ဘာကြောင့် ရေနွေးသောက်ပေးသင့်သလဲ

ကော်ဖီ(သို့)  လက်ဖက်ရည် ပူပူတစ်ခွက်နဲ့ သင့်ရဲ့နံနက်ခင်းတွေကို စတင်လေ့ရှိပါသလား။ ဒါမှမဟုတ် သာမန် ရေတစ်ဖန်ခွက်နဲ့လား။ ဒါက သင့်ရဲ့အကြိုက်ပေါ်မူတည်ပြီးကွဲပြားမှု ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပညာရှင်တွေ လေ့လာမှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာတော့ နံနက် အိပ်ရာထစ၊ အစာအိမ်ထဲမှာ ဘာမှ မရှိသေးခင်၊ ရေနွေးနွေးတစ်ခွက်သောက်ပေးခြင်းက ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရရှိစေနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။  နံနက်စောစော ရေနွေးသောက်ပေးခြင်းကရရှိမယ့် ကျန်းမာရေးကောင်းကျိုးများက ဘာတွေများ ဖြစ်နိုင်မလဲ။ 

နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ် 
အမျိုးသမီတွေ ရာသီလာစဉ် ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အစွမ်းထက်ဆုံး သဘာဝဆေးဝါးက ရေနွေးပူပူတစ်ခွက် ဖြစ်ပါတယ်။ ပူနွေးနေတဲ့ ရေရဲ့ ဂုဏ်သတ္တိက အစာအိမ်နားတစ်ဝှိုက်မှာရှိတဲ့ ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ပျော့ပြောင်း ပြေလျော့စေနိုင်တာကြောင့် ရာသီလာစဉ် ခံစားရလေ့ရှိတဲ့ နာကျင် မှုဝေဒနာကို သက်သာစေပါတယ်။ ဒီလို ရေနွေးပူပူတစ်ခွက်ရဲ့အစွမ်းထက်တဲ့ ဂုဏ်သတ္တိကို အမျိုးသမီးတိုင်းတွေ့ကြုံခံစားဖူးကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ အထက်မှာ ဖော်ပြထားသလိုပါပဲ၊ ရေနွေးက ကြွက်သားနာကျင်ကိုက်ခဲမှု အမျိုးအစားအားလုံးပေါ်မှာ တူညီတဲ့ သဘောတရားအတိုင်း အာနိသင်ပြပါတယ်။ 

ကိုယ်အလေးချိန်ကျဆင်းစေပါတယ်
သင်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင် နံနက်စောစောမှာ ရေခပ်နွေးနွေးတစ်ခွက်သောက်ပေးခြင်းက သင့်ကိုများစွာ အကျိုးပြုနိုင်တယ်လို့သိရပါတယ်။ သိပ္ပံပညာအရလည်း အဆိုပါ အကြံပြုချက်က မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။ ရေနွေးသောက်ပေးခြင်းဖြင့် သင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြင့်တက်စေပြီး ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပျက်မှုကိုလည်း ပိုပြီး မြန်ဆန်စေပါတယ်။ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်ပျက်မှုတွေ တိုးမြှင့်ဖြစ်ပျက်တာနဲ့ တစ်ပြိုင်နက် စွမ်းအင် ပိုလိုအပ်လာမှာဖြစ်တာကြောင့် သင်ကိုယ်ထဲမှာ သိမ်းဆည်းထားတဲ့ ကယ်လိုရီတွေက စတင်လောင်ကျွမ်းပေးရတော့မှာ ဖြစ်ပါတယ်။ ရေနွေးသောက်ပေးခြင်းက သင့်ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေအောင် လှုံ့ဆော်ပေးသလိုဖြစ်စေပြီး  အကျိုးဆက် ရလဒ်အနေနဲ့ သင့်ကိုယ်အလေးချိန်ကျဆင်းလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေနွေးသောက်ပြီး ၀ိတ်ချနိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။ 

အဆိုပါ ရေနွေးကိုမှ ပိုပြီး အာနိသင်ထက်မြက်လာအောင်လုပ်နိုင်တဲ့ နည်းတစ်နည်း ရှိနေပါသေးတယ်။ နံနက်စောစောမှာ သံပုရာသီးညှစ်ထားတဲ့ ရေနွေးပူပူတစ်ခွက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အဆီကို သိုလှောင်ထားတဲ့ တစ်သျှူး တွေကို ပြိုကွဲသွားစေဖို့ အထာက်အကူပြုနိုင်တယ်လို့သိရပါတယ်။ 

ဒါ့အပြင် သံပရာသီးမှာ Pectin Fiber လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးပါရှိတာကြောင့် အစားစားလိုစိတ်ကို ဟန့်တားပေးနိုင်စွမ်းရှိတာကြောင့် အစားအလွန်အကျွံ မစားမိစေဖို့ ထိန်းချုပ်ပြီးသားလည်း ဖြစ်စေပါတယ်။ အမေရိကန်အခြေစိုက် ဆေးပညာ သတင်းစာတစ်စောင်ဖြစ်တဲ့ Medical Daily မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ Polyphenol ကြွယ်ဝတဲ့ သံပုရာသီးကို ရေနွေးပူပူ (သို့) လက်ဖက်ရည်ထဲထည့်ပြီး နံနက်တိုင်းသောက်ပေးခြင်းက ခန္ဓာကိုယ်ထဲက  Free Radical တွေ တက်ကြွလှုပ်ရှားမှုမရှိအောင် တားဆီးပေးနိုင်တယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နံနက်ခင်းမှာ ရေနွေးပူပူကို သီးသန့်ဖြစ်စေ၊ သံပုရာသီးညှစ်ပြီးဖြစ်စေ သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုနိုင်သလို ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ Free Radical တွေရဲ့ရန်ကပါ ကာကွယ်ပေးပြီးသား ဖြစ်စေနိုင်တယ်လို့ ဆိုရမှာပါ။ 

အစာချေလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ် 
နံနက်စောစော ဘာမှ မစားခင်မှာ ရေသောက်ပေးခြင်းက အစာချေလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာကို သင် သိထားပြီး ဖြစ်မှာပါ။ အဆိုပါ ရေနေရာမှာ ရေနွေးတစ်ခွက်ကိုလည်း အစားထိုးသောက်ပေးနိုင်ပါတယ်။ နံနက်စောစောပိုင်းမှာ ရေနွေး တစ်ခွက်သောက်ပေးမယ်ဆိုရင် သင်အိပ်စက်နေစဉ် ရပ်တန့်သလိုဖြစ်နေတဲ့ အစာချေလမ်းကြောင်းကို လှုံ့ဆော်မှုဖြစ်စေပြီး အစာဟောင်းတွေ လွယ်လွယ်ကူကူ ရွေ့သွားစေဖို့ အထောက်အကူအများကြီး ဖြစ်စေပါတယ်။

အစားစားပြီးပြီးချင်း ရေခဲရေ သောက်သုံးခြင်းကတော့ ကျန်းမာရေးရှုထောင့်အရ မသင့်တော်ဘူးလို့ ဆိုရမှာပါ။ သင်စားသောက်လိုက်တဲ့ အစားအသောက်များမှာ ပါဝင်နေတဲ့ အဆီတွေဟာ ရေခဲရေကြောင့် ခဲသွားနိုင်သလို အစားအစာများကိုလည်း အလွယ်တကူမကြေညက်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစားစာပြီး နောက်ပိုင်းမှာလည်း ရေခဲရေထက် ရေနွေးတစ်ခွက် ပိုပြောင်းလဲသောက်သုံးကြည့်ပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အကယ်၍ ရေနွေချည်း သီးသန့်က သင့်အတွက်သောက်ရတာ မလွယ်ကူဘူးဆိုရင် လက်ဖက်ခြောက်လေး ခတ်ပြီးလည်း သောက်နိုင်ပါ သေးတယ်။ 

သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ် 
သွေးတွင်းမှာ အနည်ကျပြီး ပုံနေတဲ့ အဆီတွေဟာ သင်ရေခပ်နွေးနွေး တစ်ဖန်ခွက်လောက်သောက်သုံးလိုက်ချိန်မှာ ရွေ့လျားသွားကြပါတယ်။ ဒါက ခန္ဓာကိုယ်ထဲမှာ အနည်ကျတော့မယ့် အဆိပ်အတောက်တွေကို ရေအားနဲ့ ဖယ်ရှားလိုက်တဲ့ သဘောတရားမျိုးဆောင်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ သွေးကြောတွေ သန့်ရှင်းသွားတာကြောင့် သင့်ရဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်လာစေပြီး သွေးဖိအားကိုလည်း ပုံမှန်အနေအထားအတိုင်း ရှိနေစေဖို့ အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနွေးရဲ့ ဂုဏ်သတ္တိက သွေးကြောတွေကို ပျော့ပြောင်းစေတာကြောင့် သွေးစီးဆင်းမှုကို ပိုမို ကောင်းမွန်လာစေပါတယ်။

ဝမ်းမှန်စေပါတယ်
ရေများများ သောက်ပေးခြင်းက သင့်ရဲ့ အစာချေလမ်းကြောင်းကို ကျန်းမာစေပြီး အစာချေစနစ်ပုံမှန် အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ကြောင်း အားလုံးသိပြီးသားဖြစ်ပါတယ်။ လူတွေမှာ အတွေ့ရအများဆုံး ကျန်းမာရေးပြဿနာကိုဆိုရင် ၀မ်းချုပ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ ၀မ်းချုပ်ရခြင်းအကြောင်းရင်းကတော့  အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်ပါတယ်။  အခြားသော ကျန်းမာရေး ချို့ယွင်းမှုများကြောင့်လည်း ၀မ်းချုပ်နိုင်သလို ခန္ဓာ
ကိုယ်ထဲမှာ ရေဓာတ်လုံလောက်မှု မရှိခြင်းကြောင့် ၀မ်းချုပ်တာကတော့ အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပါတယ်။ နံနက်စောစော အစာမစားမီ အနည်းငယ် အပူချိန်မြင့်တဲ့ ရေနွေးတစ်ခွက်ကို သောက်ပေးမယ်ဆိုရင် သင့်ရဲ့ အစာအိမ်နဲ့ အူ 
လမ်းကြောင်းတစ်လျှောက် လှုံ့ဆော်မှုဖြစ်စေပြီး အစာဟောင်းတွေကို ရွေ့လျားစေဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။ ဒီလိုနည်းနဲ့ သင့်ရဲ့ ၀မ်းချုပ်တဲ့ ပြဿနာကို ဖြေရှင်းကြည့်လို့ ရနိုင်ပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်
အစားစားချိန်မှာ ရေနွေးသောက်ပေးမယ်ဆိုရင် အဆိုပါ အာနိသင်က သင့်ရဲ့ အိပ်စက်ခြင်းကိုပါ အကျိုးပြုနိုင်တယ်ဆိုတာကို သင်သိပါသလား။ အထူးသဖြင့် ညစာစာချိန်မှာ ရေနွေးသောက်ပေးမယ်ဆိုရင် သင့်ရဲ့ အကြောအချဉ်တွေကို ပြေလျော့စေပြီး သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေတာကြောင့် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ နာဗ်ကြောတွေကိုပါ သက်တောင့်သက်သာ ဖြစ်သွားစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် စိတ်ဖိစီးမှုတွေကိုပါ လျော့ပါးစေပြီး နံနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထနိုင်စေနိုင်တဲ့အထိ ရေနွေးတစ်ခွက်က စွမ်းဆောင်ပေးနိုင် တယ်ဆိုရင် သင့် အံ့အားသင့်သွားနိုင်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 
Ref;  Surprising Benefits Of Drinking Warm Water In The Morning