တွဲပြီး စားပါ

    သင်နေ့စဉ်စားသုံးလေ့ရှိတဲ့ အစားအစားများထံမှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပေါင်းစုံကို ရရှိပါတယ်။ အဲဒီ အာဟာရဓာတ်တွေက တစ်ခုနဲ့ တစ်ခုပူးပေါင်းပြီး သော်လည်းကောင်း၊ သီးသန့်ချင်းစီသော် လည်းကောင်း ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ နေရာအသီးသီးကို ထောက်ပံ့မှုတွေပြုလုပ်ကြပါတယ်။ ဒါပေမဲ့ အချို့သော အစားအစာများမှာပါဝင်တဲ့ အဟာရဓာတ်တွေက အခြားအစားအစာများမှာ ပါဝင်တဲ့ မတူညီတဲ့ အာနိသင်
များနဲ့ ပေါင်းစပ်နိုင်၊ ဒါမှ မဟုတ် တစ်ခုနဲ့ တစ်ခု အထောက်အကူပြုနိုင်ကြပြီး စားသုံးလိုက်သူရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုပြီး အစွမ်းထက်လာနိုင်ပါတယ်။ တချို့ အစားအစာတွေဟာ သီးသန့်စားသုံးတာထက် ရောနှောစားသုံးတဲ့အခါမှာ ရှိရင်းစွဲ အာဟာရတန်ဖိုးထက် ပိုပြီးအစွမ်းထက်လာတတ်တာကို အာဟာရဗေဒပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။ သင်တွဲဖက်စားသုံးရမယ့် အစားအစာတွေက ဘာတွေများ ဖြစ်နိုင်ပါသလဲ။

ကြက်သွန်နီ နဲ့ ပဲအမျိုးမျိုး
    Journal of Agricultural and Food Chemistry မှာ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်အရ ပဲအမျိုးမျိုးနဲ့ အနှံမျိုးနွယ်ဝင် အစားအစာများမှာ ပါဝင်တဲ့ သတ္တုဓာတ်(သံဓာတ်နဲ့ ဇင့်ဓာတ်) တွေကို ခန္ဓာကိုယ်က စုပ်ယူရာမှာ လွယ်ကူအောင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တွေမှာ ပါရှိတဲ့  ဆာလ်ဖာကွန်ပေါင်းက အကူအညီပေးနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ သံဓာတ်က ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ အကယ်၍ သင့်ခန္ဓာကိုယ်မှာ သံဓာတ်လုံလောက်မှု မရှိဘူးဆိုရင်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေထံသို့ အောက်ဆီဂျင် လုံလောက်အောင် ရောက်ရှိဖို့ခက်ခဲပြီး မောပန်းမူးဝေလာတာ၊ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ စတဲ့ပြဿနာတွေကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် သင်စားသုံးလိုက်တဲ့ ပဲအမျိုးမျိုးနဲ့ အနှံ
မျိုးနွယ်ဝင် အစားအစာများမှာ ပါဝင်တဲ့ သတ္တုဓာတ်(သံဓာတ်နဲ့ ဇင့်ဓာတ်)တွေကို ခန္ဓာကိုယ်က အပြည့်အ၀ရရှိနိုင်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူများနဲ့ တွဲဖက်စားသုံးပေးသင့်ပါကြောင်း အသိ ပေးပါရစေ။

Green Tea နဲ့ သံပရာ
    Green Tea မှာ Catechins အမည်ရ စွမ်းအားမြင့် Antioxidant တစ်မျိုးပါဝင်ပါတယ်။ ကမ္ဘာမှာ Green Tea သောက်သုံးမှု အများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာ  နှလုံးနဲ့ပတ်သက်တဲ့ရောဂါ
များကြောင့် သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါဟာGreen Tea မှာပါဝင်တဲ့ Antioxidant များရဲ့ အာနိသင်များကြောင့်လို့ ဆိုနိုင်ပါတယ်။
    အဆိုပါ Green Tea မှာပါဝင်တဲ့ Catechins antioxidant တွေ အစာချေလမ်းကြောင်းထဲမှာ မြန်မြန်ဆန်ဆန် ပြိုကွဲသွားခြင်းအား သံပရာသီး၊ Grapefruit စတဲ့ အသီးများမှာပါဝင်တဲ့ Citric Acid က တားဆီးပေးနိုင်တာကို သုတေသီတွေ တွေ့ရှိခဲ့ ပါတယ်။ အစာခြေလမ်းကြောင်းထဲမှာCatechins တွေ မပြိုကွဲသွားဘဲ ရှိနေတာကြောင့်  Antioxidant ရဲ့ အာနိသင်ကိုခန္ဓာကိုယ်က လွယ်လွယ်ကူကူနဲ့ များများ စားစားစုပ်ယူဖို့ ပိုမိုလွယ်ကူသွားစေပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် သင်သောက်သုံးမယ့် Green Tea ရဲ့ အာနိသင်ကို သံပရာသီးတစ်စိတ်နဲ့ မြှင့်တင်နိုင်ကြောင်း သတင်းကောင်းပေး လိုက်ချင်ပါတယ်။


 
ဒိန်ချဉ်နဲ့ ငှက်ပျောသီး
    ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများအတွက် စိတ်ဝင်စားဖွယ် အတွဲအစပ်တစ်မျိုးဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဒိန်ချဉ်နဲ့ ငှက်ပျောသီးကိုတွဲဖက်စားသုံးပေးခြင်းက ကြွက်သားတွေကို အသစ်ပြန်လည်ပြုပြင်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းကို အကူအညီများစွာ ပေးနိုင်တယ်လို့ သိရပါတယ်။
    ပြင်းထန်တဲ့ လှုပ်ရှားမှုတစ်မျိုးမျိုးပြုလုပ်ပြီးတိုင်း ခန္ဓာကိုယ်က ကြွက်သားဆဲလ်တွေ ပျက်စီးသွားလေ့ရှိပါတယ်။  Sports Nutrition for Endurance Athletes ကို ရေးသားခဲ့သူ အားကစားဆိုင်ရာ အာဟာရဗေဒ ပပညာရှင် Monique Ryan က “လေ့လာမှုတွေပြုလုပ်ပြီးနောက် ဒိန်ချဉ်နဲ့ ငှက်ပျောသီးကို လေ့ကျင့်ခန်းပြုလုပ်ပြီးပြီးချင်း မကြာခင်မှာစားပေးမယ်ဆိုရင် ခန္ဓာကိုယ်က ကြွက်သားတွေ ပြန်လည်တည်ဆောက်တဲ့ နှုန်းကို သိသိသာသာမြန်စေနိုင်တာကို သုတေသီတွေတွေ့ရှိခဲ့ရပါတယ်”လို့ ပြောဆိုထားပါတယ်။
    ကာဗိုဟြိုက်ဒြိတ်နဲ့ ပရိုတင်းကို ရောနှောစားသုံးခြင်းက ခန္ဓာကိုယ်တွင်းက အင်ဆူလင်ပမာဏကို မြှင့်တက်စေပြီး အင်ဆူလင်တွေက ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးမယ့် အာဟာရဓာတ်တွေဖြစ်တဲ့ အမိုင်နိုအက်စစ်၊ ဂလူးကို့စ် စတာတွေကို စုပ်ယူရာမှာကူညီပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကြွက်သားတွေကို သန်မာလာစေပါတယ်။ ဒါကြောင့် သင်အားကစားလည်း လုပ်လေ့ရှိတယ်၊ ငှက်ပျောသီးလည်း ပုံမှန်စားလေ့ရှိတယ်ဆိုရင် သင့်ရဲ့ အစားအသောက်စာရင်းထဲ ထပ်မံ ဖြည့်သွင်းရမယ့် အရာက ဒိန်ချဉ်ဖြစ်ပါတယ်။

ငါးနဲ့ ၀ိုင်
    ငါးမှာပါဝင်တဲ့ Omega-3 Fatty Acid ကို စားသုံးပြီးနောက် ခန္ဓာကိုယ်က စုပ်ယူတဲ့အခါမှာ ၀ိုင်ရဲ့ အာနိသင်က အကူအညီများစွာ ပေးနိုင်တယ်လို့ သိရပါတယ်။ အီတလီနိုင်ငံကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှ ငါးတစ်မျိုးမျိုး စားသုံးလေ့ရှိပြီး တစ်ရက်ကို ၀ိုင်တစ်ခွက်နှုန်းသောက်လေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ သွေးတွင်းမှာ Omega-3 အဆီဓာတ်ပါဝင်မှု နှုန်းသိသိသာသာ မြင့်မားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဘီယာနဲ့ အခြား အရက်များ သောက်သုံးခြင်းမှသိသာတဲ့ ရလဒ်မျိုး မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် သုတေသီတွေဟာ ၀ိုင်မှာပါရှိတဲ့ နှလုံးရဲ့ကျန်းမာရေးကိုကောင်းမွန်စေတဲ့ Polyphenol Antioxidant ဟာ ခန္ဓာကိုယ် ရဲ့Omega-3 စုပ်ယူနိုင်မှုကိုလည်း ကူညီပေးနိုင်စွမ်းရှိနေလိမ့်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
    ဒါကြောင့် ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ Omega-3 Fatty Acid ကို ခန္ဓာကိုယ်ကစုပ်ယူရာမှာ ၀ိုင်တစ်ခွက်က များစွာအကူအညီ ပေးနိုင်တယ်လို့ ဆိုရမယ့်သဘောပါ။ Omega-3 ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငါးအမျိုးမျိုးကို စားသုံးပေးဖို့ကလည်း အရေးကြီးပါတယ်။ သတိပြုရမယ့် အချက်ကတော့ အယ်လ်ကိုဟော များများသောက်သုံးခြင်းရဲ့ နောက်ဆက်တွဲရလဒ်ဆိုးကျိုးများလည်းရှိနေတာကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့
စကားကို လက်ကိုင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
Ref;Reader’s Digest