သိပ္ပံနည်းကျ ပြုံးပါ

တစ်ဦးတစ်ယောက်ကို ပြုံးပြဖို့ သင့်အတွက် သိပ်ကိုခက်ခဲနေပါသလား။ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်ရာမှာ စကားပြောခြင်းဆိုတဲ့ နည်းလမ်းတစ်ခုတည်းကိုပဲ တွင်တွင်ကျယ်ကျယ်သုံးလေ့ရှိပြီး ပြုံးပြရယ်မောခြင်းဆိုတဲ့ မျက်နှာ အမူအရာကတစ်ဆင့် ပြောဆိုဆက်သွယ်တဲ့ နည်းလမ်းကိုတော့ မေ့ထားမိပါသလား။ တစ်စိမ်းတရံလူတစ်ဦးကို သင်ဘက်ကစတင်ပြီး ပြုံးပြဖို့ထက် ဧ၀ရတ်တောင်ကိုသာ ပြေးတက်လိုက်ချင်တဲ့ ဆန္ဒမျိုး ဖြစ်ဖူးပါသလား။ ကိုယ့်ရဲ့ အပြုံးကို တုန့် ပြန်မယ့်သူမရှိမှာစိုးတာကြောင့် မနက်ကစလို့ နေ၀င်မိုးချုပ်တဲ့အထိ ခပ်တည်တည်နေခဲ့တဲ့နေ့တွေ ရှိခဲ့ဖူးပါသလား။ 

ခပ်ပြုံးပြုံးနေဖို့ဆိုတာဟာ လူတိုင်းအတွက်တော့ အပြောလွယ်သလောက် လိုက်လုပ်ဖို့ ခက်တဲ့ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။ 

ဒါပေမဲ့ ပြုံးခြင်းက သဘာဝအတိုင်း လူသားတွေ လုပ်ဆောင်နိုင်တဲ့ အရာတွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာတစ်ခုဖြစ်ပြီး သင့်ရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးစတဲ့ ဘဝရဲ့အရေးပါတဲ့ ကဏ္ဍတိုင်းအတွက် အကျိုးပြုနိုင်စွမ်းရှိပါတယ်။ ဒီလိုဆိုလိုက်ရုံနဲ့ သင့်အတွက် ပြုံးဖို့ လုံလောက်တဲ့ အကြောင်းအရင်းမရရှိနိုင်သေးဘူးလို့ ယူဆမိတာကြောင့် သိပ္ပံနည်းကျ ခပ်ပြုံးပြုံးနေသင့်တဲ့ အချက်အလက်များကို ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။

ဆက်ဆံရေးကိုရေရှည်တည်မြဲစေပါတယ်
အမြဲပြုံးနေလေ့ရှိသူတွေဟာ ခပ်တည်တည် နေလေ့ရှိသူတွေထပ်စာရင် ချည်းကပ်ရ ပိုမိုလွယ်ကူလေ့ရှိပြီးပိုပြီး နှစ်သက်ဖွယ်ကောင်းတဲ့ သူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ University of California ၊ University of Berkeley စတဲ့ တက္ကသိုလ်ကြီးများမှ ကျွမ်းကျင်ရှင်များမှ နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပြုံးခြင်းက လူတွေရဲ့ ရေရှည်ဆက်ဆံရေးမှာ ဘယ်လိုအကျိုးသက်ရောက်မှု ပြုနိုင်သလဲဆိုတဲ့ အကြောင်းအရင်းကို ဒီလိုဖော်ပြခဲ့ပါတယ်။ သက်တမ်း ၂၁ နှစ်ကြာရှိတဲ့ Year Book ကို ကျောင်းမှတ်တမ်းစာအုပ်တွေက ဓာတ်ပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့ပြီး ဓာတ်ပုံတွေထဲမှာ နှစ်နှစ်ကာကာ ပြုံးနေတဲ့သူတွေဟာ အသက် ၅၂ နှစ်အရွယ်မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နေကြတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ ပညာရှင်တွေ ဆိုခဲ့ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့အပြုံးဟာ ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးအတွက် စူပါဂလူးကဲ့သို့ သက်ရောက်မှုဖြစ်စေတယ်လို့ အကြမ်းဖျင်းကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်
သင်တို့၊ ကျွနု်ပ်တို့ အားလုံးပျော်ရွှင်တဲ့အခါမှာ နောက်ဆက်တွဲတုန့်ပြန်မှု တစ်ခုအဖြစ် ရယ်မောတာမျိုး၊ သို့မဟုတ် ပြုံးတာမျိုး အလိုလို ပြုလုပ်လေ့ရှိပါတယ်။  ဒီလိုပါပဲ၊ ပျော်ရွှင်တဲ့အခါမှာ ပြုံးသလို၊ ပြုံးလိုက်တဲ့အခါမှာလည်း သင်တို့ ကျွန်ုပ်တို့ကို ပျော်ရွှင်လာစေပါတယ်။ လူတစ်ယောက် ပြုံးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ စနစ်က ဘေးအန္တရာယ်နဲ့ အခက်အခဲဖြစ်စေနိုင်တဲ့ အခြေအနေတစ်စုံတစ်ရာမရှိဘူးဆိုတာကို ခံစားသိရှိသွားမှာ ဖြစ်ပြီးစိုးရိမ်သောကဖြစ်စေနိုင်တဲ့ စိတ်
ခံစားမှုတွေကိုကင်းစင်သွားစေမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း နှလုံးခုန်နှုန်းကို နှေးကွေးသွားစေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့  Cortisol ထုတ်လုပ်မှုကို လျော့ကျလာစေမှာ ဖြစ်ပါတယ်။ ယာယီအနေနဲ့ သွေးဖိအားကိုပါ လျှော့ချပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကသင်ပြုံးလိုက်ရုံနဲ့ သင်ခန္ဓာကိုယ်က နောက်ဆက်တွဲလိုက်ပါ လုပ်ဆောင်မယ့် အရာတွေဖြစ်ပြီး နှလုံးရဲ့ ကျန်းမာရေးအတွက် အလွန်ကိုအရေးပါတဲ့ ဖြစ်စဉ်များဖြစ်ပါတယ်။ University of Kansas မှ ပညာရှင်များကတော့ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မျက်နှာပေါ်မှာပြုံးလာအောင် ကြိုးစားရုံနဲ့တင် အဆိုပါဖြစ်စဉ်တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြုံးခြင်းက စိတ်ဖိစီးမှုတွေကို သက်သာစေပြီး နှလုံးကိုငြိမ်သက်စေတယ်ဆိုတာကို သိထားရင်ပဲ သင်ပြုံးဖို့ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။ 

အသက်ပိုရှည်စေပါတယ်
Wayne State University က သုတေသီတွေဟာ ပြုံးပြုံးရွှင်ရွှင်နေခြင်းက အသက်ပိုရှည်ဖို့ အခွင့်အလမ်းပိုများစေနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ကြပါတယ်။ ပြုံးခြင်းက သင့်ကိုမွေးနေ့ အရေအတွက်များများ ဖြတ်သန်းနိုင်ဖို့ ကူညီပေးနိုင်ရုံသာမကပဲ သင့်ကိုပိုပြီးနုပျိုတဲ့ အသွင်အပြင်ကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ သုတေသနအချက်အလက်များအရ မကြာခဏ ပြုံးလေ့ရှိသူတွေဟာ မျက်နှာထားတည်သူတွေနဲ့ ရုပ်ရည်ပိုင်းဆိုင်ရာ  နှိုင်းယှဉ်တဲ့အခါမှာ သုံးနှစ်စာလောက် ပိုပြီး နုပျို
နေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ Antiaging Skin Care တွေဟာ ဈေးကြီးပြီး သင်ချဲ့ရင်ချဲ့သလောက် များမြောင်လှတဲ့ ပစ္စည်းအမျိုးအမည်များကို အချိန်ပေးပြီးလိမ်းရကျံရမှာ ဖြစ်ပါတယ်။ ပြုံးနိုင်တဲ့ အစွမ်းရှိတာကတော့ သင့်ကို သဘာဝကပေးထားတဲ့ အခမဲ့လက်ဆောင်ဖြစ်ပြီး အချိန်လည်း မကုန်တာကြောင့် အခွင့်အရေးကိုအမိအရအသုံးချတတ်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးနေ့ပေါင်းများစွာကို လှလှပပနုနုပျိုပျိုနဲ့ ဖြတ်သန်းလိုတယ်ဆိုရင်တော့ ယနေ့မှ စပြီး ခပ်ပြုံးပြုံးနေလိုက်ပါလို့ အကြံပြုချင်ပါတယ်။ 

အပြုံးဟာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်
ပြုံးခြင်းဆိုင်ရာဘာသာရပ်ဆိုတာ အသက်အရွယ်မရွေး၊ ကျားမလူမျိုးမရွေး နားလည်နိုင်စွမ်းရှိတဲ့ ဘာသာစကားတစ်ရပ်ဖြစ်ပါတယ်။ တစ်စိမ်းတစ်ယောက်ကို ပြုံးပြလိုက်ရင်တောင်မှ များသောအားဖြင့် ပြန်လည်တုံ့ပြန်ပြီး ပြုံးပြလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ပြုံးခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းနဲ့  ကူးစက်တတ်တဲ့ အမူအကျင့်တစ်ခုဖြစ်တယ်လို့ ပညာရှင်တွေ သတ်မှတ်ထားကြခြင်း ဖြစ်ပါတယ်။ ဒါဟာ အခြားလူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို လိုက်လံပြီးတုပဖို့ မသိစိတ်ရဲ့ စေစား 
မှုကြောင့်ဖြစ်ပေါ်လာတတ်တဲ့ အမူအကျင့်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ တစ်ခြားသူတစ်ယောက်က ပြန်မပြုံးပြမှာကို စိတ်မပူဘဲ သင့်ဘက်ကစတင်ပြီး ပြုံးပြကြည့်ပါ။ သင်ပြုံးလိုက်တိုင်းမှာ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ အခြားသူတစ်ယောက်အပေါ် အကျိုးသက်ရောက်မှုရှိတာကြောင့် အခါအခွင့်သင့်တိုင်း ဒီအခွင့်အရေးကိုအသုံးချပါလို့ တိုက်တွန်းချင်ပါတယ်။

ပိုပြီးအောင်မြင်စေပါတယ်
ဈေးကွက်ထဲကအောင်မြင်တဲ့ အရောင်းသမားတွေနဲ့ နိုင်ငံရေးနယ်ပယ်ထဲက လူကြိုက်များတဲ့ နိုင်ငံရေးသမားတွေအကြောင်းကို သင်စဉ်းစားသုံးသပ်ကြည့်ပါ။ အကယ်၍ သင်နှစ်သက်တဲ့သူ တစ်ဦးဦးကို ပြုံးရွှင်တဲ့မျက်နှာ အနေအထားအစား သုန်မှုန်ပြီး မကြည်မလင်ဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ အစားထိုးကြည့်ပါ။ သင်သူ့ကို ဆက်လက်နှစ်သက်နိုင်ပါဦးမလား။ လေ့လာမှုတွေ ပြုလုပ်ပြီးရရှိလာတဲ့ အချက်အလက်များစွာအရတော့ မကြာမကြာ ပြုံးလေ့ရှိသူတွေဟာ တစ်ခြားသူတွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ အသိအမှတ်ပြုမှုကို ပိုပြီးရရှိတတ်ကြလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြုံးခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ အတွင်းစိတ်ကို မျက်နှာပေါ်မှာ ပြန်လည်ရောင်ပြန်ဟပ်ခြင်းဖြစ်တယ်လို့လည်း ပညာရှင်တွေ အခိုင်အမာဆိုပါတယ်။ MRI scans တွေက ပြသနေတဲ့ အချက်အလက်များအရ ပြုံးလိုက်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေကို ဆောင် ရွက်ရတဲ့ ဦးနှောက်ရဲ့ orbitofrontal cortex ဆိုတဲ့ အစိတ်အပိုင်းကို သွားရောက်နှိုးဆော်ပေးပါတယ်။ ဒီလိုနှိုးဆော်မှုကြောင့် တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့်သွားတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာစေပြီး၊ ဒီဖြစ်စဉ်ကြောင့် တစ်ခါတစ်ရံမှာ ပြုံးလိုက်ခြင်းအားဖြင့် စွမ်းအင် (သို့) တွန်းအားတစ်မျိုးမျိုး ရရှိသလိုမျိုး ခံစားရစေတာဖြစ်ပါတယ်။ ဒါကြောင့် ပြုံးခြင်းက သင့်ရဲ့ ကိုယ်ကိုကိုယ် ယုံကြည်မှုကို ပိုပြီးတိုးတက်လာစေပြီး သင့်ကိုပိုပြီးအောင်မြင်တဲ့ နေရာတစ်ခုဆီကိုရောက်ရှိအောင် ခေါ်ဆောင်သွားပေးနိုင်ပါလိမ့်မယ်။

အာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိပါတယ်
Endorphins ဆိုတာက ပျော်ရွှင်တဲ့ စိတ်ခံစားမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတစ်မျိုးပါ။ စိတ်ခံစားမှု ကောင်းမွန်တဲ့အခါမှာ အဆိုပါ ဟော်မုန်းထွက်ရှိလာပြီး ဒီဟော်မုန်းထွက်လာတာကြောင့် လူတွေဟာ ပျော်ရွှင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ခံစားသိရှိကြတာဖြစ်ပါတယ်။ သင် ပြုံးလိုက်တဲ့အခါတိုင်းမှာ Endorphins ပုံမှန်ထက် ပိုပြီးထွက်လာလေ့ရှိပါတယ်။ ပြုံးခြင်းက နာကျင်မှုဝေဒနာတွေကို သက်သာစေတဲ့ မော်ဖိန်းနဲ့ တူညီတဲ့လုပ်ဆောင်မှုမျိုးကိုလည်း လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ ပြုံးလိုက်တဲ့အခါမှာ ဦးနှောက်ကသိရှိခံစားနေရတဲ့ နာကျင်မှုဝေဒနာကို သက်သာသွားစေနိုင်ပြီး ဖိစီးမှုတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။ ကလေးဆေးရုံတွေမှာ လူရွှင်တော်တွေ၊ ကာတွန်းဇာတ်ကောင်ပုံစံ ဝတ်စားထားတဲ့သူတွေ လာရောက်ဖျော်ဖြေတင်ဆက်တာကို ကြည့်ရှုရတဲ့ ကလေးငယ်တွေဟာ ဒီလိုဖျော်ဖြေမှုမျိုး မကြုံတွေ့ဖူးကြတဲ့ ဝေဒနာတူကလေးငယ်များနဲ့ နှိုင်းယှဉ်တဲ့အခါမှာ နာကျင်မှုဝေဒနာခံစားရတာ သိသိသာသာလျော့ပါး သက်သာနေကြတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြုံးခြင်းဟာ နာကျင်မှုနဲ့ ဖိစီးမှုကို ခံစားသိရှိနိုင်တဲ့ ဦးနှောက်ကအာရုံကြောတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်တယ်လို့ ဆိုရမှာပါ။  ဒါကြောင့် သဘာဝကပေးထားတဲ့ ဒီလက်ဆောင်ကို သင်တို့ကျွန်ုပ်တို့က မကြာမကြာ ပြုံးပြီးအကျိုးရှိစွာ အသုံးချကြရုံပါပဲ။ 

ဗီဇစိတ်နဲ့ ပြုံးတတ်ဖို့ သိခဲ့ကြပါတယ်
လမ်းလျှောက်ခြင်း၊ စကားပြောခြင်း စတဲ့ အမူအကျင့်တွေကဲ့သို့ပဲ ပြုံးတတ်ဖို့လည်း ငယ်ရွယ်စဉ်ကလေးဘဝက သင်ယူခဲ့ကြရတယ်လို့ ယခင်က သိထားခဲ့ကြပါတယ်။ ကလေးလေးတွေ အသက် ၆ ပတ်လောက်မှာမှစပြီး ပြုံးတတ်ဖို့ သင်ယူကြတယ်လို့ သိထားကြရာမှ ကလေးငယ်တွေဟာ (ဥပမာ- မွေးရာပါ မျက်စိမမြင်တဲ့ ကလေးလေးတွေတောင်) မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာကတည်းက စတင်ပြီး ပြုံးတတ်နေကြပြီဆိုတာကို Ultrasound တွေမှတစ်ဆင့် သိရှိလာခဲ့ရပါတယ်။ ကလေးတွေဟာ အသက်ရှူတတ်ဖို့၊ မိခင်နို့ကို စို့တတ်ဖို့နဲ့ မျက်တောင်ခတ်တတ်ဖို့တွေကို မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာကတည်းက သဘာဝအတိုင်း သိထားကြပြီး ဖြစ်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ခုတော့  ပြုံးတတ်ဖို့ပါ သူတို့သိထားကြတယ်ဆိုတာကို ဒီ စာရင်းထဲမှာ ထည့်သွင်းလို့ရပါပြီ။  အသက်ရှူခြင်း၊ အစားစားခြင်းစတဲ့ အသက်ရှင်နေထိုင်ဖို့ အလွန်အခြေခံကျပြီးအရေးကြီးတဲ့ အချက်အလက်များကို ကလေးငယ်တွေဟာမိခင်ရဲ့ ၀မ်းတွင်းကတည်းက စတင် သိရှိထားခဲ့ပြီး ပြင်ပမှာအသက်ရှင်ဖို့ ကြိုတင် ပြင်ဆင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သင်ရဲ့ အပြုံးဟာလည်း သင့်ဘဝမှာ အသက်ရှူခြင်း၊ အစားစားခြင်းကိစ္စတွေကဲ့သို့  အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတယ်ဆိုတာ သင် မမေ့သင့်ပါဘူး။ ပြုံးတတ်ဖို့ဆိုတာ သင်ယူစရာမလိုဘဲ သဘာဝအတိုင်း တတ်သိလာတဲ့ ဗီဇအမူအကျင့်တစ်ခုဖြစ်တယ်ဆိုတာ သင်သိပြီဆိုရင် သင်ပြုံးဖို့ ဘာအကြောင်းကြောင့်မှ တွန့်ဆုတ်မနေသင့်တော့ပါဘူး။ 
Ref ; 7 Reasons to Smile More—Backed By Science