ကျန်းမာလှပအောင် ဒါတွေစားပါ

    သင့်ရဲ့ ခန္ဓာကိုယ်ကြီး ကျန်းမာမှ သင်လည်းပျော်ရွှင်နိုင်မှာပါ။ ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို မတူညီတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး အဆိုပါ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာများကလည်း တစ်ခုနဲ့ တစ်ခု တူညီခြင်း
မရှိပါဘူး။ ဒါကြောင့် သူတို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကလည်း ကွဲပြားကြတော့မှာ အသေအချာပါပဲ။ ကျန်းမာပြီး လှပနေအောင် ပညာရှင်တွေ ထောက်ခံချက်ပေးထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေက ဘာတွေများဖြစ်မလဲ။

ဦးနှောက်အတွက်
    အာရုံစူးစိုက်နိုင်မှု ကျဆင်းလာတာ၊ အကြောင်းအရာတစ်ခုခုကို မှတ်မိသိရှိဖို့ ခက်ခဲလာတာ၊ စိတ်အာရုံထွေပြားလာတာစတဲ့ ဦးနှောက်စွမ်းရည်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြုံတွေ့လာရပြီဆိုရင် ဘလူးဘယ်ရီ၊ ဆယ်လ်မွန်၊ အစေ့အဆံ များနဲ့ ထောပတ်သီးစတဲ့ အစားအစာများက ကူညီပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဓိက သော့ချက်ကတော့ Omega-3  Fatty Acids ဖြစ်ပြီး အထက်မှာဖော်ပြထားတဲ့ အစားအစာတွေက Omega-3 Fatty Acids ကြွယ်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်စွမ်းရည်အတွက် အလွန်အဓိကကျတဲ့ ရောင်ရမ်းခြင်ကို သက်သာစေနိုင်တဲ့ (Anti-inflammatory) ဓာတ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဆိုတော့ သင့်ရဲ့ဦးနှောက်ကြီး ပင်ပန်းပြီး စွမ်းဆောင်ရည်ကျဆင်းလာပြီလို့ ခံစားလာရတဲ့အခါမှာ ဘလူးဘယ်ရီ၊ ဆယ်လ်မွန်၊ အစေ့အဆံများနဲ့ ထောပတ်သီး စတဲ့အစားအစာများကို ရွေးချယ်စားသုံးဖို့ အကြံပြုလိုပါတယ်။

မျက်လုံးအတွက်
    ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်သူတော်တော်များများ အဓိက လုပ်ဆောင်လေ့ရှိတဲ့ အရာတစ်ခုကတော့ ရေများများသောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ မျက်လုံးတွေတောက်ပပြီး ကြည်ကြည်လင်လင် ဖြစ်နေစေဖို့ လည်း ရေများများသောက်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အမြင်အာရုံ ချို့ယွင်းမှုနဲ့ရောဂါများကို ကာကွယ်နိုင်ဖို့နဲ့ ဖြစ်နိုင်ချေကို လျှော့ချဖို့အတွက်ဆိုရင်တော့ မျက်လုံးကို အစာကျွေးဖို့ လိုကိုလိုအပ်ပါတယ်။ ပညာရှင်
တွေ အကြံပြုထားတဲ့ မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေက Zinc ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ Omega-3 Fatty Acids တွေ ဖြစ်ပါတယ်။  အဆိုပါ ဓာတ်သတ္တုတွေ ကြွယ်ဝစွာပါဝင်တဲ့ ဥနီ (Carrot) ၊ အစိမ်းရင့်ရောင် အသီး အရွက်များ၊ Citrus မျိုးနွယ်ဝင် (လိမ္မော်သီး၊ သံ ပုရာသီး ၊ ရှောက်သီး၊ ဂရိပ်ဖရု)  အသီးများ၊ ဘယ်ရီသီးမျိုးစုံနဲ့ အယ်လ်မွန်စေ့တွေက မျက်စိ ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာများ ဖြစ်ပါတယ်။

ဝမ်းဗိုက်အတွက်
    အမြဲတမ်းလိုလို လေပွနေတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်နေတာက သင့်ရဲ့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေကိုတောင် ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေ ထက်စာရင်အမျိုးသမီးများမှာ အဖြစ်များလေ့ရှိပြီး ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်ရင်တောင်မှ စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။  
    အဓိကအားဖြင့် အစာချေလမ်းကြောင်းတစ်လျှောက်မှာ ပြဿနာအနည်းငယ်ရှိနေလို့  လေပွခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေ ခံစားလာရတာပါ။ အမျိုးသမီးများရဲ့ အစာချေ လမ်းကြောင်းက အမျိုးသားများမှာရှိတဲ့ အစာချေ
လမ်းကြောင်းနဲ့ တည်ဆောက်ပုံရော အလုပ်လုပ်ပုံရော အတူတူပါပဲ။ ဒါပေမဲ့ ပြဿနာကတည်ရှိရာနေရာဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အစာချေလမ်းကြောင်းဟာ ခန္ဓာကိုယ်တည်ဆောက်ပုံအရမျိုးပွားခြင်းဆိုင်ရာ အင်္ဂါများရဲ့ တွဲလျက်တည်ရှိနေပြီး သူတို့ရဲ့ ဖိအားကိုလည်း ခံရပါသေးတယ်။ ဒါကြောင့် ၀မ်းဗိုက်သေးသေးလေးထဲက အစာချေလမ်းကြောင်းမှာ အစာများနဲ့ လေပိုတွေအတွက် နေရာများများ ရှိမနေဘူးလို့ ဆိုရမှာပါ။
    ဒါကြောင့် အဆိုပါ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ ပြဿနာအတွက် အမျှင်ဓာတ်များများပါဝင်တဲ့ အစားအစာများနဲ့ Antioxidant ကြွယ်ဝတဲ့ အစားအစာများ များများစားပေးပြီး ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်တွေ၊
Citrus မျိုးနွယ်ဝင် (လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဂရိပ်ဖရု)  အသီးတွေ၊ ဟင်းနုနွယ်၊ ဥနီ၊ ဘရိုကိုလီ၊ ကောက်နှံမှ ပြုလုပ်ထားတဲ့ အစားအစာများ၊ ခရမ်ဘယ်ရီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီချဉ် စတဲ့ အစားအစာများက သင့်အစာချေ
လမ်းကြောင်းအတွက် စားပေးသင့်တဲ့ အစားအစာများဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်စရာ အမယ်များလို့ အစားရွေးတတ်တဲ့ လူအတွက်တောင်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။

သွားနဲ့ သွားဖုံးအတွက်
    သွားနဲ့ သွားဖုံးဆိုတာက ခန္ဓာကိုယ်အတွက် အလုပ်လုပ်ရဆုံး အင်္ဂါအစိတ်အပိုင်းများလို့ဆိုရင် မှားမယ်မထင်ပါဘူး။ သွားဆရာဝန်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှကြတဲ့အခါမှာ လူအများစုက ကျန်းမာရေးနဲ့ ညီညွတ်
အောင် စားသောက်လေ့ မရှိကြတာကို တွေ့ခဲ့ရပါတယ်။ သကြားဓာတ်ပါဝင်တဲ့ အချိုရည်တွေနဲ့ သရေစာစားသုံးနှုန်းက ကြောက်ခမန်းလိလိပါပဲ။ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ အက်ဆစ်ပါဝင်တဲ့ အစားအစာများက နဂိုအနေ
အထားအတိုင်း ဘယ်တော့မှ ပြန်မရနိုင်တော့အောင် သွားတွေကိုတိုက်စားပစ်မယ့် ရန်သူများ ဖြစ်ပါတယ်။ ဒါကြောင့် သွားနဲ့ သွားဖုံးတွေရဲ့ ကျန်းမာရေးအတွက် အသီးအရွက်တွေ၊ ငါးနဲ့ အစေ့အဆံတွေကို များများစားသုံးပေးရမှာ ဖြစ်ပါ တယ်။ နှံစားပင်များဖြစ်တဲ့ ဆံလုံးညို၊ ဘာလီနဲ့ ပဲတောင့်ရှည်တွေကိုလည်း စားသုံးပေးနိုင်တယ်လို့ ဆိုထားပါတယ်။

နှလုံးအတွက်
    ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှလုံးလည်း ပါဝင်ပါတယ်။ အရေးကြီးလို့ အကောင်းဆုံး အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့လည်း လိုအပ်တဲ့ အစိတ်အပိုင်း တစ်မျိုး ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဆယ်လ်မွန်၊ တူနာ စတဲ့ ငါး တွေဆီက ရရှိမယ့် Omega-3 Fatty Acids လိုမျိုး အာဟာရဓာတ်တွေကလည်း နှလုံးကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ Anti-oxidant ကြွယ်ဝတဲ့ အသီးအရွက်တွေက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါ
တယ်။ ဒါကြောင့် နှလုံးအတွက် အာဟာရဖြစ်စေမယ့် အစားအစာများဆိုရင်  Omega-3 Fatty Acid နဲ့ Antioxidant ကြွယ်ဝတဲ့ အစားအစာများလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

အသည်းအတွက်
    အသင့်စားအစားအစာတွေ၊ ဆီကြော်တွေနဲ့ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို သင်စားလိုက်တိုင်းမှာ သင့်ရဲ့ အသည်းဟာ အနည်းနဲ့ အများဆိုသလို ဒဏ်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ သင့်အတွက် အသည်းကို နေ့စဉ်စားသုံးနေကျ
အစားအစာများနဲ့ပဲ ပြန်လည်ဆေးကြောပေးနိုင်တယ်ဆိုတဲ့ သတင်းကောင်းလည်း ရှိနေပါတယ်။  ကြက်သွန်ဖြူ၊ ဂရိပ်ဖရု၊ မုန်လာဥနီ (Beet)၊ ဥနီ၊ Green Tea ၊ အစိမ်းရောင် အသီးအရွက် များ၊ ထောပတ်သီး၊ ပန်းသီး၊ သံလွင်ဆီ၊ သံပရာ
သီး၊ ရှောက်သီး၊ ဂေါ်ဖီထုပ် စတဲ့ အသီးအနှံများ မှာ အသည်းရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ နောက်တစ်ခုကတော့ ဆနွင်းဖြစ်ပါတယ်။ ဆနွင်းရဲ့ မြောက်မြားလှစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ အသည်းကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိလည်း ပါဝင်နေပါတယ်။

ကျောက်ကပ်အတွက်
    ဘလူးဘယ်ရီ ၊ စတော်ဘယ်ရီ ၊ ဂေါ်ဖီထုပ်၊ ချယ်ရီ၊ စပျစ်သီး အနီရောင် စတဲ့ Super Food ကို မှန်မှန်စားသုံးပေးခြင်းဖြင့် ရောဂါဘယ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးယုံသာမက သင့်ရဲ့ ကျောက်ကပ်အတွက်ပါ အလွန်အထာက်အကူ ပြုပေးနိုင် တယ်လို့ သိရပါတယ်။ ကျောက်ကပ်တွေက သွေးထဲရှိ အညစ်အကြေးတွေကို စစ်ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်းက ရေဓာတ်ကို မျှခြေအနေအထားမှာ ရှိနေအောင် ထိန်းသိမ်းပေးနိုင်ခြင်း၊ အညစ်အကြေးများကို ဆီးအဖြစ် ပြန်လည် စွန့် ထုတ်ပေးခြင်းစတဲ့ လုပ်ငန်းများအပြင် ခန္ဓာကိုယ်အတွင်းက အခြားသော အင်္ဂါအစိတ်အပိုင်းများရဲ့ လုပ်ဆောင်မှု အသီးသီးနဲ့လည်း ပတ်သက်ဆက်နွှယ်လျက်ရှိတဲ့ အင်္ဂါတစ်မျိုးဖြစ်ပါတယ်။ ပန်းသီး၊ ကြက်သွန်နီ နဲ့ ငရုတ်ပွသီးတွေကို တွဲဖက်စားသုံးပေးနိုင်မယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ကပ်ကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါပြီ။

အစာချေလမ်းကြောင်းအတွက်
    အစာချေလမ်းကြောင်းဆိုတဲ့ အရာက အမြဲတမ်းလိုလို သင်စားသောက်ထားတဲ့ အစားအစာများ ကျန်ရှိနေတတ်တဲ့ ကိုယ်တွင်းအင်္ဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို မကြာမကြာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ အူလမ်းကြောင်း
ကိုသန့်ရှင်းပေးရတာက ပြင်ပပစ္စည်းများကို ဆေးကြောတာနဲ့ သဘောတရားတူပါတယ်။ သင်လုပ်ပေးရမှာက ရေများများသောက်ပေးဖို့ပဲ ဖြစ်ပါတယ်။  အစိမ်းစားလို့ရတဲ့ အသီးအရွက်တွေက အစာချေလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အင် ဇိုင်းတွေကို အားဖြည့်ပေးနိုင်တယ်လို့ သိရပြီး အသီးအရွက်တွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူ အတွင်းနံရံနဲ့ ကျန်းမာရေး အထောက်အကူပြု ဘက်နီးရီးယား (Probiotics )တွေကို လှုံ့ဆော်မှုတွေ ပြုလုပ်ပေးနိုင်တယ်လို့ အာဟာရဗေဒ ပညာ
ရှင်တွေ ပြောကြားထားပါတယ်။ ဒါကြောင့် ရေများ များသောက်၊ အသီးအရွက်များများ စားပေးရုံနဲ့ အူနဲ့ အစာချေလမ်းကြောင်းတစ်လျှောက်ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ပါတယ်။

အသားအရေ၊ ဆံပင်နဲ့ လက်သည်း ခြေသည်း
    သင့်ရဲ့ အသားအရေ၊ ဆံပင်နဲ့ လက်သည်း ခြေသည်း အလှအပအတွက်ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေထက် သဘာဝကရရှိတဲ့ အစားအစာများက ပိုပြီးအထောက်အပံ့ပေးနိုင်တယ်ဆိုတာကို သင်လက်ခံပါသလား။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာများက အသားအရေတင်းရင်းနုပျိုဖို့ မရှိမဖြစ်လိုအပ်တဲ့ Collagen ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ထောပတ်သီးမှာ ကြွယ်ကြွယ်၀၀ပါရှိတဲ့ ဗီတာမင် E က အဆိပ်အတောက်ဖြစ်စေတဲ့ Free Radicals တွေကို ဓာတ်ပြယ်စေပြီး ရွှေဖရုံစေ့မှာပါရှိတဲ့ Zinc ဓာတ်က အသားအရေကောင်းမွန်ဖို့ လိုအပ်တဲ့ အဆီထုတ်လုပ်မှုကို မျှတအောင် ထိန်းပေးပါတယ်။
    အုတ်ဂျုံ၊ အစိမ်းရောင် အသီးအရွက်တွေ၊ အယ်လ်မွန်စေ့၊ ကန်စွန်းဥ၊ ရွှေဖရုံသီး စတဲ့ အစားအစာတွေမှာ ဆံပင်နဲ့ လက်သည်းခြေသည်းတွေ လှပစိုပြေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Keratin နဲ့ Elastin ဓာတ်တွေ ပါရှိပါတယ်။ လှချင်ပါသလား။ အထက်ဖော်ပြပါ အစားအစာများကို ညီညွှတ်မျှ တအောင် စားသောက်ပါ။
Ref;Lifehack