ပန်းနာရောဂါကို ရှာဖွေနိုင်မယ့် စမ်းသပ်နည်း အသစ်တွေ့ရှိ

လူနာတွေရဲ့တံတွေးရည်မှ တစ်ဆင့် ပန်းနာရောဂါကို ရှာဖွေနိုင်မယ့် နည်းပညာသစ်တစ်မျိုးကို Loughborough University က တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်တလောရရှိထားတဲ့ သတင်းအချက်အလက်များ အရ UK တစ်နိုင်ငံထဲမှာတင် လူပေါင်း ၅.၄ သန်းကျော် ပန်းနာရောဂါကို ခံစားနေရပြီး ၁.၁ သန်းကျော်က ကလေးများဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ရောဂါကို စမ်းသပ်ရှာဖွေဖို့ လူနာရဲ့ Lung Capacity ကို တိုင်းတာတဲ့ နည်းလမ်းကို အသုံးပြုလေ့ရှိပြီး အဆိုပါနည်းလမ်းက တိကျမှုသိပ်မရှိဘဲ ရောဂါရဲ့ အပြောင်းအလဲကိုလည်း အတိအကျ ထုတ်ဖော်ပေးနိုင်စွမ်းမရှိဘူးလို့ သိရပါတယ်။ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းနဲ့ ချွဲသလိပ်စစ်ခြင်း နည်းလမ်းတွေကလည်း ကလေးငယ်များအတွက် အနည်းငယ် အခက်အခဲဖြစ်စေတယ်လို့ ပညာရှင်တွေ ကောက်ချက်ချထားပါတယ်။ 

Nottingham City Hospital  နဲ့ Lough-borough University တို့ ပူးပေါင်းပြီး တီထွင်ခဲ့ကြတဲ့ လူနာရဲ့တံတွေးရည်မှ တစ်ဆင့် စမ်းသပ်နည်းအသစ်ကတော့ တစ်ကြိမ်တည်းနဲ့ရောဂါကို ရှာဖွေသိရှိနိုင်ပြီး အသက်အရွယ် ကွဲပြားမှုရှိတဲ့ လူနာတိုင်းနဲ့လည်း သင့်တော်မှုရှိတယ်လို့ သိရပါတယ်။ 

အဆိုပါ စမ်းသပ်နည်း အသစ်က လူနာရဲ့ တံတွေးရည်ကို liquid chromatographymass spectrometry (LC-MS) ဆိုတဲ့ နည်းပညာအသုံး ပြုပြီး metabolic biomarkers လို့ခေါ်တဲ့ ပစ္စည်းကို ရှာဖွေတဲ့ နည်းဖြစ်ပါတယ်။ အဆိုပါ metabolic biomarkers ပါဝင်မှု ပမာဏကို တိုင်းတာပြီး ပန်းနာရောဂါရှိမရှိ အဖြေထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခြားသော သွေး၊ ဆီး စတဲ့ နမူနာပစ္စည်းများကိုယူပြီး စစ်ဆေးတဲ့ နည်းလမ်းများနဲ့ အသက်ရှုခြင်းကို စစ်ဆေးတဲ့ နည်းလမ်းများထက်စာရင် ယခု နည်းလမ်းက လူတိုင်းနဲ့ပိုပြီး သင့်တော်မှုရှိပြီး လူနာတွေအတွက် သက်တောင့် သက်သာဖြစ်စေတယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ပရော်ဖက်ဆာတစ်ဦးက ဆိုပါတယ်။ 

ဒီနည်းပညာကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှားခဲ့ရတယ်လို့  သုတေသီတွေက သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဆိုပါ စမ်းသပ်နည်းအသစ်ကို ဆေးခန်းများမှာ အသုံးပြုနိုင်တဲ့အဆင့်ထိ ရောက်ရှိဖို့အတွက် နောက်ထပ် လေ့လာမှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အကယ်၍ ပန်းနာရောဂါကို တံတွေးမှတစ်ဆင့် စမ်းသပ်ရှာဖွေနိုင်မယ့် နည်းလမ်းက လုံးဝအောင်မြင်တယ်ဆိုရင် ပန်းနာရောဂါကို ကနဦး အဆင့်မှာတင် ရှာဖွေတွေ့ရှိနိုင်ဖို့မှာ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ပညာရှင်များ တွက်ဆထားကြပါတယ်။ 
Ref;Science Daily

အေးတဲ့ အခန်းမှာ အိပ်စက်ခြင်းက အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေနိုင်
သာမန် အခန်းအပူချိန်ထက် ပိုပြီး အေးတဲ့ အခန်းမှာ အိပ်စက်ခြင်းက Insomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေပြီး အိပ်ပျော်ဖို့ ပိုပြီးလွယ်ကူစေတာကို လေ့လာမှုတွေမှ တစ်ဆင့် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 
Mayo Clinic က Insomnia ကို အိပ်ပျော် ဖို့ ခဲယဉ်းတဲ့ သို့မဟုတ် အချိန်ကြာကြာ အိပ်မော ကျဖို့ခဲယဉ်းတဲ့ ရောဂါအဖြစ် သတ်မှတ်ထားပြီး နေ့ခင်းဘက်တွေမှာ အားအင်ကုန်ခမ်းသကဲ့သို့ ခံစားရခြင်း၊ တစ်ခါတစ်ရံ မောပန်းနွယ်နယ်ခြင်း စတဲ့ လက္ခဏာများ ခံစားရနိုင်တဲ့ အခြေအနေ တစ်ခုအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဆိုပါ လက္ခဏာများထက် ပြင်းထန်ဆိုးဝါးတဲ့  စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဆတ်လာခြင်း၊ အလုပ် သို့မဟုတ် ကျောင်းပညာရေးမှာ အာရုံစူးစိုက်မှု လျော့နည်းလာခြင်းအပြင် စိတ်ကျရောဂါစတဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများလည်း Insomnia နဲ့ တွဲဖက်ပြီး ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ Insomnia ရောဂါက  စတင်ဖြစ်ပေါ်ပြီးပြီဆိုရင် ကုသဖို့လည်း ခက်ခဲတဲ့ရောဂါ တစ်မျိုးဖြစ်တယ်လို့လည်း ပညာရှင်တွေ သတိပေးထားပါတယ်။ 

University of South Australia က ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့  Insomnia ရောဂါအကြောင်း လေ့လာမှုမှတစ်ဆင့်  ခန္ဓာကိုယ်တွင်း အပူချိန်ကို လျှော့ချဖို့ ခက်ခဲခြင်းက ညဘက် အိပ်မပျော်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ပုံမှန် အိပ်စက်ခြင်းဖြစ်စဉ် စတင်ဖြစ်ပေါ်လာစေဖို့  ညဘက်အိပ်ခါနီးမှာ ခန္ဓာကိုယ်က အပူချိန်လျော့ကျလာဖို့လိုအပ်ပါတယ်။ “ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်က တစ်ခါတစ်ရံမှာ အိပ်ရာမ၀င်ခင်မှာ၊ လူတွေ သူတို့ ကိုယ်သူတို့ သတိမထားမိခင် အချိန်မှာပဲ ဖြစ်ပေါ်လာလေ့ရှိပါတယ်”လို့ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့  Dr. Cameron Van der Heuvel က မှတ်ချက်ပြုခဲ့ပါတယ်။ 

အကယ်၍ ခန္ဓာကိုယ်က သဘာဝအတိုင်း ဖြစ်ပေါ်လာရမယ့် အပူချိန် ပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကိုယ်အတွင်းမှ အပူချိန်ဟာ ခန္ဓာကိုယ်ရဲ့မျက်နှာပြင် ဧရိယာများဖြစ်တဲ့ မျက်နှာ၊ လက်နဲ့ ခြေထောက်များဆီသို့ ရောက်ရှိသွားမှာဖြစ်ပြီး အဆိုပါ အပြောင်းအလဲက နောက်ဆက်တွဲ အနေနဲ့အိပ်မပျော်တဲ့ ပြဿနာကို ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။

Insomnia ဝေဒနာ ခံစားနေရတဲ့သူတွေဟာ သာမန် အိပ်ပျော်လွယ်တဲ့ သူများထက် ကိုယ်တွင်း အပူချိန် မြင့်နေတာကိုလည်း ပညာရှင်တွေ သတိထားမိခဲ့ပါတယ်။ သီးခြားပြုလုပ်ထားတဲ့ အခြားသော လေ့လာမှုတွေမှာလည်း  therm၀-regul-atory system လို့ခေါ်တဲ့ ကိုယ်တွင်း အပူချိန် ထိန်းညှိခြင်းစနစ်က အိပ်စက်ခြင်း ဖြစ်စဉ်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ကြပြီးသား ဖြစ်ပါတယ်။ 

အဆိုပါ တွေ့ရှိချက်များကို အခြေခံပြီး စမ်းသပ်မှုပြုလုပ်တဲ့အခါ သာမန်ထက်ပိုပြီး အေးတဲ့ အခန်းထဲမှာ အိပ်စက်ခြင်းက အိပ်ပျော်ဖို့ ပိုမိုလွယ်ကူစေနိုင်ပြီး ဆက်တိုက်အိပ်မောကျနေဖို့လည်း အထောက်အကူ ပြုနိုင်တာကို ပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။ အကယ်၍ အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့ အိပ်ခန်းအပူချိန်ကို လျှော့ပြီး အေးနေအောင်ပြုပြင်ပြီး အိပ်စက်ကြည့်ဖို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အေးတဲ့ အခန်းထဲမှာ အိပ်စက်ခြင်းဖြင့် အမျိုးသားများမှာ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်ဆိုတဲ့ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုကိုလည်း ပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါစေသေးတယ်။ 
Ref; Lifehack