အကုန်အကျသက်သာ ကျန်းမာလှပ ဝိတ်လျှော့ကြ

ကျွန်မတို့ အမျိုးသမီးတွေအတွက်တော့ ခန္ဓာကိုယ်အလေးချိန်တိုးလာခြင်း၊ လျော့သွားခြင်းတို့ဆိုတာ အရေးကြီးတဲ့ အရာများစွာထဲကတစ်ခု အပါအဝင်လို့ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။ ကျွန်မတို့ နေ့စဉ် စားသောက်နေကြတဲ့ အစားအစာနဲ့  ဖြတ်သန်းနေထိုင်နေရတဲ့ လူနေမှုဘဝတွေကလည်း ခန္ဓာကိုယ်အလေးချိန်ကို တိုးလာစေဖို့ တွန်းအားပေးနေသလိုပါပဲ။ ဒီတော့ အများစုက ကိုယ်အလေးချိန်လျော့ကျဖို့အတွက် နည်းလမ်းတွေ အများကြီးထဲက ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ကြလေ့ရှိပါတယ်။ နည်းလမ်းပေါင်းများစွာထဲကမှ Cleanse လို့ခေါ်တဲ့ အူလမ်းကြောင်း သန့်စင်ရှင်းလင်းတဲ့ နည်းလမ်းကိုတော့ အသားအရေလည်းလှ၊ ဝိတ်လည်းကျဆိုပြီး လိုက်နာလုပ်ဆောင် ကြည့်တတ်ကြသူတွေ ရှိကြပါတယ်။ ဒီတစ်လမှာတော့ Cleanse လုပ်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ရှာတွေ့သမျှ ဝေမျှပေးမယ့်အပြင် ငွေကြေးကုန်ကျမှု သက်သာမှုရှိပြီး ကျန်းမာရေးနဲ့လည်းညီညွတ်၊ ပင်ပင်ပန်းပန်း ဆောင်ရွက်ရတာတွေလည်း မပါဝင်ဘဲ စားရင်းသောက်ရင်းနဲ့ သွယ်လျလှပ ကိုယ်အလေးချိန် လျော့ကျစေမယ့်နည်းလမ်းကို လမ်းညွှန်ပေးချင်ပါတယ်။ 

မမတို့ ညီမလေးတို့တွေထဲမှာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားသန့်စင်စေဖို့ ဒါမှမဟုတ် ကိုယ်အလေးချိန်လျော့ကျစေဖို့မျှော်လင့်ပြီး အဆိပ်အတောက် ဖယ်ရှားသန့်စင်တဲ့ ဓာတ်စာ၊ အထူးသဖြင့် ရေနဲ့ အစာအစာတွေကိုစနစ်တကျ စားသုံးပေးခြင်းလို့ခေါ်တဲ့ အူလမ်းကြောင်း ရှင်းလင်းသန့်စင်ခြင်း နည်းလမ်းတွေကိုပြုလုပ်ဖို့ ကြိုးစားကြတဲ့ သူတွေရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ အစာအာဟာရနှင့် အာဟာရသိပ္ပံပညာ ဂျာနယ်ထဲမှာပါဝင်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့အဆိုအရ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ဖို့ စားသုံးပြီး ကိုယ်အလေးချိန်လျော့ကျစေခြင်းဟာ ရည်ရွယ်ချက်အတွက် အနည်းငယ်မျှသာ အထောက်အကူပြုကြောင်း တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ဖို့အတွက် အသည်း၊ ကျောက်ကပ်နဲ့ အူလမ်းကြောင်းတို့က ဆိုင်ရာဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ အကူအညီပေးကြပြီး အဆင်ပြေလျက်ရှိနေပြီးသား ဖြစ်ပါ တယ်။ ဒါကြောင့် သိပ်ကိုလိုက်နာစောင့်ထိန်းရတာတွေများတဲ့အပြင် စွန့်စားလွန်းရာကျတဲ့ တန်ဖိုးကြီးအဆိပ်အတောက် သန့်စင်မှုဆိုင်ရာနည်းလမ်းတွေကို လိုက်လုပ်ကြည့်ဖို့ မလိုအပ်ဘူးလို့ ဆိုချင်ပါတယ်။ 

Cleanse မှာလုပ်ဆောင်ရတဲ့ အရာများ
Cleanseလို့ခေါ်ကြတဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားသန့်စင်ခြင်းဆိုင်ရာ နည်းလမ်းတွေ တစ်နည်းအားဖြင့် အူလမ်းကြောင်းရှင်းလင်းတဲ့ နည်းလမ်းတွေမှာ ဖြည့်စွက်စာတွေကို ပေါင်းစပ်ခြင်း၊ အစာမစားဘဲနေထိုင်ခြင်းနဲ့ အစား
အစာတွေကို ကန့်သတ်စားသုံးခြင်းစတာတွေ ပါဝင်လေ့ရှိပါတယ်။ တော်တော်များများနည်းလမ်းတွေမှာတော့ ခန္ဓာကိုယ် အဆိပ်အတောက် ဖယ်ရှားသန့်စင်မယ်ဆိုရင် အရည်တွေကိုသာခွင့်ပြုလေ့ရှိပါတယ်။ တချို့နည်းလမ်းတွေမှာတော့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းအတိုင်းစားသုံးလို့ရတာမျိုးလည်းရှိတတ်ပါတယ်။ အနည်းဆုံးလုပ်ရဖွယ်ရှိတာကတော့ အရက်၊ ကဖင်းဓာတ်နှင့် နီကိုတင်းတို့ကိုစွန့်လွှတ်ရဖို့ ရှိတဲ့အပြင် အသားတွေနဲ့ အခြားသော အရည်မဟုတ်
တဲ့ အစားမာတွေကိုလည်းမေ့ထားလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဖြည့်စွက်စာဆိုတဲ့အရာမှာတော့ ပိုးသတ်ဆေးတွေ၊ ဗီတာမင်၊ သတ္ထုဓာတ်၊ ဝမ်းချူတဲ့ ဆေးရည်တွေနဲ့ ဝမ်းနုတ်ဆေးစတာတွေ ပါဝင်နိုင်ပါတယ်။ ဒီဖြည့်စွက်စာတွေမှာ အထူးပြုလုပ်ထားတဲ့ သစ်သီးဖျော်ရည်တွေသောက်သုံးဖို့ လိုအပ်တာမျိုးရှိတတ်တာကြောင့် ဈေးကြီးပေးပြီး ဝယ်ရတတ်ပါတယ်။ များသောအားဖြင့် ဒီနည်းလမ်းတွေမှာအကြိုကာလရှိတတ်ပြီး အဆိပ်အတောက် ဖယ်ရှားမှုနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်ကိုဆောင်ရွက်နေတဲ့ အချိန်တွေမှာလည်း အစားအစာစားသုံးခြင်းကို ရပ်တန့် လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ အကူးအပြောင်းကာလလိုအဆင့်ကို ရောက်တဲ့အခါမှသာ ကိုယ်စားသုံးမယ့် အစားအစာထဲကိုတဖြည်းဖြည်း ခြင်း အစားအစာတွေထည့်ပြီး စားသုံးရပါတယ်။ အကြိုကာလရော အကူးအပြောင်းကာလမှာပါ  အဆင့်နှစ်ခုလုံးမှာ အဆိပ်အတောက်သန့်စင်ခြင်းရဲ့ ကြာချိန်ကအတူတူနီးပါးပါဘဲ။ 

Cleanse လုပ်ခြင်းမှာရှောင်ရှားသင့်တဲ့ အရာများ
မေ ၂၀၀၈ ခုနှစ်မှာထုတ်ဝေခဲ့တဲ့  Today’s Dietitian  က ဆောင်းပါးတစ်ပုဒ် အလိုအရ ထောက်ခံအတည်ပြုကြလေ့ရှိတဲ့ ဆားပျော်ရည်၊ ဝမ်းချူဖို့ သောက်တဲ့ဆေးရည်၊ ဖျော်ရည်အဆီဒါမှမဟုတ် ဆေးဘက်ဝင်သစ်ဥသစ်ဖုတွေနဲ့ ပြုလုပ်ထားတဲ့ ဝမ်းနှုတ်ဆေးစတဲ့ အဆိပ်အတောက် ဖယ်ရှားသန့်စင်စေဖို့  အသုံးပြုတဲ့ နည်းလမ်းရောသန့်စင်ခြင်းဆိုင်ရာ နည်းလမ်းတွေကိုပါ ရှောင်ရှားတာက အကောင်းဆုံးပါဘဲ။ ဒီလိုနည်းလမ်းတွေက မိမိခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို အမှန်
တကယ်ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ သက်သေက ခုထိရှိမနေသေးတဲ့အပြင် စိတ်မချမ်းမြေ့ဖွယ်ရာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ကျဖို့အတွက် ဝမ်းနုတ်ဆေးလိုပစ္စည်းတွေကို အသုံးပြုခြင်းဟာ မကြာ ခဏဆိုသလိုအစားအသောက် ပုံမမှန်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ ဒါကရေရှည်အတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုမျိုးမဟုတ်ပါဘူး။ ဒါကြောင့်  အာဟာရပညာရှင်တွေက ဒီလိုအလေ့အကျင့်တွေကို ထောက်ခံကြလေ့ မရှိတာဘဲ ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်တစ်ခုလုံးကို Cleansing လုပ်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်များ
အူလမ်းကြောင်းသန့်စင်ခြင်းဒါမှမဟုတ် အဆိပ်အတောက် ဖယ်ရှားသန့်စင်ခြင်းနဲ့ နည်းလမ်းတွေကိုလိုက်ပါလုပ်ဆောင်ခြင်းအားဖြင့် ခေါင်းကိုက်တာ၊ စိတ်ကသိကအောက်ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ အစားအစာတစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန် တောင့်တတာ၊ နှာစေးတာ ဒါမှမဟုတ် ဝမ်းလျှောတာစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဒီလိုအစားအသောက်လျော့တဲ့ နည်းလမ်းတွေဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို အလွန်နည်းပါးစွာ ရရှိစေတာကြောင့် အာဟာရချို့တဲ့မဲ့  အန္တရာယ်ကို တိုးလာစေပါတယ်။ ကယ်လိုရီတွေနဲ့ အာဟာရတွေ မရှိသလောက်နီးပါး နည်းပါးတာကြောင့် အာရုံစူးစိုက်နိုင်မှုနဲ့ ဝေဖန်ဆန်းစစ် စဉ်းစားနိုင်စွမ်းတွေ အပေါ်မှာလည်း ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ကိုယ်
ဝန်ဆောင်အမျိုးသမီးတွေ၊ သွေးတွင်းသကြားဓာတ်နည်းတဲ့သူ ဒါမှမဟုတ် ဆီးချိုရောဂါရှိတဲ့သူ၊ ကလေးသူငယ်တွေနဲ့ အစားအသောက် ပုံစံမမှန်တဲ့သူတွေဟာ သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် cleanse မလုပ်သင့်ပါဘူး။ 
အူလမ်းကြောင်း သန့်စင်ခြင်းဆိုင်ရာနည်းလမ်းတွေမှာ ဝမ်းနုတ်ဆေးပါခဲ့မယ်ဆိုရင် ဝမ်းလျှောတတ်တာကြောင့် သတ္ထုဓာတ် မညီမျှတာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ အစာချေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည် အူသန့်စင်အောင် ပြုလုပ်ခြင်းဟာ ဇီဝတွင်း ဖြစ်ပျက်မှုတွေကို ပိုမိုနှေးကွေးစေနိုင်ပါတယ်။ ဆိုလိုတာကကိုယ်အလေးချိန်လျော့ကျဖို့အတွက် ပိုလို့တောင်ခက်ခဲနိုင်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင်  တစ်နေ့တာအတွက် ကယ်လိုရီ ၁၀၀၀ ထက် နည်းခဲ့တဲ့ အကြိမ်ရေတွေများလာပြီး ကယ်လိုရီတွေ အရမ်းလျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုကယ်လိုရီနည်းပါးတဲ့ စားသုံးမှုဟာ အစားအ စာတွေထဲမှာအသားဓာတ် ပါဝင်မှုနည်းပါးတာ ကြောင့်  ကြွက်သားတွေ လျော့ရဲတာ ဖြစ်စေတတ်ပါတယ်။ 

ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ Cleanse လုပ်တဲ့ နည်းလမ်း
အစာမစားဘဲနေတာ၊ အစားအစာနဲ့ ရေကိုစားသုံးပြီး အဆိပ်အတောက်ဖယ်ရှားတဲ့ စားသုံးမှုနည်းလမ်းကိုကျင့်သုံးတာနဲ့ သန့်စင်ရှင်းလင်းခြင်းတွေဟာ ရေရှည်မှာကိုယ်အလေးချိန်လျော့ကျဖို့အတွက် မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ဒီလိုနည်းလမ်းတွေကို ကျင့်သုံးပြီးတဲ့နောက် အရင်လိုဘဲကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုထပ်ပြီး စားနေဦးမယ်ဆိုရင် အရင်အတိုင်းပြန် ဖြစ်သွားမှာပါဘဲ။ ဒါကြောင့် တစ်သက်လုံးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုမျိုး ဖြစ်အောင် ပြောင်းလဲသင့်ပါတယ်။ ညီညွတ်မျှတ တဲ့ စားသောက်နေထိုင်မှုမျိုးဖြစ်စေဖို့ အဓိကအားဖြင့် ပြင်ဆင်ပြောင်းလဲမှုတွေ၊ ထပ်မံပေါင်း ထည့်တာတွေ နည်းနိုင်သမျှ အနည်းဆုံး ပြုလုပ်ထားတဲ့ အစားအစာတွေကို စားသုံးပေးပါ။ အဆင့်ဆင့် ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုစားသုံးမယ့်အစား အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကိုစားသုံး ပေးရမယ့်အပြင် ရေများများသောက်ပေးဖို့လည်း လိုအပ်တာပေါ့။ သကြားထပ်ထည့်ထားတဲ့ အစားအစာ၊ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ အနံ့နဲ့ အရောင်လှအောင် သုံးတဲ့ပစ္စည်းတွေ၊ ကဖင်းနဲ့ အရက်စတာတွေကို ရှောင်ရှားပေးပါ။ ဒါမဟုတ်ရင်လည်း နည်းနိုင်သမျှ နည်းနည်းဘဲစားသုံးဖို့ အကြံပြုပါရစေ။ 
ရေရှည်မှာ ကိုယ်အလေးချိန်တက်မလာစေဖို့ဆိုရင် ကိုယ့်ရဲ့ လှုပ်ရှားနေထိုင်မှုအတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုနေတာတွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။  တစ်နေ့မှာ ကယ်လိုရီ ၅၀၀ လောက် လျော့ချစားသုံးလိုက်
ခြင်းဖြင့် တစ်ပတ်မှာ ၁ ပေါင်လောက်လျော့ကျဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းကလည်း ကြွက်သားတွေအစားအဆီတွေ ဖြစ်လာခြင်းကို ကူညီလျော့ချပေးသွားမှာပါ။ ယခုဖော်ပြထားတဲ့ ကိုယ်အ
လေးချိန်လျော့ချတဲ့ နည်းလမ်းမှာ ပရိသတ်ကြီး အနှစ်သက်ဆုံးဖြစ်မယ့် အရာတစ်ခုကတော့ ငွေကုန်ကြေးကျ သက်သာခြင်းပါပဲ။ ငွေကုန်ဖို့လိုအပ်တာကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဝယ်ခြမ်းဖို့အတွက်သာ ဖြစ်တဲ့အကြောင်းဝေမျှရင်းမမတို့ ညီမလေးတို့လည်းကျန်းမာလှပတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 
Ref: The Best & Cheapest Whole-Body Cleanse and Weight-Loss Diets
By Jessica Bruso