လန်းဆန်းတက်ကြွတဲ့ နံနက်ခင်းကို ပိုင်ဆိုင်ဖို့

တစ်နေ့တာအတွင်း ကြုံတွေ့ရမယ့် များမြောင်လှတဲ့ ကိစ္စရပ်များစွာကို လုပ်ကိုင်ဖြတ်သန်းနိုင်ဖို့အတွက် အရေးကြီးဆုံးက နံနက်ခင်းမှာ လန်းဆန်းတက်ကြွတဲ့ စိတ်နဲ့နိုးထလာဖို့ဖြစ်ပါတယ်။ အကယ်၍ နွမ်းချိတဲ့ ခန္ဓာကိုယ်၊ မကြည်လင်တဲ့ စိတ်နဲ့ နေ့တစ်နေ့ကို အစပြုမိပြီဆိုရင်တော့ ဆက်လက်တွေ့ကြုံရမယ့် မိနစ်နဲ့နာရီများကလည်း ဘယ်လိုမှ လှပနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့တာကို အစပြုမယ့် သင့်ရဲ့နံနက်ခင်းတိုင်းက အရေးကြီးလှပါတယ်။ ဒီလိုအရေးပါလှတဲ့ နံနက်ခင်း အချိန်အပိုင်းအခြားကို ပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ နည်းလမ်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။ 

ညနေပိုင်းမှာ ဒါတွေ ရှောင်ပါ 

ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလိုပြီး အပြည့်အ၀အနားယူလိုတဲ့ ဆန္ဒရှိမယ်ဆိုရင် ညနေပိုင်းကော်ဖီ၊ အနီရောင် ၀ိုင်နဲ့ ချောကလက်စတာတွေ စားသုံးခြင်းကိုဆင်ခြင်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေဖို့ အချိန်လေးနာရီနဲ့အထက် လိုအပ်တယ်လို့ အိပ်စက်ခြင်းဆိုင်ရာပညာရှင်များက ပြောဆိုထားပါတယ်။ အကယ်၍ အဆိုပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကိုမရောက်ရှိမီစပ်ကြားမှာ အနှောင့်အယှက် တစုံတရာ ကြုံတွေ့ရမယ်ဆိုရင် သင်ရဲ့ အိပ်စက်ချိန် အရည်အသွေးကိုထိခိုက်မှုရှိစေပြီး ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အနားယူချိန် မရရှိနိုင်တော့တာကြောင့် မနက်ခင်းမှာ မောပန်းနွယ်နယ်တဲ့ ခံစားမှုမျိုးကို ခံစားရစေနိုင်တယ်လို သိရပါတယ်။ 

အိပ်ချိန်ကို ကမောက်ကမအဖြစ်စေနိုင်ဆုံး အရာက သင်စားသုံးလိုက်တဲ့ အစားအသောက်တွေဖြစ်တယ်လို့လည်း ပညာရှင်တွေ ဆက်လက်သတိပေးထားပါသေးတယ်။ အဓိကအားဖြင့် ကော်ဖီ၊ အနီရောင် ၀ိုင်နဲ့ ချောကလက်တွေက သင့်ရဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကို မရောက်ရှိမီ ကြားကာလဖြစ်စဉ်ကိုအနှောင့် အယှက်ပေးနိုင်ပြီး အိပ်ပျော်ဖို့လည်း အချိန်ကြာစေနိုင်ပါတယ်။ 

အကယ်၍ သင်ဟာအဆိုပါ အစားအသောက်များကို နှစ်သက်သူဆိုရင်တော့ နေ့လည်စားစာပြီးချိန်မှာစားသုံးဖို့ အကြံပြုလိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လိုပြီး နံနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထလိုတယ်ဆိုရင်တော့ ညနေ ၆ နာရီနောက်ပိုင်းမှာ ကော်ဖီ၊ ၀ိုင်နီနဲ့ ချောကလက်တွေကို ဝေးဝေးက ရှောင်ပါလို့အကြံပြုပါရစေ။ 

အိပ်ခန်းကို နေရာချတာ မှန်ပါစေ

နံနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထနိုင်ဖို့ Feng Shui နည်းလမ်းက ကူညီပေးနိုင်တယ်ဆိုရင် သင် အံ့အားသင့်သွားနိုင်ပါတယ်။ Feng Shui က တရုတ်ရှေးဟောင်း နည်းလမ်းတစ်ခုဖြစ်သလို အနောက်တိုင်းကတွက်ချက်မှု အယူအဆတွေရဲ့ အခြေခံ စံအဖြစ် သတ်မှတ်ထားတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ Feng Shuiပညာက ပြဌာန်းထားတဲ့ စည်းမျဉ်းနည်းလမ်းတွေအတိုင်း အိပ်ခန်းကို နေရာချထားမယ်ဆိုရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီး မနက်ခင်းမှာ  ပိုမိုလန်းဆန်းစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ 

အရေးကြီးဆုံးက သင်အိပ်တဲ့ အိပ်ရာဖြစ်ပြီး  သင့်ရဲ့ခေါင်းရင်းကနေ လှမ်းကြည့်လိုက်ရင် အခန်းတံခါးကို မြင်နေရတဲ့ နေရာမျိုးမှာ အိပ်ရာကိုနေရာချထားသင့်တယ်လို့ သိရပါတယ်။ Feng Shui အရတော့ ဒီလိုနေရာချထားခြင်းက စကြ၀ဠာထဲက စီးဆင်းလာတဲ့ စွမ်းအင်တွေ သင့်ဆီကို တိုက်ရိုက်စီးဆင်းလာစေနိုင်တယ်လို့ ဆိုထားပြီး စိတ်ပညာဆိုင်ရာအရတော့ ဒီအနေအထားအတိုင်း အိပ်ရာကိုထားခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ခံစားရနိုင်ပြီး ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်လို့ဆိုထားပါတယ်။ 

အိပ်ခန်းမှာ အသုံးပြုတဲ့ အရောင်များကလည်း သက်ရောက်မှုရှိပြီး အပြာဖျော့ဖျော့၊ အစိမ်းဖျော့ဖျော့အရောင်တွေ အသုံးပြုထားတဲ့ အခန်းများမှာ အိပ်စက်တဲ့အခါ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ခံစားမှုတွေကို သဟဇာတဖြစ်စေတယ်လို့ သိရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူပြီးတဲ့ နောက်မှာတော့ သင့်ရဲ့မနက်ခင်းကလည်း လန်းဆန်းတက်ကြွနေမှာ အသေအချာပါပဲ။ 

မအိပ်ခင် စိတ်ကူးယဉ်ပါ 

စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု ခံစားချက်တွေဟာ မနက်ခင်းမှာအပြင်းထန်ဆုံးဖြစ်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေ၊ ခံစားရစေတဲ့ Cortisol ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်ရွက်ပုံအရ ညဘက်အိပ်စက်ချိန်မှာ
ပိုမိုထွက်လေ့ရှိပါတယ်။ ဒါကသင် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ထားပါရဲ့နဲ့ နံနက်ခင်း နိုးထချိန်မှာ နုံးချိပြီးလန်းလန်းဆန်းဆန်း မရှိရခြင်းရဲ့အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

သင့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို လှည့်စားတဲ့ နည်းလမ်းနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ လာမယ့်နေ့ရက်တွေမှာ သင်ကြုံတွေ့ရမယ့် ပျော်ရွှင်စရာကိစ္စများနဲ့ စိတ်လှုပ်ရှားစရာကိစ္စများကို မအိပ်ခင်မှာ စိတ်ကူးပုံဖော်ကြည့်ပါ။ အများပြည်သူ ရုံးပိတ်ရက်တွေမှာ သင်လုပ်ဆောင်မယ့်ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်သလို ပိတ်ရက်ရှည်မှာခရီးထွက်မယ့် အကြောင်းအရာကိုလည်း ကြိုတင် စိတ်ကူးကြည့်နိုင်ပါတယ်။ သင်ဘယ်လို အကြောင်းအရာများကို ရွေးချယ်ထားသည်ဖြစ်စေ သင်လုပ်ဆောင်ရမှာက ကြည်နူးဖွယ်ရာကောင်းတဲ့ကိစ္စ တစ်ခုခုဒါမှမဟုတ် စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတစ်ခုခုနဲ့ သင့်ရဲ့ နံနက်ခင်းကိုစတင်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဒါကသင့်ကိုပိုပြီး တက်ကြွတဲ့ စိတ်ခံစားမှု ဖြစ်ပေါ်စေနိုင်သလိုပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နံနက်ခင်းတွေကိုလည်း ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ 

လွယ်ကူတဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ 

နေ့တိုင်းစောစောထရလို့ အိပ်ရေးမ၀ဘူး၊ လူက နုံးနေတယ်ဆိုတဲ့ ပြဿနာက လူတိုင်းကြုံတွေ့ရလေ့ရှိပါတယ်။ တစ်ခါတရံမှာ ညဘက်လည်း အိပ်မပျော်ဘဲမနက်ပိုင်းမှာ သာမန်မဟုတ်တဲ့ နိုးကြားမှုမျိုးနဲ့ တက်ကြွနေတာမျိုးလည်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ 

ဆိုလိုတဲ့ သဘောကတော့ သင့်ရဲ့နံနက်ခင်းကို သင်လိုချင်သလို ပုံသွင်းယူလို့ရတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ 

နံနက်ပိုင်းမှာ ခပ်ဖြေးဖြေး ပြေးချင်းကဲ့သို့သော ရိုးစင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုး ပြုလုပ်လိုက်ရုံနဲ့တင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုပိုတက်ကြွကောင်းမွန်လာစေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုပြီး တိုးတက်လာစေနိုင်တာကို ပညာရှင်တွေ စမ်းသပ်မှုတွေ ပြုလုပ်ပြီးတွေ့ရှိလာပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ  ဦးနှောက်က ပျော်ရွှင်မှုဟော်မုန်းလို့ခေါ်နိုင်တဲ့ endorphins ကို သွေးကြောတွေဆီ ထုတ်လွှတ်ပေးလိုက်တာကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေကို သက်သာလျော့ပါးသွားစေပြီး  သင့်ကို တက်ကြွရွှင်လန်းလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါရလဒ်က တစ်နေ့တာလုံးအတွက် သက်ရောက်မှုရှိနေတာ
ကြောင့် လန်းဆန်းတက်ကြွတဲ့ နံနက်ခင်းအပြင် အားအင်အပြည့်နဲ့ အလုပ်လုပ်နိုင်မယ့် နေ့ရက်တစ်ရက်လုံးကို ပိုင်ဆိုင်လိုတယ်ဆိုရင် သင့်ရဲ့နံနက်ခင်းတိုင်းကို လေ့ကျင့်ခန်းတစ်မျိုးမျိုးနဲ့ စတင် ကြည့်ပါလို့အကြံပြုချင်ပါတယ်။ 

နံနက်တိုင်း ရေတစ်ခွက်သောက်ပါ 
အိပ်ရာနိုးနိုးချင်း ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးခြင်းကလည်း  စိတ်ပိုင်းဆိုင်ရာခံစားမှုကို သက်ရောက်မှုရှိတာကို လေ့လာမှုပေါင်းများစွာက အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သင့်ရဲ့နံနက်ခင်းကို သာမန်ရေတစ်ခွက်နဲ့အစပြုပေးလိုက်ရုံနဲ့ အာရုံတွေက နိုးကြားလာပြီး ပိုပြီး လန်းဆန်းတက်ကြွလာတာကို သင်ကိုယ်တိုင်ခံစားမိနိုင်မှာ ဖြစ်ပါတယ်။

နံနက်စာ မစားမီ ရေတစ်ခွက်သောက်ပေးခြင်းဖြင့် အိပ်စက်ချိန်မှာ နှေးကွေးသွားတဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တစ်ချို့ နိုးထလာအောင် လှုံ့ဆော်ပေးသလိုဖြစ်စေပြီး သင့်ရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးက နိုးထပြီး အလုပ်လုပ်ကြတော့မှာ ဖြစ်ပါတယ်။ ဒါမှသာ  နံနက်ခင်းမှာ သင့်ရဲ့ခန္ဓာကိုယ် တစ်ခုလုံး အမှန်တကယ် အားအင်အပြည့်နဲ့ စတင်နိုးထပြီဖြစ်တယ်လို့ ဆိုနိုင်မှာပါ။ ဒါကြောင့် နံနက်တိုင်းမှာ လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့  အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး နည်းလမ်းဖြစ်တဲ့ ရေသောက်ပေးတဲ့ အကျင့်ကို စတင်ကြည့်ပါလို့အကြံပြုလိုက်ရပါတယ်။