ထက်မြက်စေမယ့် အမူအကျင့်တွေ

နယ်ပယ်ပေါင်းစုံမှာ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဒီနေ့ခေတ်လို အချိန်မှာ သင်ဟာ လူတိုင်းထက်ပိုပြီး စမတ်ကျနေဖို့ လိုအပ်ပါတယ်။ Smart ဖြစ်တယ်ဆိုတဲ့ စကားလုံးကို ရုပ်ရည်သွင်ပြင်အတွက်ပဲ အသုံးပြုနိုင်တယ်လို့ ယူဆရင် သင်မှားသွားနိုင်ပါတယ်။ ထက်မြက်ချက်ချာတာလည်း စမတ်ဖြစ်တဲ့ အရည်အချင်းတစ်မျိုးပါပဲ။ ထက်မြက်ချက်ချာတဲ့ အရည်အချင်းက သင့်ရဲ့ မွေးရာမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အများကြီးသက်ဆိုင်သလို သင်ကိုယ်တိုင်းလည်း အဆိုပါ အရည်အချင်းကို မွေးမြူနိုင်ပါတယ်။  စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ဘယ်လို အမူအကျင့်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။

ဂီတ 

ဂီတဟာ ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီအချက်ကို လေ့လာမှုတွေပြုလုပ်ပြီး သက်သေပြချက်တွေလည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဂီတဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ စိတ်အာရုံ တစ်စုတစည်းတည်းဖြစ်အောင် ပေါင်းစပ်ဖို့ တွန်းအားပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ ပညာရှင်များစွာဟာ သုတေသန လုပ်ငန်းပေါင်းများစွာကို ပြုလုပ်ပြီးနောက် ဂီတသံတစ်မျိုးမျိုးကို နားထောင်သည် ဖြစ်စေ၊ တူရိယာတစ်မျိုးမျိုးကို တီးခတ်သည် ဖြစ်စေ ပြုလုပ်နေသူရဲ့ ဦးနှောက်က မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်လို့ ဆိုထားပါတယ်။ အာရုံစူးစိုက်မှုလည်း ပိုကောင်းလာနိုင်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တူရိယာ တစ်မျိုးမျိုး တီးခတ်တတ်အောင် လေ့လာသင့်ပြီး အခွင့်မသင့်ဘူးဆိုရင်တော့ အနည်းဆုံး သီချင်းနားထောင်တာမျိုး ပြု လုပ်ပေးနိုင်ပါတယ်။ 

စာဖတ်ခြင်း

စာဖတ်ခြင်းက သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုမို ထက်မြက်စေနိုင်ကြောင်း ပညာရှင် တွေ ပြောဆိုထားတာ ကြာပါပြီ။ အကယ်၍ သင်ဟာ စာဂျပိုးတစ်ယောက်၊ စာဖတ်ခြင်းကို စိတ်အားထက်သန်သူတစ်ယောက်၊ စိတ်ကူးယဉ်ဇာတ်လမ်းများကအစ အတ္ထုပ္ပတ္တိများ အလယ်၊ အနုစာပေများဖြစ်တဲ့ ကဗျာနဲ့ လင်္ကာတွေအဆုံး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့ရှိသူဆိုရင်တော့ အထက်ဖော်ပြပါ အကျိုးကျေးဇူးထက် ပိုတဲ့ကောင်းကျိုးတွေကိုပါ ထပ်မံရရှိနိုင်တယ်လို့ ဆိုပါတယ်။ 

စာဖတ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကောင်းမွန်တဲ့ စိတ်ခံစားမှု ဖြစ်ပေါ်လာစေဖို့ အကူအညီပေးနိုင်ပါတယ်။ စာဖတ်ခြင်းမှတစ်ဆင့် ဗဟုသုတ အကြောင်းအရာများစွာကိုလည်း သင် သိရှိလေ့လာနိုင်ပါတယ်။ စာဖတ်ခြင်းမှ တစ်ဆင့် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှု  ပိုမိုကောင်းမွန်လာတာကိုလည်း သင်ကိုယ်တိုင်ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါဘယ ၉၀% က စိတ်ဖိစီးမှုကနေ စတင်တယ်လို့ ဆိုလေ့ရှိတာကြောင့် အကယ်၍ သင်စိတ်ချမ်းသာနေတယ် ဆိုရင် သင်ကျန်းမာနေမယ်ဆိုတဲ့ သဘောမျိုးတောင်ဆောင်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းက ဉာဏ်ဏပိုင်းဆိုင်ရာကိုသာမက ကာယပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုနိုင်တယ်လို့ ဆိုနိုင်ပါပြီ။


 
ပုံမှန် တရားထိုင်ခြင်း

တရားထိုင်ခြင်းရဲ့ အရေးပါဆုံးကောင်းကျိုးကို ပြပါဆိုရင်တော့ သင့်ကိုယ်သင်အာရုံစိုက်နိုင်ပြီး သင့်ရဲ့လက်ရှိ အခြေအနေကို အရှိအတိုင်းမြင်နိုင်၊ သုံးသပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်းမှာ ဈာန်ဝင်စားသွားပြီဆိုရင်တော့ ဖြစ်ခြင်း၊ ပျက်ခြင်း စတဲ့ သာမန်ထက်ထူးကဲတဲ့ အကြောင်းအရာတွေကိုပါ  သိမြင်လာဖို့ အကူအညီပေးနိုင်တယ်လို့ ဆိုပါတယ်။

တရားထိုင်ခြင်းက စိတ်ဖိစီးမှုကို သက်သာ ပြေပျောက်စေပြီး စိုးရိမ်ပူပန်တဲ့ စိတ်ခံစားမှုဖြစ်စေတဲ့ အာရုံကြောလှုံ့ဆော်မှုတွေကို ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။ သင်ယူနိုင်စွမ်း အမြင့်မားဆုံး အခြေအနေက အေးဆေးငြိမ်သက်ပြီး တည်ငြိမ်တဲ့ စိတ်ခံစားမှုဖြစ်ပေါ်နေတဲ့ အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒီလိုအချိန်မှာ လုပ်ဆောင်ရမယ့်  အရာတွေအတွက် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။ 

ပုံမှန်တရားထိုင်ခြင်းဖြင့် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ဖို့ ပိုမိုလွယ်ကူလာစေပြီး အာရုံပျက်ပြားစေတဲ့ အရာတွေကို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်တဲ့ စွမ်းရည်ကိုလည်း ရရှိလာနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ လေ့လာမှု တစ်ခုခုပြုလုပ်နေချိန်မှာ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဖြတ်ထိုးဉာဏ်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။

ဦးနှောက်ကို အလုပ်ပေးခြင်း

ခန္ဓာကိုယ်ကြံ့ခိုင်သန်မာ လာစေလိုရင် လေ့ကျင့်ခန်းများများ ပြုလုပ်ပေးရသလိုပဲ သင့်ဦးနှောက်ရဲ့ စွမ်းရည် ထက်မြက်နေဖို့အတွက်ဆိုရင်လည်း သူ့ကို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ သစ်ဆန်းတဲ့အရာတွေကို ပြုလုပ်ခြင်းအားဖြင့်  ဦးနှောက်ကို စိန်ခေါ်မှုတွေ အမြဲလိုလို ပေးနေသင့်ပြီး ဒီလို စိန်ခေါ်မှုတွေကို ဖြေရှင်းပေးခြင်းဖြင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်လာစေနိုင်ပါတယ်။ 

ဆုဒိုခု၊ ဥာဏ်စမ်းပဟေဠိ၊ စကားထာ စတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ပေးခြင်းအားဖြင့် ဦးနှောက်ရဲ့ ဆဲလ်တွေထဲမှာ ဆက်သွယ်မှု အသစ်တွေ ဖြစ်ပေါ်လာစေပြီး ဆန်းသစ်တီထွင်
နိုင်စွမ်း ၊ အခြေအနေတစ်ခုကို ကွဲပြားခြားနားတဲ့ ရှုထောင့်များမှ တစ်ဆင့်ချည်းကပ်နိုင်စွမ်း စတဲ့ တုံ့ပြန်နိုင်စွမ်းတွေလည်း ပိုမို ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းက သင့်ရဲ့ ဦးနှောက်လည်း ကျန်းမာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးဆိုတဲ့အရာကို ခေတ္တဖယ်ထားလိုက်ရင် ဦးနှောက်ကလည်း ခန္ဓာကိုယ်ရဲ့ ကြွက်သားအစိတ်အပိုင်းတစ်ခုပါပဲ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုရာရောက်ပြီး သူတို့လုပ်ရမယ့် အလုပ်ကို လုပ်ခိုင်းရာရောက်ပါတယ်။ အကျိုးကျေးဇူးကတော့ စိတ်နဲ့ ခန္ဓာကိုယ်ပင်ပန်းမှုကို လျော့ကျစေနိုင်ပြီး အိပ်စက်ခြင်း အရည်အသွေးကို ကောင်းမွန်စေပါတယ်။ 

ဆေးဘက်ဆိုင်ရာ ပညာရှင်များက ဦးနှောက်ဆီသို့ သွေးလှည့်ပတ်မှု ကောင်းမွန်လေလေ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်လေလေ ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာမှုပေါင်းများစွာ ပြုလုပ်ပြီးနောက် Cardiovascular Exercise (နှလုံး ကျန်းမာစေမယ့် လေ့ကျင့်ခန်းအမျိုးအစား) ပြုလုပ်ခြင်းက ဦးနှောက်ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကား အသစ်တစ်ခုကို လေ့လာတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထက်မြက်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဘာသာစကား အသစ်လေ့လာခြင်းထက်ကောင်းတဲ့ နည်းလမ်းမရှိ ဘူးလို့တောင် ဆိုသူတွေရှိပါတယ်။ ဘာသာစကား အသစ်တစ်မျိုးကို လေ့လာတော့မယ်ဆိုရင် သဒ္ဒါပုံစံတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာရသလို၊ ဝေါဟာရ အသစ်တွေကိုလည်း ကျက်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါက ဦးနှောက်ကို အလုပ်လုပ်ခိုင်းရာရောက်ပြီး ဉာဏ်ရည် ဉာဏ်သွေးနဲ့ ဦးနှောက် ရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

ဘာသာစကား စွမ်းရည်မြင့်မားတဲ့ သူတွေဟာ အစီအစဉ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ပြဿနာဖြေရှင်းခြင်းစတဲ့ နေရာတွေမှာ သာမန် လူတွေထပ် ပိုမို သာလွန်တာကိုလည်း ပညာရှင်တွေ သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ သင့်ကိုသင်ပိုပြီး  ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားနေတယ်ဆိုရင် ဘာသာစကား အသစ်တစ်မျိုးမျိုးကို လေ့လာသင်ယူကြည့်ပါလို့ တက်ကျွမ်းသူတွေ အကြံပြုထားပါတယ်။ 

စာရေးခြင်း 

စာရေးခြင်းကရရှိမယ့် အကျိုးကျေးဇူးတွေက တန်နဲ့ချီပြီး ရှိပါသတဲ့။ ဒါကြောင့် အဆိုပါအကျိုး ကျေးဇူးတွေကို ချရေးကြည့်ပါမယ်။ သင့်ရဲ့ အသိဉာဏ်ကို တိုးတက်စေနိုင်ပါတယ်။ ဘာသာစကား စွမ်းရည်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်စွမ်း၊ ဆန်းသစ်တီထွင်နိုင်စွမ်း၊ စိတ်ကူးကွန့်မြူးနိုင်စွမ်း၊ သဘောပေါက် နားလည်နိုင်စွမ်းတွေကိုလည်း တိုးတက်လာအောင် အထောက်အကူပြုနိုင်တယ်လို့ သိရပါတယ်။ 

စာရေးဆရာတော်တော်များများဟာလည်း  ဉာဏ်ရည်မြင့်မားကြတဲ့ သူများဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဥာဏ်ရည်ကို စာရေးပြီးလည်း သွေးနိုင်ပါတယ်။ အနည်းဆုံး  ဒိုင်ယာရီရေးခြင်းလိုမျိုးကနေ စတင်ကြည့်ပါ။ 

အထက်ဖော်ပြပါ နည်းလမ်းတွေအပြင် ပိုပြီးစမတ်ကျတဲ့ သူတစ်ဦးဖြစ်အောင် သင်နောက်ထပ်လုပ်ဆောင်နိုင်မယ့် အရာတွေ ရှိနေပါသေးတယ်။ ခရီးထွက်ပါလို့ ပညာရှင်တွေ တိုက်တွန်းပါတယ်။ ခရီးထွက်ခြင်းက သင့်ရဲ့ ဉာဏ်ရည် ဉာဏ်သွေး ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုနိုင်တယ်လို့ သိရပါတယ်။ခရီးသွားခြင်းဖြင့်  နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်တွေကို သင်ကိုယ်တိုင်လေ့လာနိုင်ပြီး ဒေသန္တရ ဗဟုသုတတိုးပွားလာစေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အစားအစာချက်ပြုတ် ခြင်းဖြစ်ပါတယ်။ 

စမတ်ကျဖို့၊ တစ်နည်းအားဖြင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာအောင် ကြိုးစားနေရတဲ့အချိန်မှာ မီးဖိုချောင်ဝင်နေရခြင်းကို  မလိုအပ်ဘဲ အချိန်ဖြုန်းခြင်းတစ်မျိုးလို့ သင်ယူဆကောင်းယူဆမိပါလိမ့်မယ်။ ဒါပေမဲ့ ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်ခြင်းက တီထွင်ဖန်တီးမှု စွမ်းရည်ကိုတိုးတက်စေနိုင်တယ်လို့ သိရပါတယ်။ ဘယ်လို ဟင်းလျာမျိုးကို ချက်ပြုတ်နေပါစေ၊ သင့်ရဲ့ ဦးနှောက်ဟာ တိုင်းတာတွက်ချက်မှုတွေ ပြုလုပ်နေရပြီး ဆုံးဖြတ်ချက်တွေ ချနေရပါတယ်။ ဒီလို နည်းနဲ့ သင့်ရဲ့ ဦးနှောက်ဟာ လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချတဲ့ စွမ်းရည်တွေ ၊ အမြင်သို့ ချိန်ဆတဲ့ နည်းလမ်းနဲ့ တိကျမှုကို တိုင်းတာနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာနိုင်ပါတယ်။ ဒါကလည်းစမတ်ကျဖို့ လိုအပ်တဲ့ အရည်အသွေးများထဲမှာ ပါဝင်နေပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုအပ်ပြီး ဖြစ်နိုင်ရင် အားကစားတစ်မျိုးမျိုး ပြုလုပ်ဖို့လည်း ပညာရှင်တွေ တိုက်တွန်းထားတာ တွေ့ရပါတယ်။ အားကစားတစ်မျိုးမျိုး ပြုလုပ်ပေးခြင်းဖြင့်  သင့်ဦးနှောက်က အလုပ်လုပ်တဲ့အခါ  ပိုပြီးလိုက်လျောညီထွေ ဖြစ်လာစေနိုင်ပြီး ဦး နှောက်က ဆဲလ်တွေရဲ့ ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်လာစေနိုင်တယ်လည်း သိရပါတယ်။
Ref;Lifehack