ဝါ စိမ်း နီ ပြာ အရောင်စုံအောင် စားပါ

သင့်ရဲ့ အ၀တ်ဗီရိုလိုပါပဲ။ သင့်ရဲ့ ပန်းကန်ဟာလည်း အရောင်စုံနေဖို့ လိုအပ်ပါတယ်။ 

လက်ရှိအချိန်မှာ သင်ရောကျွန်ုပ်ပါ အစားအသောက်တွေကို အရသာ၊ ဈေးနှုန်းနဲ့ လွယ်ကူမြန်ဆန်မှုအပေါ်မူတည်ပြီး ရွေးချယ်စားသောက်လေ့ရှိ ကြပါတယ်။ နောက်ဆုံးမှာ ကိုယ်စားသောက်လိုက်တဲ့ အစားအစာရဲ့ အာဟာရတန်ဖိုးကို ထည့်သွင်းစဉ်းစားဖို့ သတိမရတော့သလို ကိုယ့်ကျန်းမာရေးအတွက် ကောင်းမကောင်း၊ သင့်မသင့် ချင့်ချိန်ဖို့  အချိန်မပေးနိုင်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး လှုပ်ရှားသွားလာနိုင်ဖို့ စွမ်းအင်ဟူသမျှက သင်စားသုံးလိုက်တဲ့ အစားအသောက်များထံမှ ရရှိတာကြောင့် ဒီလို အရေးကြီးတဲ့ကဏ္ဍကို ပေါ့ပေါ့တန်တန် သဘောထားပြီးဖြစ်သလို စားသောက်လိုက်တာမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ စွမ်းအင်ကို ရရှိရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးနိုင်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသုံးမှုပုံစံရဲ့ ပထမဆုံးခြေလှမ်းက သင့်ရဲ့ ပန်းကန်ပြားထဲမှာ အရောင်စုံနေဖို့ပဲဖြစ်ပါတယ်။ 

အပြာ နဲ့ ခရမ်းရောင် 
အပြာ နဲ့ ခရမ်းရောင် အစားအစာတွေ။ သင့်အတွက် ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမယ့် သင်မကြာမကြာ စားလေ့ရှိတဲ့ ဟင်းလျာနဲ့ အစားအစာတွေမှာ အဆိုပါ အရောင်အဆင်းရှိတဲ့ အသီးအနှံတွေ ပါဝင်နေလေ့ရှိပါတယ်။  ခရမ်းသီး၊ 
စပျစ်သီး၊ ဘလူးဘယ်ရီ၊ ဆီးသီး စတာတွေကို အပြာ (သို့) ခရမ်းရောင်ရှိတဲ့ အသီးများလို့ သတ်မှတ် နိုင်တာကြောင့် သင်ရဲ့ မီနူးမှာ အပြာ(သို့) ခရမ်းရောင် အစားအစာများ ပါဝင်ပြီးသား ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီ သီးနှံတွေကို အပြာ(သို့) ခရမ်းရောင် အရောင်အဆင်းဖြစ်စေတာက Anthocyanin  ဆိုတဲ့ ရောင်ခြယ်ပစ္စည်းကြောင့်ဖြစ်ပြီး အစွမ်းထက် Antioxidant တစ်မျိုးလည်း ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို တည်ငြိမ်စေနိုင်တဲ့ အာနိသင်လည်းရှိတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်သော ရောင်ခြယ်ပစ္စည်းတစ်မျိုးလို့ ဆိုကြပါစို့။

ဒါကြောင့်  Anthocyanin ပါဝင်တဲ့ အပြာနဲ့ ခရမ်းရောင် အသီးအနှံတွေကို စားသုံးပေးခြင်းက သင့်ရဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်သလို သွေးတိုးစတဲ့ သွေးဖိအားနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါ 
တယ်။ ဒါ့အပြင်သွေးကြောပိတ်ခြင်းနဲ့ ကင်ဆာရောဂါ  ဖြစ်နိုင်ချေကိုလည်း လျှော့ချပြီးသား ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ Anthocyanin ရဲ့ အစွမ်းသတ္တိ အမြင့်မားဆုံးပါဝင်တဲ့ အသီးက ဘလူးဘယ်ရီသီးဖြစ်တယ်လို့ လေ့လာမှုတွေကတစ်ဆင့် တွေ့ရှိထားပါတယ်။ 

အစိမ်းရောင်
အစိမ်းရောင်။ ဒါကတော့ သင်နဲ့ မစိမ်းတဲ့ အစားအသောက်များ ဖြစ်ပါတယ်။ သဘာဝ Chlorophyll ဂုဏ်သတ္တိကြောင့် အစိမ်းရောင် အရောင်အသွေးရှိနေတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ကျန်းမာရေးအတွက် အလွန်သင့် 
တော်ကောင်းမွန်တဲ့ အစားအစာများဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ အဆိုပါ အစိမ်းရောင် အစားအစာများက သင့်ကျန်းမာရေးကို ဘယ်လို အကျိုးပြုနိုင်ပါသလဲ။ 

အစိမ်းရောင် အသီးအရွက်များဟာ ဗီတာမင် K ကို ကြွယ်ကြွယ်ဝဝရရှိနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်ပြီး Folic Acid ၊ Carotenoid ၊ ပိုတက်ဆီယမ်၊ Omega-3 Fatty Acid တွေကိုပါ ရရှိနိုင်ပါသေးတယ်။ Folic Acid က ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး၊ ဗီတာမင် K ကတော့ သွေးခဲဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က သွေးဖိအားအလွန်အကျွံ မြင့်တက်လာခြင်းမရှိအောင် ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်တာကိုလည်း သုတေသနလုပ်ငန်းများမှ တစ်ဆင့်တွေ့ရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။ အစွမ်းထက်တဲ့ အစိမ်းရောင် အသီးအနှံများစာရင်းမှာ ဘရိုကိုလီ၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဆလပ် ရွက်၊ ဟင်းနုနွယ် စတာတွေ ပါဝင်ပါတယ်။ 

စိမ်းဝါ
နောက်ထပ် အစာအုပ်စု တစ်စုဖြစ်ပါတယ်။ အစိမ်းရောင် အသီးအနှံ အစားအစာအုပ်စုထဲက သပ်သပ်ခွဲထုတ်ထားတဲ့ အမျိုးအစားတစ်စုလို့ ဆိုကြပါစို့။ စိမ်းဝါရောင် အဆင်အသွေးရှိတဲ့ ဒီအသီးအနှံ အစေ့အဆန်တွေမှာ Lutine ဓာတ်ပေါပေါများများ ပါဝင်နေတယ်လို့ သိရပါတယ်။ Lutein က အဓိကအားဖြင့် မျက်စိကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အသက်အရွယ်ရလာချိန်မှာ ဖြစ်လေ့ရှိတဲ့ မျက်စိမှုန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ Pistachio လို့ခေါ်တဲ့ အစေ့တစ်မျိုးနဲ့ ထောပတ်သီး၊ ကီဝီသီး၊ ဟင်းနုနွယ်တို့မှာ Lutein ကြွယ်ဝစွာ ပါဝင်တယ်လို့ သိရပါတယ်။ 

အနီရောင် 
အနီရောင်က အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် နီနီရဲရဲ အသီးအနှံတွေက သင့်ကို အခြားအစားအစာများထက် ပိုပြီး ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။  အသီးအနှံတွေကို အနီရောင် အရောင်အဆင်း ဖြစ်စေတာက Lycopene နဲ့ Carotenoid တို့ကြောင့် ဖြစ်ပါတယ်။ 

ဒါ့အပြင် Lycopene နဲ့ Carotenoid တို့မှာ Antioxidant အာနိသင်ရှိပြီး အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ချေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်းကိုလည်း လေ့လာမှုတွေမှ တစ်ဆင့်တွေ့ရှိထားပြီး ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်သလို နှလုံးခေတ္တရပ်ခြင်းကဲ့သို့သော အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကာကွယ်မှုပေးနိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် အနီရောင် သီးနှံတွေစားသုံးခြင်းဖြင့် အဲဒီသီးနှံတွေမှာ ပါဝင်လေ့ရှိတဲ့ ဗီတာမင် C ကိုလည်း အပိုဆုအနေနဲ့ သင်ရရှိနိုင်ပါသေးတယ်။ 

အနီရောင် သီးနှံတွေဟာ Flavonoid ဓာတ်ပေါင်းကို ကြွယ်ကြွယ်ဝဝရရှိနိုင်မယ့် ရင်းမြစ်တစ်ခုလည်း ဖြစ်ပါသေးတယ်။  အဆိုပါ Flavonoid က ရောင်ရမ်းခြင်းကိုသက်သာစေပြီး ဓာတ်တိုးဆန့် ကျင်နိုင်တဲ့ Antioxidant ဂုဏ်သတ္တိလည်း ရှိပါ
တယ်။ ဒါကြောင့် အထက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားရရှိလိုတယ်ဆိုရင်ဖြင့် ခရမ်းချဉ်သီး၊ ဖရဲသီး၊ Cranberries တို့ကို မကြာမကြာ စားသုံးပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

လိမ္မော်ရောင်၊ အဝါရောင်
လိမ္မော်ရောင် နဲ့ အဝါရောင် သီးနှံအုပ်စုဝင်တွေကို Beta-cryptoxanthin နဲ့ ဗီတာမင် C အထူးကြွယ်ဝတဲ့ သီးနှံအုပ်စုအဖြစ် ရည်ညွှန်းနိုင်ပါတယ်။  Antioxidant ဂုဏ်သတ္တိဆောင်တဲ့  Beta-carotene ပါဝင်တဲ့ သီးနှံများလို့ ဆိုရင်လည်း မမှားပါဘူး။ အဝါရောင် နဲ့ လိမ္မော်ရောင် သီးနှံများကို မျက်လုံးအတွက် အစာလို့တောင် တင်စားခေါ်ဝေါ်လေ့ရှိ ကြပါတယ်။ အကြောင်းရင်းကတော့  Beta-cryptoxanthin ၊ Beta-carotene ဟာ စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး ဗီတာမင် A က အမြင်အာရုံကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်နေလို့ပါပဲ။ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့ ၊ လှပ စိုပြေတဲ့ အသားအရည်နဲ့ သန်စွမ်းတဲ့အရိုးတွေ ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင် အမျိုးအစားလည်း ဖြစ်ပါတယ်။ 

သရက်သီး၊ သခွားမွှေးသီး၊ ဖရုံသီး၊ တရုတ် ဆီးသီး၊ ကန်စွန်းဥ၊ ဥနီ စတဲ့ အသီးတွေက လိမ္မော်နဲ့ အဝါရောင် အုပ်စုထဲမှာ ပါဝင်တဲ့ အသီးများ ဖြစ်ပါတယ်။

အညိုရောင် 
ပြောရရင်တော့ စိတ်ဝင်စားစရာ မကောင်းဆုံး အရောင်တစ်ရောင်ပါပဲ။ ဒါပေမဲ့ အဲဒီ အညိုရောင်အစားအစာတွေမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အာဟာရတန်ဖိုးတွေ ကြွယ်ဝစွာ ပါဝင်နေ တာကြောင့် စားကို စားပေးသင့်တဲ့ အစာအုပ်စုတစ်ခုပါ။ ဂျုံ၊ ဆီရီရယ်၊ အုတ်ဂျုံ၊ ဘာလီ စတာတွေက တစ်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်က အစာချေလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာကြောင့် အစာချေစနစ်ချို့ယွင်းလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲရောဂါများကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ အညိုရောင် အစားအစာတွေမှာ ပါဝင်တဲ့  Beta Glucan လို့ခေါ်တဲ့ အမျှင်ဓာတ် အမျိုးအစား တစ်မျိုးဆိုရင် နှလုံးကျန်းမာရေးအတွက် အလွန်အထောက်အကူပြုနိုင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ပေါင်မုန့်ကြမ်း၊ အုတ်၊ ဂျုံခေါက်ဆွဲ၊ ဆန်လုံးညို စတာတွေကို စားသုံးပေးနိုင်ပါတယ်။ 

အဖြူရောင်
အရောင်စုံအောင် စားပါလို့ဆိုတဲ့အခါ အဖြူရောင် အရောင်အဆင်းရှိတဲ့ အစားအသောက်တွေမှာ အာဟာရတန်ဖိုး မပါဝင်ဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ အဖြူရောင် အစားအစာများမှာလည်း သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ပါရှိနေပါသေးတယ်။ မလိုင်ထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ် စတဲ့အဖြူရောင် အစားအစာတွေမှာ ဗီတာမင် D ၊ ကယ်လ်ဆီယမ်၊ ဖော့စ်ဖောရပ်စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး အရိုးနဲ့ သွားတွေ ကျန်းမာသန်စွမ်းဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒိန်ချဉ်ကတော့  ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာများစာရင်းမှာ ပါဝင်တာကြောင့် အထူးပြောစရာ မလိုအပ်ပါဘူး။ ဒိန်ချဉ်မှာပါဝင်တဲ့ Probiotices က အစာချေလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ အဆီနဲ့ မလိုင်ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တစ်မျိုးမျိုးကို နေ့စဉ်စားသုံးပေးဖို့တောင် လိုအပ်တယ်လို့ Dietary Guidelines for Americans က ညွှန်ကြားထားပါတယ်။ ဒါကြောင့် ၀ါ စိမ်း နီ ပြာ အရောင်စုံအောင် စားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Ref ;    Foodinsight, By Juliann Schaeffer