ပါဝါမြှင့်ထားတဲ့ ရေ

သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ချင်ပါသော်လည်း အလုပ်များ အချိန်မပေးနိုင်လို့ စိတ်သာရှိပြီး လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့ အဖြစ်မျိုး ကြုံတွေ့နေရပါသလား။ သတင်းကောင်းတစ်ခု ဝေမျှပေးချင်ပါတယ်။ အလွန်
ဗျာများနေရတဲ့ နေ့မျိုးမှာတောင် သင့်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ငွေကုန်ကျေးကျ မများသလို ကရိကထလည်း မများတဲ့ နည်းလမ်းပေမယ့် ကျန်းမာရေးအတွက်တော့ အလွန်ကို အထောက်အကူပြုပါတယ်။ ဒီနည်းလမ်းကတော့ သင်သောက်သုံးမယ့် ရေထဲမှာ သခွားသီးစိမ်ပြီး သောက်ပေးရမယ့် နည်းလမ်းပါပဲ။ ရေလုံလုံလောက်လောက် သောက်သုံးခြင်းအားဖြင့် သင့်ရဲ့ ကျန်းမာရေးကို ပုံမှန်ထက်  ၉၉% လောက် ပိုမိုကောင်းမွန်စေနိုင်ပြီး ဖြစ်ပါတယ်။ ဒီလို အာနိသင်ရှိပြီးသား ရေကို ပါဝါမြင့်တဲ့အနေနဲ့  သခွားသီးစိမ်ပြီး သောက်ပေးခြင်းမှ ဘယ်လိုအကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်
လက်ရှိကမ္ဘာမှာ ဖြစ်ပွားမှုအများဆုံးရောဂါအုပ်စုများထဲမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါများက ထိပ်ဆုံးမှာ ရှိနေပါတယ်။ American Heart Association ရဲ့ အဆိုအရ အမေရိကန်နိုင်ငံမှာ နှလုံးရောဂါက လူသေဆုံးမှု အများ ဆုံးဖြစ်စေတဲ့ နံပါတ် ၁ ရန်သူ ရောဂါတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးရောဂါစတင်ဖြစ်ပွားခြင်းမှ သင်ဘယ်လို ကာကွယ်နိုင်မလဲ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြု လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ရွေးချယ်စားသောက်ပေးရုံနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို ရာခိုင်နှုန်းအတော်များများထိ လျှော့ချပြီးသား ဖြစ်စေနိုင်ပါတယ်။ သခွားသီးစိမ်ထားတဲ့ ရေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှလုံးရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာများထဲမှာ ပါဝင်နေတာက စာဖတ်သူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။ သခွားသီးစိမ်ထားတဲ့ ရေပုံ မှန်သောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်စေတဲ့ အဓိက တရားခံသွေးဖိအားများခြင်းကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောက်ကပ်က ခန္ဓာကိုယ်အတွက် လိုအပ်တာထက် ပိုလျှံနေတဲ့ ဆိုဒီယမ်(ဆားဓာတ်)ကို အညစ်အကြေးမှတစ်ဆင့် စွန့်ထုတ်တဲ့ ဖြစ်စဉ်ကိုလည်း အကူအညီ ဖြစ်စေတယ်လို့ ပညာရှင်တွေ ဆိုပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်လိုအပ်တာထက်များနေပြီဆိုရင် သွေးတိုးရောဂါဖြစ်လာနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ နှလုံးရဲ့ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်
ရေဓာတ်ချို့တဲ့ရတဲ့ အကြောင်းအရင်းများစွာရှိနေပါတယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့်၊ ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန်ပြုလုပ်ပြီး နောက်ပိုင်း ချွေးထွက်များခြင်းကြောင့်၊ နောက်ဆုံးအနေနဲ့ ရေမသောက်ခြင်းကြောင့် စတဲ့ အကြောင်းအရာများကြောင့် ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်ခြင်း ပြဿနာနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာများအနေနဲ့ အစာချေ လမ်းကြောင်း ကျန်းမာရေး ချူချာလာတာ၊ အလွယ်တကူ မူးဝေလာတတ် တာတွေအပြင် အချို့သော လူတွေဟာ ရေဆာလာချိန်မှာ ရေမသောက်ဘဲ အစားစားတာမျိုး ပြုလုပ်လေ့ရှိခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ The National Institute of Health မှ လူတစ်ယောက် ဟာ တစ်ရက်လျှင် အနည်းဆုံး ရေ ၆ ဖန်ခွက်မှ ၈ ဖန်ခွက်အတွင်းသောက်ပေးသင့်တယ်လို့ ထောက်ခံချက်ပေးထားပါတယ်။ ဒီလို ရေဓာတ်လိုအပ်ချက်ကိုပြည့်မီဖို့ ရေ သီးသန့်သောက်ဖို့ အခက်အခဲရှိမယ်ဆိုရင် ကိုယ်သောက်သုံး မယ့် ရေထဲမှာ သခွားသီး၊ သံပရာသီးစတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ သီးနှံတစ်မျိုးမျိုးကိုစိမ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
အရိုးပွရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး သတိထားရမယ့် ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးပြီးနောက် ပိုင်းမှာ အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပြီး ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက အရိုးတွေ အလွယ်တကူ ကျိုးပဲ့နိုင်ချေမြင့်မားလာခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အရိုးကျန်းမာရေးလို့ဆိုလိုက်တဲ့အခါမှာ ကယ်လ်စီယမ်၊ ဗီတာမင် D ၊ မဂ္ဂနီဆီယမ် စတာတွေကို လူအများစု စတင်စဉ်းစားမိကြလေ့ ရှိကြပါတယ်။ ဒါပေမဲ့ အဓိက အရေးပါတဲ့  ဗီတာမင် K ကိုတော့ မေ့ထားလေ့ရှိတတ်ကြတယ်လို့ သက်ဆိုင်ရာပညာရှင်တွေ သတိပေးထားတာကို လည်းတွေ့ရပါတယ်။ အရိုးကျန်းမာရေးအတွက် အလွန်အရေးကြီးပြီး လူတွေသတိမထားမိတဲ့ ဗီတာမင် K က သခွားသီးမှာ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့်သခွားသီး စိမ်ထားတဲ့ရေကိုသောက်ပေးခြင်းအားဖြင့် အရိုးတွေရဲ့ သိပ်သည်းဆနဲ့ ကြံ့ခိုင်မှု အတွက် လိုအပ်တဲ့ ဗီတာမင်ကိုလည်း ရရှိပြီးသားဖြစ်သွားစေပါလိမ့်မယ်။

ကင်ဆာ ရောဂါကို ဟန့်တားပေးနိုင်ပါတယ်
သခွားသီး စိမ်ထားတဲ့ရေ သောက်သုံးခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေ လျှော့ချပေး နိုင်တယ်လို့ တစ်ထစ်ချ ဆိုနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ သခွားသီးစိမ်ရေက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေး တိုးတက်ကောင်း မွန်လာဖို့တော့ တစ်စိတ်တစ်ပိုင်း ကူညီပေးနိုင်ပါလိမ့်မယ်။ သခွားသီးမှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ အမျှင်ဓာတ်တွေက သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာတဲ့ အနေအထားမှာ ရှိနေအောင် ထိန်းပေးထားနိုင် သလို သခွားသီးမှာ ပါဝင်တဲ့ antioxidants တွေ၊ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးလို့ မရတဲ့ cucurbitacins ၊ lignans စတဲ့ သဘာဝဓာတ်ပေါင်းတွေက ကင်ဆာဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်ကို ခန္ဓာကိုယ်က ခုခံရာမှာ အထောက်အကူပြုနိုင်ကြောင်းကိုလည်း လေ့ လာမှုတွေ ပြုလုပ်ပြီးနောက် ပညာရှင်တွေ သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် သခွားသီးစိမ်ထားတဲ့ ရေ သောက်ပေးခြင်းဖြင့် သင့်ရဲ့ ကျန်းမာရေးကို ကောင်းမွန်ရုံသာမက ကင်ဆာဖြစ်နိုင်ချေကိုပါ အနည်းအကျဉ်းကာ ကွယ်ပေးနိုင်မယ်ဆိုရင် ဒါက ဆုလာဘ်တစ်ပါး လို့တောင် ဆိုနိုင်နေပါပြီ။

နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်
သင်အသက်ရလာတဲ့အခါ ကင်ဆာ၊ အရိုးပွရောဂါနဲ့ နှလုံးရောဂါတွေကိုပဲ စိုးရိမ်ရတော့မှာ မဟုတ်ပါဘူး။ မျက်စိအမြင်အာရုံနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အယ်လ်ဇိုင်းမားရောဂါကဲ့သို့ မှတ် ဉာဏ်ချို့ယွင်းစေတဲ့ ရောဂါတွေ၊ ဆီးချို စတဲ့ ရောဂါတွေအတွက်လည်း သင်စိတ်ပူပန်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သခွားသီးမှာပါတဲ့ အမျိုးမျိုး အစုံစုံသော antioxidants တွေမှာ ဆဲလ်တွေကို ၀န်ပိစေတဲ့ ပြင်ပက သက်ရောက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းတွေ ရှိသလို ဆဲလ်တွေ အိုမင်းပြီး သေဆုံးမယ့်ဖြစ်စဉ်ကို နှေးကွေးသွားစေ အောင် စွမ်းဆောင်နိုင်တဲ့ အာနိသင်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် အသက်အရွယ် ကြောင့် ဖြစ်ပေါ်ခံစားလာရနိုင်တဲ့ ရောဂါများကို ကြိုတင်ကာကွယ်ထားတဲ့ အနေနဲ့လည်း သခွားသီးစိမ်ရေကို သင်သောက်သုံးဖို့ ရွေးချယ်နိုင်ပါသေးတယ်။

အဆိပ်အတောက်များ ဖယ်ထုတ်ပေးနိုင်ပါတယ်
နေ့စဉ်စားသောက်နေတဲ့ အစားအစာနဲ့ ရေများမှာ၊ ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်မှ အိမ် သုံး သန့်ရှင်းရေးပစ္စည်းများနဲ့ ရှူသွင်းနေရတဲ့ ညစ်ညမ်းတဲ့ လေထုမှာ ခန္ဓာကိုယ်နဲ့ ကျန်းမာရေး ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ အဆိုပါ အညစ်အကြေးတွေဟာ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း စုပုံလာကြပြီး နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ် လာစေနိုင်ပါတယ်။ သခွားသီး မှာ ရေဓာတ်ပါဝင်မှု မြင့်မားသလို အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက် တွေကို ဖယ်ရှားဖို့ အသုံးပြုတဲ့အခါမှာ အလွန်ကိုထိရောက်မှု ရှိပါတယ်။ ဒါကြောင့် သင် Detox လုပ်တော့မယ်လို့ စဉ်းစားတဲ့အခါမှာ သခွားသီးစိမ် ရေကို ပထမဆုံး သတိရနိုင်ပါတယ်။
ဒါ့အပြင် သခွားသီးစိမ်ထားတဲ့ ရေကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ပိုနေတဲ့ ကယ်လိုရီတွေကို လျော့ကျစေနိုင်သလို ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အသားအရေကို သိသိသာသာ စိုပြေလာစေနိုင်ပါတယ်။ ဒါကြောင့် သခွားသီး စိမ်ထားတဲ့ ရေ သောက်ခြင်းက သင့်ရဲ့ အလှအပအတွက်လည်း အထောက်အကူပြုပေးနိုင်ကြောင်း လက်တို့ လိုက်ရပါတယ်။

Ref;    LifeHack