သွားများက ပြောတဲ့ ကျန်းမာရေး

သွားများကပြောတဲ့ ကျန်းမာရေးလို့ဆိုတဲ့အခါ သွားကိုက်တာ၊ သွားပိုးစားတာ၊ ရေစီးကမ်းပြိုလိုက်တာစတဲ့ ရောဂါများကိုပဲ သင် သတိရမိမှာပါ။ မှန်ပါတယ် ။ အဆိုပါ ရောဂါများက သွား၊ သွားဖုံးနဲ့ သီးသန့် ပတ်သက်တဲ့ရောဂါများ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ သွားများက သင်အလွယ်တကူသတိမထားမိနိုင်တဲ့ သင့်ခန္ဓာကိုယ်တွင်းက ရောဂါများအကြောင်းကို တိတ်တဆိတ် ဖော်ပြနိုင်ကြပါတယ်။

သင့်မှာ ဆီးချိုရောဂါရှိနေနိုင်ပါတယ်
နီရဲ ရောင်ရမ်းပြီး သွေးထွက်နေတဲ့ သွားဖုံးတွေဟာ ရေစီးကမ်းပြိုရောဂါရဲ့ လက္ခဏာများ ဖြစ်ပါတယ်။ Periodontal ရောဂါက ဘက်တီးရီးယားတွေ သွားနဲ့ခံတွင်းတစ်ဝိုက်က တစ်သျှူးတွေမှာ ကူးစက်ပြီး သွား ချိုးတွေ ဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါက Periodontal ရောဂါကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ပညာရှင်တွေ ပြောဆိုထားပါတယ်။ ဒါ့အပြင် Periodontal ရောဂါကြောင့်လည်း ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ်ကိုထိန်းချုပ်ရာမှာ ပိုမိုခက်ခဲစေနိုင်တဲ့ အပြန်အလှန်သက်ရောက်မှုမျိုးလည်း ရှိနေတယ်လို့ ပညာရှင်တစ်ဦးက ပြောဆိုထားပါတယ်။
သုတေသီတွေဟာ  ဆီးချိုရောဂါက Periodontal ရောဂါအတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ပြင်းထန်တဲ့ရောဂါရဲ့ နောက်ဆက်တွဲ လက္ခာဏာများအဖြစ် သွားနှင့် သွားဖုံးတစ်ဝိုက်က နူးညံ့တဲ့ တစ်သျှူးများကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားကို ထောက်ကန်ပေးထားတဲ့ အရိုးတွေကို လည်း ဖျက်စီးပစ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။
အဓိက သတိထားရမယ့် အချက်ကတော့ ဆီးချိုရောဂါရှိနေသူတွေမှာ Periodontal ရောဂါ ဖြစ်နိုင်ချေ သုံးဆပိုများတာကြောင့် သွားဖုံးတွေမှာ သွေးယိုစီးနေတာ၊ ရောင်ရမ်းနေတာ၊ မကြာခဏ သွားဖုံးမှာ ဘက်တီးရီးယား ကူးစက်ခံရတာမျိုးဖြစ်လေ့ရှိတဲ့ လူနာကို သက်ဆိုင်ရာ ဆရာဝန်တွေက ဆီးချိုရောဂါရှိမရှိ မေးမြန်းလေ့ရှိပြီး မိသားစုမျိုး ရိုးမှာလည်း ဆီးချိုရောဂါဖြစ်ဖူးသူ ရှိမရှိ စုံစမ်းမေးမြန်းလေ့ရှိကြပါတယ်။
ဆီးချိုရောဂါဟာ Periodontal ရောဂါနဲ့ပဲ ဆက်စပ်နေတာ မဟုတ်ဘဲ နောက်ဆက်တွဲ နှလုံးခေတ္တရပ်ခြင်း၊ လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိတဲ့ ရောဂါများနဲ့ပါ ဆက်နွယ်လျက်ရှိတာကြောင့် သတိထားဖို့လို အပ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ခံတွင်းက အချိန်မီ အချက်ပြနေတဲ့ အန္တရာယ်မီးနီကို သင်ကိုယ်တိုင် သတိပြုမိဖို့ လိုအပ်ပါတယ်။

သင့်မှာ စိတ်ဖိစီးမှု ပြဿနာ အကြီးအကျယ် ဖြစ်နေနိုင်ပါတယ်
သင်ကိုယ်တိုင် သတိမထားမိဘဲ အံကြိတ်ထားမိနေတာ၊ သွားတွေ ကြိတ်နေမိတာက သင့်မှာဖိစီးမှုတစ်စုံတရာရှိနေပြီဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ နာမကျန်းဖြစ်ရခြင်းရဲ့ ၉၉ % က စိတ်ဖိစီးမှုက တစ်ဆင့် မြစ်ဖျားခံပါတယ်။ ဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုတွေ စတင်ရှိလာပြီဆိုတာနဲ့ မကြာခင်မှာ သင် ကျန်းမာရေးချူချာလာတော့မှာ ဖြစ်ပါတယ်။ ဒီလို မကြာခဏ သွားကြိတ်မိတာမျိုးဖြစ်လာပြီဆိုရင်လည်း သွားတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်လာစေမှာဖြစ်ပြီး သွားတွေကို အထိမခံနိုင်တာမျိုး၊ သွားတွေ နာကျင်လာတာမျိုးတွေ ဖြစ်လာနိုင်ပြီး အစားအသောက်စားတဲ့အခါမှာ ဒါက ပြဿနာ ဖြစ်လာနိုင်ပါတယ်။

သင့်မှာ စိတ်ဖိစီးမှုတွေ ရှိနေပြီဆိုတာ ပြနေတဲ့ နောက်ထပ်သင်္ကေတတစ်ခုကတော့ ခံတွင်းအနာ များဖြစ်ပါတယ်။
စိတ်ဖိစီးမှုများတဲ့ သူတွေမှာ ခံတွင်း အနာမကြာမကြာ ပေါက်လေ့ရှိတာကိုလည်း ဆရာဝန်တွေ သတိပြုမိခဲ့ကြပါတယ်။ အဖြူရောင် (သို့) အနီရောင် အနာလေးတွေက ရေများများသောက်လိုက်ရင် ရက်အနည်းငယ် အတွင်း ပျောက်သွားနိုင်ပါတယ်။ ရေလည်း ပုံမှန်သောက်တယ်၊ အိမ်သုံးဆေးဝါးများနဲ့လည်း ကုနေရင်းမှ အချိန် ၂ ပတ် ကျော်ကြာတဲ့အထိ မပျောက်တဲ့ အနာကတော့ ကင်ဆာလို့ သံသယ ဖြစ်ဖွယ်ရှိတာကြောင့် ဒီအချိန် မှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ကုသရတော့မှာ ဖြစ်ပါတယ်။

သင့်အရိုးတွေရဲ့ သိပ်သည်းဆ နည်းနေနိုင်ပါတယ်
သွားကျိုးသွားတာ၊ သွားဖုံးမှ ကျွတ်ထွက်သွားတာ၊ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သင့်အရိုးတွေရဲ့ သိပ်သည်းဆနည်းနေပြီဆိုတဲ့ လက္ခဏာဖြစ်ပါ တယ်။ နောက်ဆက်တွဲအနေနဲ့ ကုသရခက်တဲ့ အရိုးပွရောဂါ တစ်ဆက်တည်း ပါလာလေ့ရှိတတ်ပါတယ်။ အရိုးပွရောဂါရှိတဲ့ အမျိုးသမီးတွေဟာ ရောဂါမရှိတဲ့ အမျိုးသမီးတွေထက် သွားကျိုးနိုင်ချေ ၃ ဆပိုများတယ်လို့လည်း National Institute of Arthritis and Musculoskeletal and Skin Diseases (NIAMS)ရဲ့ လေ့လာမှုရလဒ်တွေအရ သိရပါတယ်။ အရိုးပွရောဂါ ရှိမရှိရှာဖွေဖို့ dental X-rays ရိုက်တဲ့ နည်းလမ်းကို အသုံးပြုနိုင်တယ်လို့လည်း NIAMS က ဆက်လက် အကြံပြုထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် သွားကျိုးသွားတာကို သွားကျိုးသွားတယ်လို့ပဲ အမှတ်မထင် သဘောမထားဘဲ အရိုးကျန်းမာရေးကိုပါ တစ်ဆက်တည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း သတိပေးလိုပါတယ်။

သင့်မှာ Autoimmune Disease ဖြစ်နေနိုင်ပါတယ်
သင့်ခံတွင်းတွေ အချိန်တိုင်းလိုလို ခြောက်နေပါသလား ။ သင် လက်ရှိမှာ ဆေးဝါးတစ်မျိုးမျိုး သုံးစွဲနေမယ်ဆိုရင် အဲဒီဆေးဝါးတွေကြောင့်လို့ အထင်မှားစရာရှိနိုင်ပေမဲ့ ခုခံအားက ကိုယ့်ကို ပြန်တိုက်ခိုက်သော autoimmune disease အမျိုးအစား Sjogren's syndrome ရဲ့ နမိတ်ပြ လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။ Sjogren's syndrome က အဓိကအားဖြင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တံတွေးရည်နဲ့ မျက်ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကို အဓိကထားတိုက်ခိုက်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဒါကြောင့် သင့်ခံတွင်းနဲ့ အာခေါင်အလွန်အမင်းခြောက်သွ့လေ့ရှိတယ် ဆိုရင် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ကြောင်းပါ။

သင့်မှာ Acid Reflux ရောဂါ ဖြစ်နေနိုင်ပါတယ်
    သင့်ရဲ့ခံတွင်းက အနံ့အသက်ဆိုးတွေ ထွက်နေပါသလား။ ကြက်သွန်ဖြူ တစ်တက် နှစ်တက် စားမိလို့၊ အနံ့ပြင်းတဲ့ အစားအသောက်များ စားမိသောက်မိလို့ အနံ့ထွက်တာမျိုး မဟုတ်ဘဲ သွားတွေကို သေသေချာချာ တိုက်ထားပြီးရဲ့နဲ့ တောင် အာပုပ်နံ့ထွက်နေသေးတယ်ဆိုရင်တော့ သင့်မှာ Gastroesophageal Reflux Disease (GERD) ရှိနေနိုင်တယ်လို့ ယူဆရပါမယ်။ Gastro-esophageal Reflux Disease (GERD)  ရောဂါက အစာအိမ်၊ အစာရေမြိုပြွန် အဆက်နေရာက အစာခြေရည် (အက်စစ်)တွေ အထက်ကို ဆန်တက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စဖြစ်ဖြစ်ချင်းမှာတော့ သင့်ခန္ဓာကိုယ်က အဲဒီရောဂါရဲ့ လက္ခဏာတွေကို သိသိသာသာ ပြလေ့မရှိပါဘူး။ အက်စစ်ရည်တွေ အထက်ကို ဆန်တက်တာမျိုးက ညဘက်အိပ်ပျော်နေစဉ်မှာပို ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ သင့်ရဲ့ ခံတွင်းနဲ့ သွားတွေက အဆိုပါ ဖြစ်စဉ်ကို တုံ့ပြန်မှုတွေ ပြုလုပ်လာပါတယ်။ အက်စစ်ကြောင့် ခံတွင်းမှ အနံ့ဆိုးတွေ ထွက်လာပြီး သွားတွေက တိုက်စားခံထားရတဲ့ လက္ခဏာတွေ ပြလာပါတယ်။ ဒါကြောင့် သင့်ရဲ့ ခံတွင်းက အနံ့ဆိုး ထွက်လာခြင်းက  သင်သတိမမူမိတဲ့ Acid Reflux ရောဂါကို အသံတိတ်
အချက်ပြနေခြင်းလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

Ref;Lifehack