလီတာ
Blue cheese          - ၁၀ ဂရမ်
ဆား                       - အနည်းငယ်
ငရုတ်ကောင်း          - အနည်းငယ်
တရုတ်နံနံ               - ၃ ဂရမ်
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ထောပတ်နဲ့ ဆီသတ်ပါ။ ပြီးနောက် ၀ိုင်ဖြူကိုထည့်ပြီး ခမ်းသွားတဲ့အထိ ထားပြီး Cooking cream ၊ Blue cheese  တို့ထည့်ပြီး ပျော်သွားတဲ့အခါ ဆားနဲ့ငရုတ်ကောင်းကို အရသာအတွက် ထည့်ပေးပါတယ်။  စားခါနီးမှာ နုတ်နုတ်စဉ်းထားတဲ့ တရုတ်နံနံကို အပေါ်က ဖြူးပေးနိုင်ပါတယ်။

For broccoli and cauliflower mousseline
ဘရိုကိုလီ                 - ၂၀ ဂရမ်
ပန်းဂေါ်ဖီ                 - ၂၀ ဂရမ်
ကြက်သွန်နီ               - ၅ ဂရမ်
ကြက်သွန်ဖြူ             - ၁ ဂရမ်
နို့                             - ၂၀ စင်တီလီတာ
ထောပတ်                  - ၅ ဂရမ်
Virgin olive oil          - စင်တီလီတာ
Parmesan cheese   - ၅ ဂရမ်
ဆား                         - အနည်းငယ်
ငရုတ်ကောင်း            - အနည်းငယ်
လှီးဖြတ်ထားတဲ့ ဘရိုကိုလီနဲ့ ပန်းဂေါ်ဖီတွေကိုပြုတ်ပြီး လတ်လတ်ဆတ်ဆတ် အနေအထားမျိုးဖြစ်အောင် ရေခဲထဲမှာ ထည့်သွင်းထားပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ဆီသတ်ပြီး အားလုံး ကို နို့အနည်းငယ်ရောပြီး ကြိတ်စက်နဲ့ ကြိတ်ပေးရပါမယ်။ ကြိတ်နေစဉ် အတွင်းမှာ သံလွင်ဆီကိုလည်း နည်းနည်းချင်းစီ ထည့်ပေးပြီး အရသာအတွက်ဆားနဲ့ ငရုတ်ကောင်းကို အသုံးပြုပါတယ်။ နောက်ဆုံးမှာ ခြစ်ထားတဲ့ Parmesan cheese ကို အပေါ်က ဖြူးပေးပါတယ်။