များများနဲ့မြန်မြန် ကိုယ်အလေးချိန်ကျလိုသူတို့အတွက်

ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရရှိစေဖို့ နည်းလမ်းတွေနဲ့ စားသုံးရမယ့် အစားအစာတွေ အကြောင်းတွေဘဲ ရှာဖွေအကြံပြုခဲ့တာတွေ များနေပြီဖြစ်တာကြောင့် ဒီတစ်လမှာတော့ ကိုယ်အလေးချိန်များများကိုအချိန်တိုတိုအတွင်း လျော့ကျလိုသူတို့အတွက် နည်းလမ်းကို ရှာဖွေတင်ဆက်လိုက်ပါတယ်။ 

အခုဖော်ပြသွားမယ့် Diet plan ကို အစားအစာနဲ့ အာဟာရပညာရှင် Haris က ရေးသားထားတာဖြစ်ပါတယ်။ သူကဒီရဲ့ diet plan ကို ကိုယ်အလေးချိန် မြန်မြန်ကျဖို့ လိုအပ်နေတဲ့ အချိန်တုန်းက ရှာတွေ့ခဲ့တာပါ။ Haris ဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စစ်ဆေးခံရဖို့ရှိတာကြောင့် ငါးပေါင်လောက်တော့ မြန်မြန်ကျချင်နေခဲ့ပါတယ်။ ကိုယ်အလေးချိန် မြန်မြန်ကျဖို့ လိုတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီးကိုယ်အလေးချိန်ကျစေမယ့် အစီအစဉ်တစ်ခုaတာ့ ဖြစ်ချင်ခဲ့တာပေါ့။ ကိုယ့်ကိုကိုယ် အစာငတ်ခံနေရမယ့် အစီအစဉ်မျိုးကိုလည်း မကြိုက်ပြန်ပါဘူးတဲ့။ အခုဖော်ပြသွားမယ့် ရက်သတ္တပတ်ကို ဆယ်ပေါင် ကိုယ်အလေးချိန်ကျစေတဲ့ အစီအစဉ်လေးကတော့ Haris အတွက် သိပ်ကိုအလုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန် မြန်မြန်ကျဖို့ လိုအပ်နေတဲ့သူတွေအတွက်ဆိုရင်လည်း အစီအစဉ်ကောင်းလေးဖြစ်ပါလိမ့်မယ်။ 

မှတ်ပုံတင်ထားပြီးသား အစားအစာနဲ့ အာဟာရပညာရှင်တစ်ယောက်သူ Haris ရေးသားထားတဲ့ အခုဖော်ပြသွားမယ့် အစီအစဉ်ထဲမှာ ကိုယ်အလေးချိန် လျော့ကျစေတဲ့ဆေးတွေနဲ့ ဖြည့်စွက်စာတွေ ဘာမှမပါဘဲ အစားအစာနဲ့ ပတ်သက်ပြီးတော့သာ စီစဉ်စားသောက်သွားရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် အဓိကလိုအပ်တာတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေပါဘဲ။ 

ဖော်ပြပေးသွားမယ့် အစီအစဉ်အတိုင်း အစားအစာတွေကို ဂရုတစိုက် လိုက်နာစားသုံးပေးမယ်ဆိုရင် တစ်ပတ်အတွင်း ၁၀ ပေါင်ကနေ ၁၅ ပေါင်အထိ ကိုယ်အလေးချိန် လျော့ကျသွားစေပါလိမ့်မယ်။ ရက်သတ္တပတ်အတွင်း အစားအစာကို ထိန်းချုပ်စားသုံးပြီး ကိုယ်အလေးချိန် လျော့ကျစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေတဲ့အပြင် အသားအရေနဲ့ အစာခြေ ဖျက်ခြင်းစနစ်တွေမှာလည်း ထူးခြားတဲ့  ကောင်းကျိုး တွေကို ခံစားရစေမယ်ဆိုပြီး Haris က ရေးသား ထားတာတွေ့ရပါတယ်။  

Haris ရဲ့ ကိုယ်အလေးချိန် မြန်မြန်ကျတဲ့ အစားအစာအစီအစဉ်ကတော့...

ပထမရက် ။    ပထမတစ်ရက်မှာတော့ သကြားပါဝင်မှုနည်းတဲ့ သစ်သီးတွေကိုသာ စားရမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးမစားရပါဘူး။ ပန်းသီးတွေနဲ့ တလည်းသီး၊ လိမ္မော်သီးနဲ့ ရှောက်မျိုးနွယ်ဝင် အသီးတွေကို စားသုံးပေးပါ။ ရေ ၁၂ ဖန်ခွက်ကိုလည်း သောက်သုံးပေးရပါမယ်။ ငှက်ပျောသီးကိုတော့ လေးရက်မြောက်နေ့မှာ အများကြီးစားရမှာဖြစ်တာကြောင့် ပထမနေ့မှာမစားပါနဲ့ဦး။ ပန်းသီး၊ ဖရဲသီးနဲ့ ရှောက်မျိုးနွယ်ဝင် သစ်သီးတွေကို စားသုံးပေးတာက ပိုကောင်းပါတယ်။ 

ဒုတိယရက် ။    ဟင်းသီးဟင်းရွက်တွေကို သာ စားသုံးပေးရမယ့်နေ့ ဖြစ်ပါတယ်။ တစ်နေ့တာကို အာလူးပြုတ်နဲ့သာ စတင်လိုက်ပါ။ မိမိ နှစ်သက်ရာ ဟင်းသီးဟင်းရွက် အသုတ်တွေကို စားသုံးပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ ကို အစိမ်းလိုက်စားတာဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဆားနဲ့ ငရုတ်ကောင်းတို့နဲ့ တွဲဖက်ပြီး ပြုတ်ဖျော စားသုံးတာဘဲဖြစ်ဖြစ် နှစ်သက်သလို စားသုံးနိုင်ပါတယ်။ ရေကိုတော့ ၁၂ ဖန်ခွက်ပြည့်အောင် သောက်သုံးပေးရမှာဖြစ်ပါတယ်။

တတိယရက် ။    ဒီနေ့မှာတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် နှစ်မျိုးလုံးကိုစားသုံးလို့ရပါပြီ။ အာလူးနဲ့ ငှက်ပျောသီးတွေကိုတော့ မစားပါနဲ့ဦး။ ရေကတော့ ၁၂ ဖန်ခွက် သောက်ရမှာပါဘဲ။ ဒုတိယရက်မှာလိုဘဲ ဟင်းသီးဟင်းရွက်တွေကို နှစ် သက်မယ်ဆိုရင် အစိမ်းအတိုင်းစားလို့ရသလို ပြုတ်ဖျောပြီးလည်းသုံးဆောင်နိုင်ပါတယ်။ 

စတုတ္ထရက် ။    ဒီနေ့မှာတော့ တစ်နေ့တာအတွက် ငှက်ပျောသီး ရှစ်လုံးစားသုံးပေးရပါမယ်။ နောက်ပြီးဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေကိုလည်း စားနိုင်ပါပြီ။ နို့ သုံးဖန်ခွက် သောက်ပေးပါ။ ရေကိုတော့ ထုံးစံအတိုင်း ၁၂ ဖန်ခွက်ပေါ့။ လေး
ရက်မြောက်နေ့က နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ ကိုယ်လေ့ကျင့်စားသုံးနေတဲ့ အစားအသောက် အစီအစဉ်ရဲ့ လမ်းခရီးတစ်ဝက်ကို ရောက်ခဲ့ပါပြီဖြစ်လို့ ဆက်ပြီး ကြိုးစားလိုက်ပါဦး။ 

ပဉ္စမရက် ။    ပန်းတိုင်ရောက်ဖို့ နီးကပ်လာခဲ့ပါပြီ။ ကိုယ်အလေးချိန် နည်းနည်းတော့ ကျသွားတယ်လို့လည်း ခံစားမိမယ်ထင်ပါတယ်။ ဒီနေ့မှာစားသုံးရမယ့် ခရမ်းချဉ်သီးက ဓာတုဒြပ်ပေါင်းတွေကို ပြိုကွဲမှုဖြစ်စေပြီး ကိုယ်အလေးချိန် လျော့ကျစေမယ့် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ အနေတော် အရွယ်အစားရှိတဲ့ ခရမ်းချဉ်သီးခြောက်လုံးကို သူ့ချည်းသက်သက်ပဲဖြစ်ဖြစ် ဆန်ပြုတ်နဲ့ဘဲဖြစ်ဖြစ် တွဲဖက်သုံးဆောင်ပေးရပါမယ်။ ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေကို အရင်နေ့တွေကထက် များများစားပေးလို့ရပါပြီ။ ပန်းသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတို့ကိုလည်း စားနိုင်ပါတယ်။ ရေကိုတော့ အနည်းဆုံးဖန်ခွက် ၁၀ ခွက် သောက်ပေးရမှာဖြစ်ပါတယ်။ 

ဆဋ္ဌမရက် ။     ထမင်းနည်းနည်းစားလို့ ရပါပြီ။ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ကို သုံးကြိမ်သောက်ပေးပါ။ ရေကတော့ အနည်းဆုံး ၁၀ ဖန်ခွက်အထိ သောက်ပေးပါဦး။ ခြောက်ရက်မြောက်နေ့ကတော့ ၂ ရက်နဲ့ ၄ ရက်မြောက်နေ့မှာ စားသုံးခဲ့ရသလိုပါဘဲ။ ထူးခြားမှု သိပ်မရှိပါဘူး။ 

သတ္တမရက် ။    ပန်းတိုင်ကိုရောက်ပါပြီ။ ဒီ နေ့မှာလည်း ထမင်းနည်းနည်းစားလို့ရပါတယ်။ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ရော ဟင်းသီးဟင်းရွက် အသုတ်ကိုပါ စားသုံးနိုင်ပါပြီ။ ရေကိုအနည်းဆုံး ၁၀ ဖန်ခွက်သောက်ပေးရမှာဖြစ်ပြီး ဆန္ဒရှိမယ်ဆို ရင်တော့ သစ်သီးဖျော်ရည်သောက်လို့ရပါတယ်။ 

ရက်သတ္တပတ်တာ စနစ်တကျ စားသောက် ပြီးတဲ့အခါမှာတော့ ကိုယ်အလေးချိန်ကို တိုင်းတာကြည့်ပါ။ 

သိပ်ကိုအရေးကြီးတဲ့ စည်းမျဉ်းတစ်ခုကတော့  ကိုယ်အလေးချိန် တိုင်းတာတဲ့စက်ကို တစ်ပတ်လောက် မေ့ထားပေးပါ။ ခုနှစ်ရက်တာလုံး ကိုယ်အလေးချိန်တိုင်းတာမှု မလုပ်တာက ပိုကောင်းတယ်လို့ သိရပါတယ်။ ရက်သတ္တပတ်အတွင်းမှာ ကိုယ်အလေးချိန် မတိုင်းတာစေလိုတဲ့ အကြောင်းပြချက်ကတော့ လျော့ကျသွားတဲ့ ကိုယ်အလေးချိန်ဆိုတာထက် အရင်ကနဲ့ ယှဉ်မယ်ဆိုရင် ဘယ်လောက်ပိုပြီးနေလို့ ကောင်းသွားသလဲဆိုတာကို ခံစားမိစေချင်လို့ ဖြစ်ပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာတော့ ကိုယ်အလေးချိန် တိုင်းတာတဲ့ စက်ကိုဆွဲထုတ်ပြီး ပေါင်ဘယ်လောက်များများကို အောင်မြင်စွာလျော့ကျသွားစေခဲ့သလဲဆိုတာကို တိုင်းတာကြည့်လို့ရပါပြီ။ 

ရက်သတ္တပတ်အတွင်းမှာ ဆယ်ပေါင်ကျစေတယ်ဆိုတဲ့ Diet plan အတွက် တကယ်လိုက်လုပ်ကြည့်ခဲ့သူတွေနဲ့ မေးလေ့ရှိတဲ့မေးခွန်းတွေနဲ့ အဖြေတွေကိုလည်း ဆက်လက်ဖော်ပြထားတာတွေ့ရပါတယ်။ Diet Plan နဲ့ ပတ်သက်လို့ ပြည့်ပြည့် စုံစုံသိရစေတာမို့ ပြန်ဆိုဖော်ပြလိုက်ပါတယ်နော်။ 

ဒီ Diet Plan ကို လိုက်နာလုပ်ဆောင်ကြည့်တဲ့သူတွေဟာ ရလဒ်ချင်းဘာကြောင့် မတူရပါသလဲ။
တစ်ယောက်ချင်းဆီရဲ့ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာအနေအထားတွေက ကိုယ်အလေးချိန် တိုးစေခြင်းနဲ့ လျော့ကျခြင်းတို့ ကွဲပြားဖြစ်ပေါ်စေပါတယ်။ Diet မလုပ်ခင်မှာ ကိုယ်ရဲ့ ရုပ်ပိုင်းဆိုင် ရာအနေအထားနဲ့ ဆေးဝါးသောက်သုံးနေရမှု အ ခြေအနေတို့ကို သေချာနားလည်ထားဖို့လိုပါတယ်။ သွိုင်းရိုက်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ကိစ္စရပ်တွေအပါအဝင် ကွဲပြားတဲ့ ကိစ္စတွေက ကိုယ်အလးချိန်တိုးခြင်းကို ဖြစ်စေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ  ကျန်းမာရေးကြောင့်လည်း ကိုယ်အလေးချိန် တိုးတာလျော့ကျတာကို ဖြစ်စေပါတယ်။ ပူပင်သောကတွေ သိပ်များနေခဲ့ရင် ပုံမှန်မဟုတ်တဲ့ ကိုယ်အလေးချိန် တိုးလာတာမျိုး ကြုံတွေ့ဖူးပါလိမ့်မယ်။ ဒီလို ကြုံခဲ့ရင်တော့ ဆရာဝန်နဲ့သာ တွေ့ဆုံဆွေးနွေးဖို့ အကြံပြုလိုပါတယ်။ 

အိပ်ရာမဝင်ခင်မှာ ဆာလောင်ပြီး အားမရှိသလို ခံစားရတာကြောင့် ဘာလုပ်သင့်ပါသလဲ။ 
အိပ်ရာမဝင်ခင်မှာ သစ်သီးစားပါ။ ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဆယ်မိနစ်လောက် ထိုင်နေပါ။ ပြီးမှ အိပ်ယာဝင်ပါ။ 

Diet လုပ်နေတဲ့အချိန်အတွင်း ယမကာသောက် သုံးလို့ရပါသလား။ 
လုံးဝမရပါဘူး။ 

ရက်သတ္တပတ်လုံး အောင်မြင်ပြီးဆုံးခဲ့တာကြောင့် နောက်တစ်ပတ် ဆက်လုပ်လို့ရနိုင်ပါသလား။
ရပါတယ်။ နှစ်ပတ်ဆက်တိုက် လုပ်လို့ရပါတယ်။ ပြီးရင်တော့ လေးငါးရက်လောက် နားပေးပါ။ Diet plan ကို ထပ်ပြီးလုပ်ဦးမယ်ဆိုရင် နောက်ထပ် နှစ်ပတ်ဆက်လုပ်လို့ ရပါသေးတယ်။ 

ပီကေရောစားလို့ ရပါသလား။ 
သကြားမပါတဲ့ ပီကေဆိုရင် ရပါတယ်။ 

ကျွန်တော်/ ကျွန်မကတော့ လေးရက်မြောက်နေ့ကို ရောက်နေပါပြီ။ ဒါပေမဲ့ လက်လျှော့ချင်နေမိပါပြီ။ ကိုယ်အလေးချိန်ကျတယ်လို့လည်း မခံစားမိပါဘူး။
ခုနှစ်ရက်ပြည့်အောင် ကြိုးစားသွားဖို့ တိုက်တွန်းလိုပါတယ်။ ဆယ်ပေါင်မကျလို့ သိပ်ပြီးတော့ စိတ်မပျက်ပါနဲ့ဦး။ လူတိုင်းမှာရှိတဲ့ ဇီဝတွင်းဖြစ်
ပျက်မှုတွေက မတူညီကြပါဘူး။ Diet plan အတိုင်း အတိအကျ လိုက်နာဖို့လည်း မမေ့ပါနဲ့ဦး။ ကိုယ်အလေးချိန် မြန်မြန်ကျလိုတာကြောင့် ဖော်ပြထား
တဲ့ Diet plan အတိုင်းမဟုတ်ဘဲ လျှော့ပြီးစားသုံးလိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှု မရှိဘဲနေပါလိမ့်မယ်။

ထမင်းအစား အခြားတစ်ခုခုကို အစားထိုးစားသုံးလို့ရပါသလား။ 
ထမင်းအစား အာလူး၊ လူး၊ ဆပ်၊ နှံစားပြောင်းစတာတွေကို အစားထိုးစားသုံးနိုင်ပါတယ်။ 

ဒုတိယမြောက်နေ့ ပြီးသွားပြီလား သေချာမမှတ်မိ ဖြစ်နေပါတယ်။ ပထမရက်ကနေ့ ပြန်စပြီးစားလို့ ရပါသလား။ ဒါမှမဟုတ် diet plan ထဲက ဒုတိယ နေ့ အတိုင်းဘဲ ထပ်ပြီးစားသင့်ပါသလား။ 
ဒီလိုရှုပ်ထွေးနေခဲ့ရင်တော့ ဒုတိယနေ့ အတိုင်းဘဲထပ်စားပြီး တတိယနေ့ကို ဆက်သွားပေးပါ။ 

အိမ်မှာ ပြင်ဆင်ချက်ပြုတ်တဲ့ စွတ်ပြုပ်တွေအစား ဆိုင်ကနေအသင့်ဝယ်လို့ရတဲ့ ကယ်လိုရီနည်းတဲ့ စွတ်ပြုပ်တွေကိုရော အစားထိုးစားသုံးလို့ ရပါသလား။ 
မရပါဘူး။ ကိုယ်တိုင်စားဖို့အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ 

အချိုရည်တွေကိုရော သောက်လို့ရပါသလား။ 
ရေအပြင် လက်ဖက်ရည်၊ အဆီထုတ်ထားတဲ့ နို့မှုန့်နဲ့ ဖျော်တဲ့ ကော်ဖီ၊ လင်မနစ်တို့ကို သောက်လို့ရပါတယ်။ 
ဒီလောက်ဆိုရင်တော့ Diet Plan နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ စုံလင်သွားပြီလို့ ထင်ပါတယ်။ မြန်မြန် ကိုယ်အလေးချိန် လျော့ကျ
လိုသူတွေအနေနဲ့ မိမိရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု အနေအထားကို ထည့်သွင်းစဉ်းစားပြီးမှသာ Diet Plan တွေကို လိုက်နာလေ့ကျင့်ကြဖို့ ထပ်လောင်း အကြံပြုပါရစေနော်။ ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုရင်းဒီတစ်လအတွက် နှုတ်ဆက်ပါတယ်။ 
Ref: Lose 10 Pounds in a Week: 7 Day Diet Plan
By :Haris