အရွယ်မတိုင်ခင်သေဆုံးခြင်းနဲ့ ဆက်စပ်မှုရှိနေတဲ့ Good cholesterol ပမာဏ

Good cholesterol (သို့)  High-Density Lipoprotein (HDL)  အမျိုးအစား ကိုလက်စထရောဟာ လေဖြတ်ခြင်း၊ နှလုံးခေတ္တရပ်ခြင်း ကဲ့သို့သော အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာများကို ကာကွယ်ပေးနိုင်တယ်လို့ လူအများစု သိထားကြပါတယ်။ သြဂုတ်လဆန်းပိုင်းလောက်က ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးသတင်းတစ်ပုဒ်မှာတော့ ခန္ဓာကိုယ်တွင်းမှာ  High-Density Lipoprotein (HDL)  ပမာဏအလွန်မြင့်မားခြင်း (သို့) အလွန်နည်းပါးခြင်း စတာတွေက အရွယ်မတိုင်ခင် သေဆုံးခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့  Washington University School of Medicine နဲ့  Veterans Affairs St. Louis Health Care System မှ သုတေသီများရဲ့ တွေ့ရှိချက်ကို ကိုးကားပြီး ဖော်ပြလာပါတယ်။ 

HDL cholesterol  သင့်တင့်မျှတတဲ့ အလယ်အလတ် ပမာဏရှိခြင်းကတော့ ကျန်းမာရေးကို အကျိုးပြုနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြထားပါသေးတယ်။ “ဒီတွေ့ရှိချက်က ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်”လို့ လေ့လာမှုမှာ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့တဲ့ Washington University လက်ထောက် ပါမောက္ခတစ်ဦးက ဆိုပါတယ်။ “အရင် ကျွန်တော်တို့ နားလည်ထားတာက သွေးတွင်းမှာ Good cholesterol (HDL) ပမာဏ မြင့်လေလေ ကျန်း
မာရေးအတွက် အကျိုးရှိလေလေလို့ သိထားကြတာပါ။ ဒါပေမဲ့ HDL ပမာဏ မြင့်မားခြင်းက အရွယ်မတိုင်မီသေဆုံးခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကတော့ မမျှော်လင့်ထားတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ တိကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးတာကြောင့် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်” လို့ ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ 

ကိုလက်စထရောဆိုတာ သွေးထဲမှာ တွေ့ရလေ့ရှိတဲ့ အဆီတစ်မျိုးဖြစ်ပြီး နှလုံးသွေးကြောတွေကို ကျဉ်းလာစေတာ၊ သွေးကြောတွေကို ပိတ်ဆို့စေတာမျိုးဖြစ်စေပြီး နောက်ဆက်တွဲ အနေနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနဲ့ လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေတဲ့ အခြေအနေတွေကို ဖြစ်ပွားစေနိုင်လောက်အောင် အန္တရာယ်ပေးနိုင်တဲ့ အရာတစ်မျိုးလည်း ဖြစ်ပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ပညာရှင်တွေဟာ မကောင်းတဲ့ ကိုလက်စထရော အမျိုးအစား Low-Density Lipoprotein (LDL) နဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့ အမျိုးအစား  High-Density Lipoprotein (HDL)  ဆိုပြီး ကိုလက်စထရော နှစ်မျိုးနှစ်စားရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ 

HDL ကိုလက်စထရောက သွေးကြောတွေအတွင်း ပိတ်ဆို့အနည်ကျနေတဲ့ LDL တွေကို ဖယ်ရှားပေးပြီး လူသားတွေရဲ့ကျန်းမာရေးကို အကျိုးပြုတာကိုလည်း ပညာရှင်တွေ သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 

အထက်မှာဖော်ပြထားတဲ့ လေ့လာမှုမှာ သုတေသီတွေဟာ ၂၀၀၃ အောက်တိုဘာမှ ၂၀၀၄ စက်တင်ဘာ အထိ ၁.၇ သန်းကျော် အရေအတွက်ရှိတဲ့ စစ်မှုထမ်းဟောင်း အမျိုးသားတွေနဲ့ လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ လေ့လာမှုမှာ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ HDL cholesterol ပမာဏကို စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ လေ့လာမှုမှာ ပါဝင်သူများကို ဆက်လက်စောင့်ကြည့်ပြီး လေ့လာမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ လူနာအ များစုဟာ သွေးတွင်းမှာ HDL cholesterol ပမာဏ မကြာမကြာနည်းပါးသွားတာမျိုးကို သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် HDL cholesterol ပမာဏ နည်းပါးခြင်းကြောင့် အချိန်မတိုင်မီ သေ ဆုံးနိုင်ချေ မြင့်မားကြောင်းတွေ့ရှိချက်ကိုသက်သေပြစရာ အကြောင်းအရင်း ရရှိခဲ့ကြတယ်လို့ ဆို နိုင်ပါတယ်။ ဒါပေမဲ့ HDL cholesterol ပမာဏ မြင့်မားနေတဲ့ ကျောက်ကပ်ရောဂါခံစားနေရတဲ့ လူနာတွေနဲ့ အချိန်မတိုင်မီ သေဆုံးခြင်းကြားက ဆက်စပ်မှုကိုတော့ သုတေသီတွေ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရဘူးလို့ သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

သုတေသီတွေ ရရှိထားတဲ့ အချက်အလက်များကို ဂရပ်ရေးဆွဲတဲ့အခါမှာ HDL cholesterol ပမာဏများခြင်းနဲ့နည်းခြင်း နေရာမှာ သေဆုံးမှု ပမာဏအမြင့်မားဆုံးဖြစ်တာကို ဖော်ပြနေတဲ့ U-shaped curve ရရှိခဲ့တယ်လို့လည်း သုတေသီတွေ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်များအရ သိရပါတယ်။ အလယ်အလတ် ပမာဏကတော့ ကျန်းမာရေးအတွက် သင့်တော်အကျိုးပြုပြီး အသက်ရှည်ရှည်နေနိုင်ဖို့ အကျိုးပြုနိုင်မလားဆိုတဲ့ အချက်ကိုလည်း ဆက်လက်လေ့လာဖို့ လိုအပ်
ကြောင်း ပညာရှင်တွေ ထောက်ပြပြောဆိုခဲ့ပါတယ်။ 
Ref; High and low levels of ‘good cholesterol’ may cause premature death

အမျိုးသမီးများရဲ့ ဦးနှောက်က အမျိုးသားများထက် အလုပ်လုပ်ရခြင်းကြောင့် အိပ်ချိန် ပိုမိုလိုအပ်ကြောင်းတွေ့ရှိ 

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန် ပိုမိုလိုအပ်ကြောင်း သုတေသီတွေ ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံရှိ Loughborough University မှ သုတေသီတွေဟာ အမျိုးသမီးတွေဟာ အလုပ်များစွာကို တစ်ပြိုင်နက် ပြုလုပ်နိုင်စွမ်းရှိသူများဖြစ်ကြတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုး
သားများရဲ့ ဦးနှောက်ထက် ပိုပြီး အလုပ်လုပ်ရသလို ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို အမျိုးသားများထက်ပိုပြီး အသုံးပြုလေ့ရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးများဟာ အမျိုးသားများထက် အိပ်ချိန် ပိုမိုလိုအပ်ရခြင်း 
ဖြစ်ကြောင်း သုတေသီတွေ ရှင်းလင်းပြောဆိုခဲ့ပါ တယ်။

“အိပ်စက်ခြင်းရဲ့ အဓိက တာဝန်တစ်ခုကတော့ ဦးနှောက်ကို  နဂိုအနေအထားအတိုင်း ပြန်လည်ဖြစ်စေဖို့နဲ့ ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ပေးဖို့ပဲ ဖြစ်ပါတယ်။ နေ့ခင်းဘက်တွေမှာ ဦးနှောက်ကို အသုံးပြုမှုများခဲ့မယ်ဆိုရင် ဦးနှောက်ကို ပြန်လည်ပြုပြင်ပေးဖို့ ပိုပြီး လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ညဘက်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” လို့ အိပ်စက်ခြင်းပညာရှင်နဲ့ သုတေသီတစ်ဦးဖြစ်သူ John Horne က ဆိုပါတယ်။ 

အထက်ဖော်ပြပါ လေ့လာမှုမှတစ်ဆင့် ညဘက်မှာ အမျိုးသမီးတွေဟာ အမျိုးသားများထက် အိပ်ချိန် မိနစ် ၂၀ ခန့် ပိုပြီး လိုအပ်တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ အလားတူပဲ ဦးနှောက်နဲ့စဉ်းစား တွေးခေါ်မှုကို အခြေခံပြီး အလုပ်လုပ်ရတဲ့ အမျိုးသားများဟာလည်း သာမန်ထက် အိပ်ချိန် ပိုမိုလိုအပ်လေ့ရှိတယ်လို့ ဆက်လက်ဖော်ပြထားပါသေး တယ်။ ဒါပေမဲ့ ဒီလို အမျိုးသားတွေထက်တောင် သာမန် အမျိုးသမီးများက အိပ်ချိန်ပိုမို လိုအပ်သေး တယ်လို့ သိရပါတယ်။ 

၂၀၁၄ မှာ လူ ၉၄၉ ဦးပါဝင်ခဲ့တဲ့ လေ့လာမှု တစ်ခုက ရရှိလာတဲ့ အချက်အလက်များအရ အမျိုးသားများရဲ့ ဦးနှောက်ဟာ ဦးနှောက်ခြမ်း တစ်ခြမ်းထဲမှာပဲ ဆက်သွယ်မှုတွေ ပြုလုပ်လေ့ရှိပြီး အမျိုးသမီးတွေရဲ့ ဦးနှောက်ကတော့ ဦးနှောက် ဘယ်ခြမ်းရော ညာခြမ်းကိုပါ ဆက်သွယ်မှုတွေ ပြုလုပ်လေ့ရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ 

အဆိုပါတွေ့ရှိချက်က အမျိုးသားများရဲ့ ဦးနှောက်ဟာ အချိန်တစ်ချိန်တည်းမှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ကာ ပြုလုပ်နိုင်စွမ်းရှိပြီး အမျိုးသမီးများရဲ့ ဦးနှောက်ကတော့ တစ်ချိန်တည်းမှာ တစ်ခုထက်ပိုတဲ့ အလုပ်များကို လုပ်ဆောင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ 

Minneapolis Veterans Affairs (VA) Medical Center မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Dr.Apostolos Georgopoulos က “အမျိုးသမီးတွေ ရဲ့ ဦးနှောက်နဲ့ အမျိုးသားများရဲ့ ဦးနှောက်က လုံးဝကို ကွဲပြားခြားနားမှု ရှိပါတယ်။ ကျွန်တော်
တို့ တွေ့ရှိချက်များအရ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အလုပ်များစွာ လုပ်ဆောင်ရမယ့်အချိန်မှာ သတင်းအချက်အလက်တွေကို လက်ခံတုန့်ပြန်ရာမှာ အမျိုးသားများရဲ့ ဦးနှောက်ထက် ငါးဆ ပိုမြန်တာကိုတွေ့ရှိခဲ့ရပါတယ်” လို့ ပြောဆိုထားတာလည်း ရှိပါသေးတယ်။ 

တစ်ခုထက်ပိုတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် ဦးနှောက်က သာမန်ထက်ပိုတဲ့ အားစိုက်ထုတ်မှုကို လုပ်ဆောင်ရတာကြောင့် သူ့ကို ပိုပြီး နားချိန်နဲ့ပြုပြင်ချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားများထက် အိပ်ချိန်ပိုပြီး လိုအပ်ရခြင်းဖြစ်တယ်လို့ သုတေသီတွေ ရှင်းပြခဲ့ပါတယ်။ 
Ref; Women Need More Sleep Because Their Brains Work Harder, Study Finds