လေဖြတ်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းတစ်ခြမ်း ကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (migraine)ကို ခံစားနေရတဲ့ အမျိုးသမီးတွေမှာ လေဖြတ်နိုင်ချေ (၂) ဆပိုမြင့်မားနေကြောင်း သုတေသနပြုမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒီဆက်စပ်မှုကို ဆေးပညာနယ်ပယ်မှာ ရှိနေသူတွေအနေနဲ့ သတိထားသင့်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီတွေ့ရှိချက်မတိုင်ခင်ကတော့ ခေါင်းတစ်ခြမ်းကိုက်ရောဂါခံစားရသူများဟာ နောက်ဆက်တွဲရောဂါအနေနဲ့ အမြင်အာရုံမှာ အပြောင်းအလဲတွေဖြစ်လာကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ပြင်းထန်စွာခေါင်းကိုက်ခြင်းနဲ့အတူ အမြင်ေ၀၀ါးလာခြင်း၊ အလင်းရောင်စူးစူးမခံနိုင်ခြင်းနဲ့ အမြင်အာရုံထဲမှာ ပဲတီပင်ပေါက်လိုတွေ မြင်နေခြင်းတို့ ဖြစ်လာတတ်ကြပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရတဲ့ သူ (၄) ယောက်မှာ (၁) ယောက်ခန့် ဒီလိုနောက်ဆက်တွဲ အမြင်အာရုံပြောင်းလဲခြင်း ခံစားရတယ်လို့ Migraine Research Foundation က ဆိုပါတယ်။

အခုသုတေသနမှာ ပျှမ်းမျှ အသက် (၅၈) နှစ်ရှိတဲ့ အမေရိကန်အမျိုးသမီး (၉၀၀) ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ 

“ခေါင်းတစ်ခြမ်းကိုက်ရောဂါရော၊ လေဖြတ်တာရောက ဦးနှောက်ကို သက်ရောက်မှုဖြစ်စေတဲ့ ရောဂါတွေပါပဲ။ ဒါကြောင့် ဒီရောဂါနှစ်ခု ဆက်စပ်မှုရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဦးနှောက်ထက် သွေးကြောတွေရဲ့ စွမ်းဆောင်မှုက အဓိကနေရာက ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အသက်ငယ်ငယ်နဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးများ စိုးရွံ့စရာမလိုဘူး”လို့ University of Toledo College of Medicine and Life Sciences ရဲ့ Headache Research and Treatment Center မှ Dr. Gretchen Tietjen က ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ လေဖြတ်ခြင်း ဆက်စပ်နေတဲ့သုတေသနကို အမျိုးသားများမှာတော့ လေ့လာခဲ့ခြင်းမရှိဘူးလို့ သတင်းမှာ တစ်ဆက်တည်းဖော်ပြထားပါတယ်။ အကြောင်းရင်းကတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါဟာ အမျိုးသားများမှာ အတွေ့ရနည်းတဲ့ရောဂါဖြစ်တဲ့ အ တွက်ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိနေတဲ့ အမျိုးသမီးများအနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအထိ မဖြစ်ပွားနိုင်အောင် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ကြောင်း၊ ကိုလက်စထရောကို တတ်နိုင်သမျှလျှော့ချသင့်ကြောင်းနဲ့ အက်စထရိုဂျင်ပါဝင်တဲ့ သန္ဓေတားဆေးများကို သတိနဲ့ သောက်သုံးသင့်ကြောင်း အကြံပြုထားပါတယ်။

ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ
ပုံမှန် ၀မ်းချုပ်လေ့ရှိခြင်းဟာ ကျောက်ကပ်ကို ပျက်စီးစေနိုင်တာကြောင့် ၀မ်းချုပ်ခြင်းကို သတိပြုသင့်ကြောင်း ကျန်းမာရေးသတင်းတစ်ပုဒ်မှာ ဖော်ပြလာပါတယ်။

ဝမ်းချုပ်ခြင်းကို သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ သဘောမထားဘဲ အမြန်ကုသမှုယူခြင်းဟာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါများမဖြစ်အောင် တားဆီးရာရောက်တယ်လို့ University of Tennessee Health Science Center ရဲ့ သုတေသီများက ထုတ်ဖော်ပြောကြားလာပါတယ်။  ပုံမှန်ဝမ်းချုပ်ခြင်း အလေ့ရှိသူတွေဟာ ၀မ်းချုပ်ခြင်းအလေ့မရှိသူတွေထက် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ (၁၃) ရာခိုင်နှုန်း ပိုများပြီး ကျောက်ကပ်ပျက်စီးနိုင်ချေ (၉) ရာခိုင်နှုန်းပိုများနေတယ်လို့ ဆိုပါတယ်။ ၀မ်းချုပ်ခြင်းအလေ့ရှိသူခြင်းယှဉ်ရင် ပိုဝမ်းချုပ်တတ်သူမှာ ဖြစ်နိုင်ချေတွေ ပိုများနေ တယ်လို့လည်း ဆိုထားပါတယ်။

“ကျောက်ကပ်ရောဂါဖြစ်နိုင်တဲ့ နည်းလမ်းတွေကို လေ့လာရင်းနဲ့ ဒီဆက်စပ်မှုကို တွေ့ခဲ့ရတာပါ။ ၀မ်းချုပ်ခြင်း နဲ့ ကျောက်ကပ်ရောဂါဟာ တိုက်ရိုက်ဆက်စပ်နေတယ်လို့တော့ မဆိုလိုနိုင်ပါဘူး။ အဲဒီလို ဆိုနိုင်ဖို့ ဆက်လေ့လာမှုတွေ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ၀မ်းချုပ်ခြင်းကို သတိမထားဘဲ သာမန်လို့တော့ မစဉ်းစားသင့်ပါဘူး။ ဒီအလေ့အထဟာ သင့်ရဲ့ အူလမ်းကြောင်းကို များစွာထိခိုက်စေနိုင်ပါတယ်” လို့ သုတေသီခေါင်းဆောင်က အကြံပြုပြောဆိုထားပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို နိုဝင်ဘာ ၁၀ က ထုတ်ဝေတဲ့ Journal of the American Society of Nephrology (JASN) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သင့်သွားဖုံးကို ဒုက္ခပေးမယ့် E-Cigarettes 
Electronic cigarettes တွေဟာ ရိုးရိုးစီးကရက်တွေလိုပဲ သင့်သွားဖုံးနဲ့သွားတွေကို ဒုက္ခပေးနိုင်လို့ နယူးယောက်မှာရှိတဲ့ University of Rochester က သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်ဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့ စီးကရက်တွေ နေရာမှာ အစားထိုးသောက်သုံးနေသူ E-cigarettes သမားတွေအတွက် ဒွိဟဖြစ်စေနိုင်ပါတယ်။ 

"E- cigarette က အငွေ့လောင်ကျွမ်းတဲ့အခါ ဆဲလ်တွေကို ရောင်ရမ်းစေပြီး ဆဲလ်တွေအတွင်း ပုံပျက်စေတဲ့ ဖိအားတွေကို ဖြစ်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီ့လို ဆဲလ်အတွင်းပိုင်းမှာ ပုံပျက်သွားတဲ့အတွက် ခံတွင်းရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်တာပါ။ လူတစ်ယောက်က E-cigarette ဘယ်လောက်သောက်လဲ၊ ဘယ်လိုသောက်လဲဆိုတဲ့ပေါ်မူတည်ပြီး အာခံတွင်းနဲ့ သွားဖုံးပျက်စီးမှုတွေလည်း ကွာခြားသွားနိုင်ပါတယ်” လို့ School of Medicine and 
Dentistry မှ ပါမောက္ခ Rahman က ရှင်းပြထားပါတယ်။

E- cigarette မှာပါဝင်တဲ့ အနံ့ဓာတု ပစ္စည်းတွေကလည်း အာခံတွင်းထဲက ဆဲလ်တွေ ပျက်စီးစေတဲ့နေရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

"E-cigarette ကို စွဲစွဲလန်းလန်းသောက်နေသူတွေ မေ့နေတဲ့အချက်တစ်ချက်က E-cigar-ette မှာလည်း ရိုးရိုးစီးကရက်လိုပဲ နီကိုတင်ဓာတ်ပါဝင်ပါတယ်။ ပမာဏ အနည်းအများသာ ကွာတာပါ။ ဒါကြောင့် E- cigarette ကို အလွန်အကျွံသောက်ရင်လည်း သွားဖုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်” လို့ ရေးသားထားပါတယ်။

E-cigarette ထုတ်လုပ်သူတွေ အနေနဲ့ သူ့ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေဟာ ကျန်းမာရေး ဘယ်လိုအန္တရာယ်တွေ ရှိလာနိုင်တဲ့အကြောင်း သုံးစွဲသူတွေ နားလည်အောင် သေချာထုတ်ဖော်သင့်တယ်လို့ သုတေသီတွေက အဆိုပြုထားပါတယ်။

မျိုးရိုးကြောင့်ဖြစ်သော နှလုံးရောဂါကို ကျန်းမာစွာနေထိုင်နည်းနှင့် အနိုင်ယူနိုင်
သင့်မိဘ ဒါမှမဟုတ် မောင်နှမသားချင်းတစ်ယောက်ယောက်ဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်ဆိုရင် သင့်နှလုံးကို ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ မျိုးရိုးကြောင့်ဖြစ်တဲ့ နှလုံးရောဂါကို ကျန်းမာစွာ နေထိုင်ခြင်းနဲ့ အနိုင်ယူနိုင်ကြောင်း ကျန်းမာရေး စာစောင်တစ်ခုမှာဖော်ပြလာပါတယ်။

သင့်နှလုံးကို ကျန်းမာစေတဲ့ နေထိုင်ခြင်းနည်းလမ်းများကတော့ လေ့ကျင့်ခန်းတစ်မျိုးမျိုးကို ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို များများစားသုံးခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းထားခြင်းနဲ့ ဆေးလိပ်ဖြတ်ခြင်းတို့  ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့ နည်းလမ်း (၄)ခုကို အများကြီးအားထုတ်စရာတောင်မလိုဘဲ အနည်းငယ်အားစိုက်ရုံနဲ့ မျိုးရိုးကြောင့်ဖြစ်တဲ့ နှလုံးရောဂါကြောင့် ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်နိုင်ချေကို ထက်ဝက်လောက် လျှော့ချပစ်နိုင်တယ်လို့ Massachusetts General Hospital  မှ သုတေသီခေါင်းဆောင် Dr. Sekar Kathiresan က ဆိုပါတယ်။ 

လူတစ်ဦးချင်းစီရဲ့ ဘ၀နေထိုင်မှုတွေကို  ဆေးလိပ်သောက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်၊ အစားအသောက်၊ လေ့ကျင့်ခန်း စတဲ့ အချက်လေးချက်က ဆုံးဖြတ်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ဘ၀နေထိုင်မှုရဖို့ အဓိကက ဆေးလိပ်ဖြတ်ဖို့၊ အ၀ မလွန်ဖို့၊ ရက်သတ္တပတ်တစ်ပတ်ကို တစ်ရက် အနည်းဆုံး လေ့ကျင့်ခန်း ကြာကြာလုပ်ဖို့နဲ့ သမမျှတတဲ့ အစားအသောက်ကို စားဖို့လိုအပ်ပါတယ်။

ဥပမာအားဖြင့် လူတစ်ယောက်ဟာ ကိုယ်အလေးချိန် များနိုင်တယ်၊ ဒါပေမဲ့ အ၀မလွန်ဖို့ ဂရုစိုက်ရမယ်။ တစ်နေ့ကို (၁) နာရီကြာအောင်၊ ဒါမှမဟုတ် (၂) နာရီကြာအောင် လေ့ကျင့်ခန်းလုပ်ဖြစ်ချင်မှ လုပ်ဖြစ်မယ်၊ ဒါပေမဲ့ တစ်ပတ်ကို တစ်ရက်လောက်တော့ အချိန်ရအောင်ယူပြီး လေ့ကျင့်ခန်းကို (၁) နာရီကြာအောင် လုပ်သင့်တယ်။ ဒါဆိုရင် ကျန်းမာတဲ့ ဘ၀နေထိုင်မှုကိုရနိုင်တယ်။ 

တချို့ကျတော့ မျိုးရိုးက နှလုံးရောဂါရှိလို့ နှလုံးကို စစ်ဆေးချင်ကြတယ်၊ ဒါပေမဲ့ ကိုယ့်မှာ နှလုံးရောဂါ ရှိနေတယ်ဆိုတာ သိရင်လည်း စိတ်ဆင်းရဲတတ်ကြပြန်တယ်။ ဒါဟာ နည်းမှန်လမ်းမှန် မဟုတ်ဘဲ ကိုယ့်မျိုးရိုးရှိလို့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်
ပြီး နေထိုင်တာကသာ မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ အကြံပြုထားပါတယ်။

နှလုံးရောဂါများရဲ့ (၈၀%)ဟာ နေထိုင်စားသောက်ပုံမှန်ရင် ဆိုးဆိုးရွားရွားမဖြစ်အောင် တားဆီးနိုင်တဲ့ ရောဂါသာဖြစ်ပါတယ်လို့ The University of Arizona-Phoenix ရဲ့ နှလုံးရောဂါ ဋ္ဌာနမှ ဋ္ဌာနမှူး Dr. Martha Gulati ကဆိုပါတယ်။