ချစ်သူနဲ့အတူ ကစားရမယ့် ယောဂ

Model - Colby Zing Hang, Thin Thin Soe
Photo - LMN

    ယောဂလေ့ကျင့်ခန်းရပ်တွေ များစွာရှိတဲ့အနက် ဖေဖော်ဝါရီလလေးမှာ အမှတ်တရအနေနဲ့ ဖော်ပြပေးချင်တာကတော့ Partner Yoga ကျင့်စဉ်ဖြစ်ပါတယ်။ Partner Yoga ဆိုတာဟာ အမျိုးသား၊ အမျိုးသမီး စုံတွဲလေ့ကျင့်ရတဲ့ ယောဂအမျိုးအစားတွေထဲက တစ်ခုလို့သိရပါတယ်။
    Partner Yoga ကို လေ့ကျင့်နိုင်ဖို့အတွက် General Yoga Pose တွေကို တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဒီကျင့်စဉ်တွေကိုကစားရာမှာ အမျိုးသားဟာ Supporting ပိုင်းက နေရသူဖြစ်ပြီး အမျိုးသမီးကတော့ Pose ကို အဓိကအလှဖော်သူဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတစွာနဲ့ နားလည်မှုရှိရှိကစားမှသာ အောင်မြင်တဲ့ကျင့်စဉ်ဖြစ်တာကြောင့် ချစ်သူစုံတွဲတွေ အိမ်ထောင်ရှင်တွေကြားမှာ စိတ်ရောကိုယ်ပါ အပြန်အလှန် နားလည်ဆက်သွယ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီး နှစ်ယောက်အတူရှိနေချိန်တွေကို ပိုမိုအဓိပ္ပါယ်ရှိလာစေနိုင်မှာဖြစ်ပါတယ်။
    ဒီကျင့်စဉ်လေးအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကတော့... ဦးစွာ ပထမသွေးပူ လေ့ကျင့်ခန်းပြုလုပ်ပြီး အကြောလျှော့ရပါမယ်။ ပုံမှန် ယောဂကျင့်စဉ်တွေလိုပဲ ကစားချိန်နဲ့ကပ်ပြီး အစာမစားရပါ။ အမျိုးသမီးတွေ ဓမ္မတာလာနေစဉ်မှာ လုံးဝမကစားသင့်ပါ။ နှစ်ဦးစလုံးဟာ ယောဂကျင့်စဉ်တွေကို ကျွမ်းကျင်မှုရှိပြီး ကျန်းမာကြံ့ခိုင်မှု ရှိရပါမယ်။ အရေးအကြီးဆုံးအဓိက အချက်ကတော့ မည်သည့်လေ့ကျင့်ခန်းရပ်ကိုမဆို ကျွမ်းကျင်ဆရာ များနဲ့ သေချာစွာသင်ယူပြီးမှ လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

၁)    အမျိုးသမီးက မြွေဟောက်ပုံစံနေပြီး အမျိုးသားက Balance ထိန်းပေးထားတဲ့ Pose ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုအနေနဲ့ အမျိုးသမီးမှာ ခါးနာ၊ ကျောနာခြင်းကင်းစေသလို ခြေထောက်ပိုင်း ကနေ နှလုံးဆီကို သွေးရောက်စေပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်။ အမျိုးသားဟာ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်ကြောင့် ကြမ်းပြင်နဲ့ ထိကပ်ထားတဲ့ကျောပြင်ကို နှိပ်ပေးရာရောက် သလို ပေါင်နဲ့လက်မောင်းကြွက်သားတွေကို သန်မာစေပါတယ်။

၂)    နံပါတ် ၁ ပုံစံလိုပဲ အမျိုးသားက ထောက်ပံ့ပေးထားပါတယ်။ အမျိုးသမီးအတွက် ခါးနာ၊ ဇက်ကြောတက်ရောဂါတွေကို ကာကွယ်ပေးနိုင်သလို အစာချေဖျက်အားကိုကောင်းစေပြီး ၀မ်းချုပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

၃)    ဒီကျင့်စဉ်ကတော့ လေယာဉ်ပျံပုံစံလေးပါ။ Body Balance ထိန်းပေးနိုင်သလို Posture မမှန်တာတွေကိုလည်း တည့်မတ်ပေးနိုင်ပါတယ်။

၎)    အမျိုးသမီးက နှံကောင်ပုံစံ၊ အမျိုးသမီးက ထိုင်ခုံပုံစံ ဖြစ်ပါတယ်။ အမျိုးသမီးအနေနဲ့ ကျောရိုးပိုင်းဆိုင်ရာရောဂါတွေကို သက်သာစေပြီး ပခုံးနဲ့ဇက်ကြောများကို ဖြေလျော့ပေးပါတယ်။ အမျိုးသားကတော့ အဆစ်နာခြင်းကို ပြေလျော့စေပြီး ပေါင်ကြွက်သားများကို သန်မာစေနိုင်ပါတယ်။

၅)    အမျိုးသားရဲ့ လက်ဖ၀ါးပေါ်မှာ ခြေကိုထိန်းထားပြီး ဆုတောင်းတဲ့ပုံစံပါ။ အမျိုးသားရဲ့လက်ကောက်ဝတ်နဲ့ တံတောင်ကို ဖိအားပေးထားတဲ့အတွက် အရိုးအဆစ်သန်မာစေတဲ့အပြင် Advanced Yoga ကျင့်နိုင်ဖို့ အထောက်အကူအများကြီး ပြုပါတယ်။ နှစ်ဦးစလုံးရဲ့ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

၆)    အမျိုးသမီးက နေမင်းဂါရ၀ပြုနေပုံနဲ့ အမျိုးသားက အမျိုးသမီးရဲ့ကျောပြင်ကို ခြေချောင်းလေးတွေကုတ်ထားပြီး နှိပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ အမျိုးသမီးရဲ့ အဆုတ်နဲ့နှလုံးကို အားကောင်းစေပါတယ်။ ပခုံးနဲ့ လက်ပြင်ကို ဖြေလျော့ပေးပါတယ်။

၇)    အမျိုးသမီးက သစ်ပင်ပုံစံနဲ့ အမျိုးသားက ထိုင်ခုံပုံစံပေါင်းစပ်ထားတဲ့ Pose ဖြစ်ပါတယ်။ အမျိုးသမီးက ခန္ဓာကိုယ်တစ်ခုလုံးကို ကိုင်းချပြီး မျှခြေထိန်းရတဲ့အတွက်၊ ခါးကိုဘေးစောင်းပြီး ဖိအားပေးရတဲ့အတွက် ခါးတစ်ဝိုက်ကအဆီတွေကိုကျစေပြီး အစာချေအားကောင်းစေပါတယ်။ အမျိုးသားအတွက် ရလဒ်ကတော့ နံပါတ် ၄ ကျင့်စဉ်နဲ့ အတူတူပဲဖြစ်ပါတယ်။