မင်္ဂလာဆောင်နဲ့ သတို့သား၊ သတို့သမီး ကျန်းမာရေး / ကြံ့ခိုင်ရေး

တစ်သက်မှာ တစ်ခါဆောင်တဲ့ မင်္ဂလာမို့ ထူးထူးခြားခြား အမှတ်တရတွေများလှပါတယ်။ ပျော်တာရော၊ ပင်ပန်းတာရော နှစ်မျိုးပေါင်းတဲ့ ခံစားမှုတွေနဲ့ အချိန်ပါရှင်။

စီစဉ်ရတာတွေ၊ ညှိနှိုင်းရတာတွေ၊ ပြင်ဆင်ရတာတွေက မှတ်စုစာအုပ်တစ်အုပ်စာမို့လို့ စိတ်ပင်ပန်း၊ လူပင်ပန်းရတဲ့ အချိန်အခါပါဘဲ။

မမိုးတွေ့ဖူးသမျှတော့ သတို့သမီးတွေ ပိုပြီး ပင်ပန်းကြရပါတယ်။ အပင်ပန်းလည်း တော်တော်ခံကြတယ်။

နှစ်ပွဲကို တစ်ရက်ထဲဆို ပိုတောင်ပင်ပန်းကြရပါတယ်။  

လုပ်ငန်းခွင်ထဲက ခွင့်ရက်နည်းတဲ့စုံတွဲတွေ သူတို့မင်္ဂလာအခမ်းအနားကို အရှိန်တင်အားထည့် ပြီး စီစဉ်ရတဲ့အခါ၊ ပွဲလည်းပြီးရော ခြေကုန်လက်ပန်းကျဖြစ်ကုန်ရော...

ဒါကြောင့် မင်္ဂလာမောင်နှံတွေ မင်္ဂလာမ ဆောင်ခင် Body and Mind Fitness အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

အဲဒီတော့ မင်္ဂလာဆောင်တော့မယ်ဆိုရင် ရသမျှ စောစောကြိုတင်အချိန်ယူပြီး ဖြည်းဖြည်းချင်းပြင်ဆင်ထားဖို့ အကြံလေးပေးချင်ပါတယ်။

လေ့ကျင့်ခန်း (Exercise)

ဝိတ်ချချင်တဲ့ မောင်မယ်တွေ၊ စနစ်တကျ ၀ိတ်ချနည်းကို သုံးသင့်ပါတယ်။ အစားလျှော့လွန်းတာ၊ လေ့ကျင့်ခန်းတွေ လိုတာထက် ပိုတာတွေကလည်း အားနည်းပြီး ခံနိုင်ရည်မရှိဖြစ်နိုင်ပါတယ်။

မင်္ဂလာဆောင်မှာ မျက်တွင်းတွေချောင်ပြီး မျက်လုံးတွေအားမရှိ ဖြစ်တတ်ပါတယ်။

မင်္ဂလာပွဲကျမှ မူးလဲလို့ သတို့သားနဲ့ မိဘတွေကပဲ ဆက်ဧည့်ခံရတဲ့ပွဲလည်း ကြုံဖူးပါတယ်။

ကျန်းမာရေး (Health) 

အိပ်ရေးတွေပျက်၊ စားသောက်ချိန်မမှန်၊ အာဟာရမမှန်တော့ လူက အားနည်းနေချိန်မှာ၊ အားဆေးလည်းမသောက်၊ ဆေးလည်းမချိတ်ဘဲ ပေတေနေရင်း၊ အရမ်းကျပ်ကျပ်ဝတ်ရတဲ့ မြန်မာ သတို့သမီးဝတ်စုံက မူးမော်စေပါတယ်။ Outdoor မင်္ဂလာဆောင်ဆို Aircon လည်းမရှိ၊ ရာသီဥတုကလည်း ပူတဲ့အချိန်ဆို မူးကြတာပါပဲ။ ဒါကြောင့် သတို့သမီးတွေ ဆင်ခြင်သင့်ပါတယ်။

တချို့သတို့သမီးတွေက သူတို့မင်္ဂလာဝတ်စုံကို သူ့လက်နဲ့သူ ချုပ်ချင်လုပ်ချင်ကြပါတယ်။ ပွဲနီးမှ ညလုံးပေါက် စီးကွင့်တွေထိုးပြီး အိပ်ရေးတွေပျက်ပြီး ပွဲထွက်မှမူးလဲတဲ့ သတို့သမီးလည်း ကြုံဖူးပါတယ်။ 

သတို့သမီးတွေကို စိတ်လျှော့သင့်တာတွေ လျှော့ဖို့ အကြံပေးချင်ပါတယ်။ တော်ရုံတန်ရုံကတော့ပဲ ဒီဇိုင်နာတွေသာ အားကိုးလိုက်ပါလို့။

အစားအသောက် (Food)

အာဟာရမှန်ပြီး ပြည့်ဝမှ အသားအရေ စိုပြေလှပမှာဖြစ်လို့ လက်ဆတ်တဲ့ သစ်သီးဖျော်ရည် စတာတွေကို မှန်မှန်လေးသောက်သုံးပြီး ရက် (၃၀) အကြိုထဲက ကြိုတင်ပြင်ဆင်သင့်ပါတယ်။

(30 days to a new you) ပေါ့။ သတို့သား၊ သတို့သမီးဆိုတာ မင်္ဂလာပွဲရဲ့ အဓိကပုဂ္ဂိုလ်တွေ၊ အားလုံးက သူတို့ကိုကြည့်ဖို့ လာကြတာလေ။ မွဲခြောက်ခြောက်ဖြစ်နေတာထက် စိုစိုပြေပြေရှိနေတာက ပိုကောင်းပါတယ်။

အသားအရေ (Skin) 

Skin Care ကို Course နဲ့ လုပ်ပေးပါ။  ကိုယ်တိုင်လုပ်နိုင်ရင် လုပ်ပေးပါ။ မလုပ်နိုင်ရင် Spa တွေနဲ့ချိတ်ဆက်ပြီး အပတ်စဉ်မှန်မှန်လုပ်ပေးပါ။

Spa တွေမှာ Wedding Package Skin Care Program တွေရှိပါတယ်။ မမိုးတို့ မိဘတွေ ငယ်ငယ်တုန်းကတော့ ဒါတွေ မလိုအပ်ကြဘူး။ ရှိလည်း မရှိခဲ့ဘူးတဲ့။ ခုခေတ်ကတော့ မင်္ဂလာပွဲတွေက ကြီးလည်းကြီး၊ များလည်းများ၊ တချို့ဆို လေးပွဲလောက်လုပ်ကြတာလေ။ နောက်ပြီး Pre Wedding Photo တွေ၊ Video တွေ MTV တွေကလည်း ရိုက်ရတော့ Outdoor တွေ ထွက်ရိုက်ရတယ်။ နေပူထဲ၊ လေတိုက်၊ ခရီးတွေထွက်ပြီး လှတဲ့နေရာတွေ စွန့်စွန့်စားစားရိုက်ရတာတွေရော ရှိလာပြီလေ။ Skin တွေကို ဂရုစိုက်ဖို့ လိုလာပါပြီ။

ယုံကြည်မှု (Confidence)

မင်္ဂလာပွဲဆင်နွှဲဖို့ အဆင်သင့်ပြင်ရာမှာ စိုး ရိမ်စရာမရှိအောင် အစီအစဉ်ကျနေဖို့ လိုပါတယ်။ တချို့မင်္ဂလာပွဲတွေက စုံတွဲကိုယ်တိုင် လုပ်ရမယ့် Presentation Performance တွေ များတယ်လေ။ ဒါကြောင့် ကြိုတင်လေ့ကျင်ပြင်ဆင်သင့်ပါတယ်။

တချို့စုံတွဲတွေဆို လမ်းလျှောက်တာကို ရက်တို နာရီပိုင်းသင်တန်းလာတက်ကြပါတယ်။ 

တချို့က သတို့သားတွေ Speech ပြောဖို့ လိုတော့၊ ကျေးဇူးတင်စကားကို ချောမွေ့အောင် ကြိုတင်လေ့ကျင့်ကြရတယ်။

တချို့က သီချင်းဆိုတာပါတော့ သတို့သားပဲဖြစ်ဖြစ်၊ စုံတွဲပဲဖြစ်ဖြစ် လမ်းလျှောက်ရင်းဆိုတာကို အထာကျအောင် ကျင့်ကြရတယ်။

တချို့က First dance ကကြရတယ်။ မင်္ဂလာမောင်နှံလည်း ကျင့်ထားရတယ်။ သူတို့ရဲ့ အရံတွေ၊ သူငယ်ချင်းတွေနဲ့လည်း ကျင့်ထားရပါတယ်။ 

ကဲ ဒါဆိုရင် မင်္ဂလာမောင်နှံတွေရဲ့ Body & Mind Fitness က ဘယ်လောက်လိုအပ်သလဲဆိုတာ သတိထားမိကြပြီလို့ ထင်ပါတယ်။

မကြာခင်မှာ မင်္ဂလာဆောင်နှင်းကြမယ့် စုံတွဲမောင်နှံများအဖို့ သောကသေးသေးလေးတွေ စုရင်း ပွဲနီးလာလေ စိုးရိမ်လာလေ မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်မှုတွေ အစီအစဉ်တကျလုပ်ရင်း ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးတွေ အထမြောက်အောင်မြင်အောင် ဆုတောင်းပေးလိုက်ပါတယ်နော်။

မင်္ဂလာမောင်နှံတွေကိုချစ်တဲ့ မမိုး