နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင်

    အရင်လတွေကတော့ အမျိုးသမီးတွေအတွက် အာဟာရမျှတပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးနိုင်စေဖို့ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်လမှာတော့ လူတိုင်းအတွက် အရေးပါတဲ့ အိပ်စက်ခြင်းကိုအထောက် အကူဖြစ်စေမယ့် အစားအစာတွေအကြောင်း ပြောပြဖို့ ရှာဖွေထားပါတယ်။ ကိုယ်တိုင်က ရက်ရှည်အိပ်မပျော်လို့ဘဲဖြစ်ဖြစ်၊ မိသားစုထဲက တစ်ဦးတစ်ယောက် အိပ်ပျော်ဖို့ ခက်ခဲနေတာပဲဖြစ်ဖြစ် ဒီလိုအစားအစာတွေအကြောင်း သိထားမယ်ဆိုရင် အကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

    အိပ်ပျော်ဖို့အတွက် ခက်ခဲတယ်ဆိုတာကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိပ်ရာပေါ်မှာ ဟိုလူးဒီလိမ့်လုပ်နေရင်းအကျိုးမဲ့ အချိန်ကုန်နေရပြီး မျက်လုံးမှိတ်ပြီး မအိပ်နိုင်တာကနေ ခါးတုတ် လာခြင်း၊ သွေးပေါင်ချိန်မြင့်တက်လာခြင်းနဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲလာခြင်းလို ကျန်းမာရေး ပြဿနာတွေကို ဦးတည်သွားစေနိုင်ပါတယ်။ အိပ်လို့မရတာကထူးခြားတဲ့ စိတ်ဖိစီးမှုတစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ အချိန်တွေကခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေရဲ့ တုန့်ပြန်ခြင်းကို ခန္ဓာကိုယ်ထဲမှာ ဖြစ်လာစေတယ်ဆိုပြီး အစာအာဟာရဆိုင်ရာ ဇီဝဓာတုပညာရှင် Shawn Talbott က ပြောထားပါတယ်။ အခြေခံအားဖြင့် သုံးသပ်ကြည့်မယ်ဆိုရင် အိပ်ပျော်နိုင်စေဖို့အတွက် နည်းလမ်းတစ်ခုကတော့ အစာအာဟာရကနေ လာပါတယ်။ ကိုယ့်ကိုပိုပြီးအနားရစေနိုင်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရုံပါပဲ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် အစားအစာတွေထဲက People ပရိသတ်ကြီး အလွယ် တကူ ပြင်ဆင်စားသုံးနိုင်မယ့် အစားအစာ ၉ မျိုးကို ဖော်ပြတင်ဆက်လိုက်ရပါတယ်။

၁။    ငှက်ပျောသီး


    အိပ်လို့မရနိုင်ဘူးလား။ ငှက်ပျောသီး တစ်လုံးကိုသာစားလိုက်ပါဆိုပြီး အာဟာရဗေဒဆိုင်ရာ ဇီဝဓာတုပညာရှင် Shawn Talbott က ပြောထားပါတယ်။ ငှက်ပျောသီးတွေမှာ ပိုတက်ဆီယမ်တွေ မြင့်မားစွာပါဝင်တာကြောင့် အိပ်စက်မရနိုင်လောက်အောင် လှုပ်ရှားနေတတ်တဲ့ ခြေထောက်တွေကို ငြိမ်သက်သွားစေပြီး ညအချိန် ကြွက်တက်ခြင်းကို ကာကွယ်ရာမှာလည်း အကူအညီ ဖြစ်စေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးတွေက မဂ္ဂနီဆီယမ်ကို ထုတ်ပေးပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားတွေနဲ့ အာရုံကြောတွေကို အနားရအောင်ကူညီပေးပြီး ကျန်းမာကောင်းမွန်တဲ့ သွေးလည်ပတ်မှုနဲ့ အစာချေစနစ်ကို ဖြစ်စေတယ်။ လွယ်လွယ်ကူကူ အိပ်ပျော်ချင်ရင်တော့ ငှက်ပျောသီးတစ်လုံးကို အခွံနွှာပြီးစားလိုက်ပါ ဒါမှမဟုတ် အတုံးသေးသေးလေးတွေဖြစ်အောင်လှီး၊ ဖျော်စက်နဲ့ ကြိတ်ချေပြီး ဖျော်ရည်အဖြစ် သောက်သုံးလိုက်ပါ။ မိမိနှစ်သက်ရာ နို့တစ်မျိုးမျိုးနဲ့ ရေခဲတို့ကိုထည့်ပြီး သုံးဆောင်လို့လည်းရပါတယ်။

၂။    ဆာမွန်ငါး


    သက်သောင့်သက်သာအနားယူဖြစ်တဲ့ ညတစ်ညကို အိပ်ပျော်လွယ်စေတဲ့ ညစာစားသုံးပြီး စတင်နိုင်ပါတယ်။ အဓိကအစားအစာကတော့ ဆာမွန်ငါးပါ။ ဘာကြောင့်လဲဆိုတော့ ဆာမွန်ငါးဟာကျန်းမာရေးနဲ့ ညီညွတ်စေသော ဆေးတစ်ခွက်
ဖြစ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို ထုတ်ပေးတာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလျော့ကျစေပြီး အပြည့်အဝအနားရစေပါတယ်။ ဆာမွန်အနွယ်ဝင်ငါးတွေပဲ စားရတာလားဆိုတော့ မဟုတ်ပါဘူး။ ပင်လယ်ငါးပြားကြီးလို ငါးတွေက လည်းအိုမီဂါ ၃ လို အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် သူတို့ကိုစားရင်လည်း အဆင်ပြေပါတယ်။ ပြီးတော့ ဒီငါးတွေမှာ အိပ်ချင်စိတ်ဖြစ်စေသော Melatonin (မယ်(လ)တော်နင်) ဟော်မုန်းကို ထုတ်ပေးရာမှာလိုအပ်တဲ့ ဗီတာမင် ဘီ ၆  ပါဝင်ပါတယ်။

၃။    ကန်စွန်းဥများ


    နောက်ထပ် အိပ်ပျော်လွယ်မယ့် အစားအစာဆိုရင် ပိုတက်ဆီယမ် အရင်းအမြစ်တွေဖြစ်တဲ့ ကန်စွန်းဥတွေ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ကြွက်သားတွေနဲ့ အာရုံကြောတွေကို အနားရစေပြီး သွေးလည်ပတ်မှုနဲ့ အစာချေစနစ်ကို အကူအညီ ဖြစ်စေတယ်။ သူတို့ကို မီးဖုတ်ထားရင် သိပ်ပြီး စားလို့ကောင်းတာပေါ့။ ဒီလိုမဟုတ်ရင်လည်း ကန်စွန်းဥတွေကို ကြိတ်ချေပြီးကန်စွန်းဥကြော်လည်းလုပ်နိုင်ပါတယ်။ မီးဖုတ်ပြီးစားတာကတော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးရွေးချယ်မှုလို့ အကြံပြုထားပါတယ်။ ပိုတက်ဆီယမ်အပြင် ကာဘိုဟိုက်ဒရိတ်တွေရဲ့ အရင်းအမြစ်ကောင်းဆိုရင်လည်း ကန်စွန်းဥကို ညွန်းဆိုရဦးမှာပါပဲ။ ဒါပေမဲ့ ကန်စွန်းဥတစ်ခြမ်းဆိုရင် ပိုတက်ဆီယမ်ရော ကာဘိုဟိုက် ဒရိတ် နှစ်မျိုးလုံးကိုပါ လုံလုံလောက်လောက် ပေးစွမ်းနိုင်ပါပြီ။ အခြားသောပိုတက်ဆီယမ် အရင်းအမြစ်တွေကတော့ မီးဖုတ်ဖို့အတွက် အခွံမနွှာထားတဲ့ အာလူး၊ လီမာပဲနဲ့ သဘောင်္သီးတို့ပဲ ဖြစ်ပါတယ်။

၎။    ဗာဒံစေ့များ


    ဗာဒံစေ့တွေမှာ မဂ္ဂနီဆီယမ်ပါဝင်လို့ ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်ဖို့အရေးမှာ အကူအညီဖြစ်စေတာ အသေအချာပါပဲ။ သူတို့က အသားဓာတ်ကိုလည်း ထုတ်ပေးတာကြောင့် အိပ်ပျော်နေစဉ်အတွင်း သွေးတွင်းသကြားဓာတ် တည်ငြိမ်စေဖို့ ထိန်းညှိပေးရာမှာ ကူညီပေးပါတယ်။ ဆေးကုသမှုဆိုင်ရာစိတ်ပညာရှင် Michael Breus ကတော့ အိပ်ရာမဝင်ခင်မှာ ဗာဒံစေ့လက်တစ်ဆုပ်စာလောက် စားပေးသင့်ကြောင်း အကြံပြုထားပါတယ်။ ဒါမှမဟုတ် ပိုပြီးစစ်မှန်တာကိုမှ တောင့်
တတယ်ဆိုရင်တော့ ဗာဒံစေ့ထောပတ်ကို အခွံမချွတ် ဂျုံကိုအသုံးပြု ဖန်တီးထားတဲ့ပေါင်မုန့်တစ်ချပ်ပေါ်သုတ်ပြီး စားလို့လည်း အဆင်ပြေပါတယ်။

၅။    ဥများ


    ညဘက်ကို ဥတစ်လုံးလောက် စားခြင်းက အရမ်းလွယ်ကူလွန်းတဲ့ အိပ်ပျော်ဆေးပါပဲ။ ဥ အမျိုးမျိုးကလည်း ညတစ်လျှောက်လုံး နှစ်ခြိုက်စွာ အိပ်မောကျစေဖို့ ကူညီပေးတဲ့ အရာတစ်ခုပါ။ ဥတွေဟာ အသားဓာတ်မြင့်မားစွာပါဝင်တာမို့ ညအိပ်ပျော်နေတဲ့အချိန်အတွင်းမှာ သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပေးထားပါလိမ့်မယ်။ ဥတစ်လုံးဒါမှမဟုတ် နှစ်လုံးကိုပေါင်မုန့်လို (အခွံမချွတ် ဂျုံနဲ့လုပ်ထားတဲ့) ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်တွေ ပေါင်းထည့်လိုက်ခြင်းဖြင့် အသားဓာတ်ထဲက ဇီဝတွင်းဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်စေတဲ့ tryptophan ကို ပိုပြီးအလွယ်တကူရရှိစေပါတယ်။

၆။    နို့


    နို့သောက်ခြင်းကတကယ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသလား။ တချို့သော ကျွမ်းကျင်သူတွေကတော့ ဟုတ်တယ်လည်းမဆိုသလို မဟုတ်ဘူးလည်း မငြင်းပါဘဲ ခြံစည်းရိုးခွထိုင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ထင်ရှားတဲ့ သိပ္ပံ နည်းကျ လေ့လာမှုတွေ ရှိမနေတာကြောင့်ပါ။ အခြားသူတွေကတော့ ကယ်(လ)ဆီယမ်ရဲ့ စွမ်းအားကြောင့် နို့ကမယ်လတိုနင် ထုတ်လုပ်ခြင်းမှာ အဓိကပါဝင်လုပ်ဆောင်ပြီး ခန္ဓာကိုယ်ရဲ့ တစ်နေ့တာအိပ်စက်ချိန် စက်ဝန်းကို ထိန်းညှိ ပေးပါတယ်။ ပဲနို့ကနေ နွားနို့အထိမိမိနှစ်သက်ရာသောက်သုံးလို့ရပါတယ်။ ပဲပိစပ်ကနေရရှိတဲ့ ထုတ်ကုန်တွေဟာ အမျိုးသမီးများသွေးဆုံးကိုင်ချိန်မှာအိပ်မပျော်တာကို ကူညီပေးတယ်လို့ သိရပါတယ်။ ပိုပြီး အိပ်ပျော်နိုင်ဖို့ဆိုရင်တော့ နို့နွေးနွေး တစ်ဂါလံ ခွဲလောက်ကို သောက်ပေးရပါမယ်။ ပဲပိစပ်ထုတ်ကုန်တွေဟာ မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်ဆိုပြီး လူသိများပါတယ်။ တကယ်လို့ ပဲနို့ကိုရွေးမယ်ဆိုရင်တော့ သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ တံဆိပ်ကိုရွေးချယ်ဖို့လည်း အကြံပြု လိုက်ပါတယ်။

၇။    ကောက်နှံများနဲ့ ပြုလုပ်ထားတဲ့ နံနက်ခင်းစာ


    သကြားနည်းနည်းသာပါဝင်ပြီး အခွံမချွတ်ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ နံနက်ခင်းစာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပေါ့ပေါ့ပါးပါးအစားအစာဖြစ်နိုင်ပါတယ်။ ကောက်နှံတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတစ်နည်း cereal တွေကလည်း
အိပ်ပျော်ဖို့အတွက် အဆင့်တွေကို ဖန်တီးပေးပါတယ်။ အိပ်စက်ခြင်းဆိုင်ရာအဖွဲ့အစည်း (NSF-National Sleep Foundation) ကတော့ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့လုပ်တဲ့ cereal နဲ့ နို့လိုကာဘိုဟိုက်ဒရိတ်-အသားဓာတ်တွဲဖက် အစားအစာကိုစားကြည့်ဖို့ အကြံပြုထားပါတယ်။ NSF ရဲ့အဆိုအရcerealမှာပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်တွေက အိပ်ချင်စိတ်ဖြစ်စေတဲ့ အမိုင်နိုအက် စစ် (tryptophan) ကိုထုတ်လုပ်ပြီး ဦးနှောက်ဆီကိုရောက်ရှိစေပါတယ်။ နို့မှာတွေ့ရတဲ့ အသားဓာတ်က tryptophan ရဲ့ အုတ်မြစ်တစ်ခုပါပဲ။ အခြားသောကာဘိုဟိုက်ဒရိတ်-အသားဓာတ် တွဲဖက်အစားအစာတွေကတော့ မြေပဲထောပတ်နဲ့ ပေါင်မုန့်၊ ချိစ့်နဲ့ ဘီစကွတ်မုန့်တို့ပဲ ဖြစ်ပါတယ်။

၈။    ဆေးဘက်ဝင် လက်ဖက်ရည် (သို့) ကဖိန်း ဓာတ်မပါတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်


    ကဖိန်းဓာတ်မပါဝင်တဲ့ လက်ဖက်ရည် အမျိုးအစားအများစုဟာ အိပ်ငိုက်ခြင်းကို ဖြစ်စေဖို့ တွန်းအားပေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ဖက်စိမ်းမှာ အိပ်ချင်စိတ်ကို တိုးမြှင့်ပေးတဲ့ သီယာနိုင်းပါဝင်ပါတယ်။ လက်ဖက်
ဟာအိပ်ပျော်သွားဖို့အတွက် လိုအပ်တဲ့ အချိန်ကို လျော့နည်းစေပြီးမိနစ်များစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းနဲ့ အိပ်စက်ချိန်ကို တိုးစေတဲ့အ ကြောင်းသုတေသီတွေက တွေ့ရှိထားပါတယ်။ အိပ်ရာမဝင်ခင်မှာ လက်ဖက်ရည်တစ် ခွက်လောက်သောက်ပြီး မြန်မြန် အိပ်ပျော်ဖို့ ကြိုးစားလို့ရပါပြီ။ ကျွန်မတို့ သိထားတာနဲ့ ပြောင်းပြန်ဖြစ်နေလောက်ပေမယ့် လက်ဖက်ထဲမှာပါဝင်သော အိပ်ချင်စိတ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေကြောင့် လက်ဖက်ရည် ခပ်နွေးနွေးတစ်ခွက်က အိပ်ငိုက်တဲ့ခံစားချက်မျိုးရရှိစေမှာ အသေအချာပါပဲ။

 

    ပရိသတ်ကြီးကရော အိပ်ပျော်ဖို့အတွက် အိပ်ရာမဝင်ခင်မှာဘာတွေ စားလေ့ရှိပါသလဲ။ တချို့က အစားအစာ၊ တချို့ကတော့ ဝိုင်လိုသောက်စရာတစ်ခုခုပေါ့။ ဝိုင်သောက်တာကအစပိုင်းမှာတော့ အိပ်ချင်သလို ခံစားရတယ်ဆိုပေ မဲ့ နောက်ပိုင်းမှာကောင်းစွာအနားယူခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုစားသုံးပြီး အိပ်မက်လှလှမက်တဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Ref :12 Foods That Help You Fall (and Stay) Asleep!