မေမေအသစ်တို့အတွက် Diet

Diet နဲ့ ပတ်သက်လို့ အရွယ်စုံ၊ အနေထားစုံရှိတဲ့ အမျိုးသမီးတို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်းတွေကို ရှာဖွေပြန်ဆိုပေးခဲ့ပြီးပေမယ့် သားသားမီးမီးတို့ရဲ့ မေမေတို့အတွက် အဆင်ပြေမယ့် အစားအစာတွေနဲ့  နည်းလမ်းတွေကိုတော့ရှာဖွေပြီး ပြန်ဆိုဖို့ကျန်နေပါသေးတယ်။ ဒါကြောင့် ဒီတစ်လ မှာတော့ သားသားမီးမီးတို့ရဲ့ မေမေတွေ ကိုယ်ဝန်မဆောင်ခင်ကရှိခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားနီးနီးကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ရရှိစေမယ့် နည်းလမ်းနဲ့ အစားအစာတွေ ရှာဖွေထားပါတယ်။ သားသားမီးမီးတို့ရဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ တိုးတက်လာခဲ့တဲ့ ကိုယ်အလေးချိန်တွေကိုလျော့ကျလိုတဲ့ ဆန္ဒတော့ရှိကြမှာပါဘဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ရင်သွေးလေးကကိုယ့်ဘဝထဲကို ဝင်ရောက်လာချိန်မှာတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထက် အရေးကြီးတဲ့အရာတွေ ရှိလာခဲ့ပါပြီ။ အစားအစာတွေ စားသုံးခြင်းကကိုယ့်အတွက် စွမ်းအင်ကိုရရှိစေပြီး အဲ့ဒီစွမ်းအင်က ကိုယ့်ကိုအကောင်းဆုံးမေမေဖြစ်စေမယ့် အားအင်ကိုပေးတာကြောင့် အစားလျော့စားမယ်၊ ဝိတ်ချမယ်လို့ အရင်မတွေး ပါနဲ့ဦးနော်။ 

တစ်နေ့တာလုံးမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင် မေမေအသစ်တစ်ယောက်အနေနဲ့ ရရှိရလာမယ့် စွမ်းအင်နည်းနည်းကို အကောင်းဆုံး အသုံးချနိုင်ပါလိမ့်မယ်။ နို့ချိုတိုက်ကျွေးတဲ့ မိခင်ဆိုရင်လည်း 
ဘယ်လိုအစားအစာတွေကိုဘဲ ရွေးချယ်ပါစေ ကလေးငယ်ရရှိမယ့် နို့ရဲ့အရည်အသွေးက ကောင်းမွန်နေစေပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အာဟာရတွေကို ကိုယ်စားသုံးတဲ့ အစားအစာကနေ မရရှိဘူးဆိုရင်တော့ ပိုလျှံနေတဲ့အရာတွေကို ကိုယ့်ရဲ့ခန္ဓာ ကိုယ်မှာဘဲ သိုလှောင်ထားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုယ်ရဲ့ ရင်သွေးငယ်အတွက် လိုအပ်တဲ့  အာဟာရဓာတ် အကုန်လုံး သေသေချာချာရရှိအောင် စားသုံးတတ်ဖို့ လိုပါတယ်။ ဒီလိုစားသုံးပေးခြင်းက ကလေးရောကိုယ့်အတွက်ပါ အကျိုး များစေမှာ ဖြစ်ပါတယ်။

အောက်မှာဖော်ပြပေးသွားမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုမေမေတို့ရဲ့ အစားအစာတွေထဲမှာ ပုံမှန်ပါဝင်အောင် စားသုံးပေးသင့်တဲ့အကြောင်း အကြံပြုလိုပါတယ်။

၁။ ဆာလ်မွန်ငါး
ဆာလ်မွန်ငါးလောက် ပြီးပြည့်စုံတဲ့ အစားအစာမရှိဘူးလို့ ဆိုရမှာပါဘဲ။ ဆာလ်မွန်ငါးဟာ အခြားသော အဆီဓာတ် ကြွယ်ကြွယ်ဝဝ ပါဝင်တဲ့  ငါးတွေလိုဘဲ DHA လို့ခေါ်တဲ့ အဆီတွေ အမြောက်အများပါဝင်နေပါတယ်။ DHA က ကလေးငယ်ရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိပ်ကိုအရေးပါပါတယ်။ မိခင်စားသုံးတဲ့ အစားအစာထဲမှာ DHA ပိုမိုပါဝင်ခဲ့မယ်ဆိုရင် ကိုယ်တိုက်ကျွေးလိုက်တဲ့ နို့ရည်ထဲမှာလည်း DHA ပမာဏကို များများစားစားပါဝင်စေမှာ ဖြစ်ပါတယ်။
ဆာလ်မွန်မှာပါဝင်တဲ့ DHA က မိခင်အတွက်လည်း စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ မီးဖွားပြီးနောက် ခံစားရတတ်တဲ့ အလိုလိုဝမ်းနည်းခြင်းနဲ့ မျှော်လင့်ချက်မဲ့နေခြင်းတို့လို လက္ခဏာရပ်တွေကို ကာကွယ်ပေးတာကြောင့် ဆာလ်မွန်ငါးကို စားသုံးပေးသင့်တယ်ဆိုပြီးလေ့လာမှုတွေက အကြံပြုထားပါတယ်။

တစ်ခုသတိပြုရမှာကတော့ နို့ချိုတိုက်ကျွေးတဲ့မိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့  ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေကြတဲ့ မိခင်တွေအတွက် ဆာလ်မွန်ငါးစားသုံးသင့်တဲ့ ကန့်သတ်ချက်တစ်ခုကို FDA ကနေပြီး ထောက်ခံအတည်ပြုပေးထား တာရှိနေပါတယ်။ FDA ရဲ့ လမ်းညွှန်မှုအရဆိုရင်တော့ တစ်ပတ်မှာ  ၁၂ အောင်စ ဒါမှမဟုတ် အဓိကဟင်းပွဲအဖြစ်ဆိုရင် နှစ်ကြိမ်သာစားသုံးပေးရပါမယ်။ အဓိကအကြောင်းပြချက်ကတော့ ကလေးအတွက်ရရှိမယ့် မာကျူရီပမာဏကို ကန့်သတ်ပေးချင်လို့ဘဲ ဖြစ်ပါတယ်။

ဆာလ်မွန်ငါးမှာပါဝင်တဲ့ မာကျူရီ ပမာဏက သိပ်ကို နည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ ဓါးရှည်နှုတ်သီးငါး ဒါမှမဟုတ် မက်ကရယ်လိုငါးတွေမှာဆိုရင် မာကျူရီပမာဏ မြင့်မားစွာပါဝင်တာကြောင့် မေမေတို့အနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ၁၂ အောင်စဆိုတာကတော့ ပျမ်းမျှပမာဏအတွက်သာဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ပတ်တာကာလ အတွင်းမှာ အဓိကဟင်းပွဲအဖြစ် နှစ်ခါမဟုတ်ဘဲ သုံးခါစားသုံးခဲ့တယ်ဆိုရင် နောက်တစ်ပတ်တွေမှာ လျော့ပြီးစားလိုက်ရင် ထိခိုက်တာမျိုး မဖြစ်စေပါဘူး။

၂။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ
ဒိန်ချဉ်၊ နို့ ဒါမှမဟုတ် ချိ့စ်စတဲ့ နို့ထွက် ပစ္စည်းတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မိခင်နို့တိုက်ကျွေးမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေပါတယ်။ နို့က အရိုးတွေကို တောင့်တင်းသန်မာစေတဲ့ ဗီတာမင်ဒီကို မြှင့်တက် 
စေပါတယ်။ အသားဓာတ်နဲ့ ဗီတာမင် ဘီတွေကို ထုတ်ပေးတဲ့အပြင် နို့ထွက်ပစ္စည်းတွေဟာ အကောင်းဆုံးသော ကယ်လဆီယမ် အရင်းအမြစ် တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ရင်သွေးငယ်ကို မိခင်နို့သာ တိုက်ကျွေးတဲ့သူဆိုရင် ကိုယ့်
ရဲ့ နို့ရည်ထဲမှာ ကယ်လဆီယမ်ဓာတ်များများပါတဲ့အခါမှာ ကလေးငယ်ရဲ့ အရိုးတွေကို ဖွံ့ဖြိုးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မေမေတစ်ယောက်အတွက်တော့ ကယ်လဆီယမ် လုံလုံလောက်လောက်စားသုံးဖို့လည်း အရေးကြီးပါ တယ်။ ကိုယ့်ရဲ့ တစ်နေ့တာအစားအစာတွေထဲမှာ နို့်သုံးခွက်လောက် ပါဝင်ဖို့ ကြိုးစားသင့်ပါတယ်။

၃။ အဆီနည်းတဲ့ အမဲသား
မိခင်တစ်ယောက်အနေနဲ့ အဆီနည်းတဲ့ အမဲသားလို သံဓာတ်ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာကို စားသုံးပြီးစွမ်းအင်ကို မြှင့်တင်သင့်ပါတယ်။ သံဓာတ်မရှိခြင်းက စွမ်းအင်ရေချိန်ကို လေလွင့်စေနိုင်ပါတယ်။ ကိုယ့်ဘဝထဲကို ဝင်ရောက်
လာတဲ့ ကလေးငယ်လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခက်အခဲ ဖြစ်စေတတ်ပါတယ်။ ကလေးငယ်ကို ကိုယ်တိုင်စောင့်ရှောက်ရတဲ့ မိခင်တွေအနေနဲ့ အသားဓာတ်နဲ့ ဗီတာမင် ဘီ ၁၂ ကိုပိုမိုလိုအပ်ပါတယ်။ အဆီနည်းတဲ့ အမဲသားကတော့ နှစ်ခုစလုံးအတွက် အကောင်းဆုံး အရင်းအမြစ်လည်း ဖြစ်ပါတယ်။

၎။ ပဲအမျိုးမျိုး
သံဓာတ်ကြွယ်ဝတဲ့ ပဲတွေ အထူးသဖြင့် အနက်ရောင်ရှိတဲ့ ပဲအမျိုးမျိုးနဲ့ ဗိုလ်စားပဲတို့လို ပဲတွေဟာ နို့တိုက်မိခင်တို့အတွက် အကောင်းဆုံးအစားအစာတွေထဲကတစ်မျိုးပါ။ အထူးသဖြင့် သက်သတ်လွတ်စားသုံးတဲ့ သူတွေဆိုရင်ပေါ့။ ဒီပဲတွေက အကုန်အကျနည်းစေတဲ့အပြင် အသားဓာတ်ကို တိရစ္ဆာန်တွေဆီကနေ မဟုတ်ဘဲ အရည်သွေးမြင့်မြင့်ရရှိနိုင်ပါတယ်။

၅။ ဘလူးဘယ်ရီသီး
နို့တိုက်မိခင်တွေဟာ တစ်နေ့တာမှာ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ သစ်သီးတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည်တစ်ခွက်ကို စားသုံးပေးသင့်ပါတယ်။ ဘလူးဘယ်ရီသီးကိုတော့ မေမေတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေမယ့် အကောင်း
ဆုံးရွေးချယ်စရာအဖြစ် အဆိုပြုချင်ပါတယ်။ ဒီလို အရသာရှိတဲ့ ဘယ်ရီတွေကမေမေတို့အတွက် သိပ်ကိုကောင်းမွန်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့်ပါ။ နောက်ပြီး စွမ်းအင်ရေချိန်ကို အမြင့်ဆုံးမှာ ထိန်းသိမ်းထား 
နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကာဘိုဟိုက်ဒရိတ် ပမာဏကိုလည်းပေးစွမ်းနိုင်ပါတယ်။

၆။ ဆန်လုံးညို
မေမေတို့အနေနဲ့ ကလေးငယ်ကြောင့် တိုးလာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေဖို့ ကာဘိုဟိုက်ဒရိတ်တွေကို လျှော့ချစားသုံးဖို့ ကြိုးစားမိကောင်း ကြိုးစားမိပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ မလုပ်လိုက်ပါနဲ့။ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းသွားခြင်းဟာ နို့ရည်ခမ်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ အခွံချွတ်စင်အောင် ချွတ်မထားတဲ့ ဆန်လုံးညိုလို ကာဘိုဟိုက်ဒရိတ်တွေကို စွမ်းအင်ရေချိန် ထိန်းထားနိုင်ဖို့အတွက် အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ ဆန်လုံးညိုလို အစားအစာတွေဟာ ကလေးငယ်အတွက် အကောင်းဆုံးနို့ရည်ကို ပြုလုပ်ပေးဖို့ လိုအပ်နေတဲ့ခန္ဓာကိုယ်အတွက် ကယ်လိုရီတွေကို ထုတ်ပေးပါတယ်။

၇။ လိမ္မော်သီးများ
သယ်လို့လည်း လွယ်တဲ့အပြင် အာဟာရပြည့်ဝတဲ့ လိမ္မော်သီးတွေဟာ စွမ်းအင်ရေချိန်ကို မြှင့်တင်ပေးမယ့် အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါတယ်။ လိမ္မော်သီးတွေနဲ့ အခြားသော  ရှောက်မျိုးနွယ်ဝင် သစ်သီးတွေဟာ နို့တိုက်မိခင် 
တွေအတွက်တော့ အကောင်းဆုံး အစားအစာတွေပါ။ နို့တိုက်မိခင်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေထက် ဗီတာမင်စီကို ပိုမိုလိုအပ်ပါတယ်။ သွားရည်စာတစ်ခုခု ထိုင်စားဖို့အတွက်တောင် အချိန်မရဘူးဆိုရင် လိမ္မော်ရည်ကိုအလွယ်တကူ သောက်နိုင်တာကြောင့် ဗီတာမင်စီရဲ့ အကျိုးကျေးဇူးတွေ ရရှိပါလိမ့်မယ်။ ပြီးတော့ ကယ်လဆီယမ်တွေ ထပ်ဖြည့်ထားတဲ့ အရည်တွေကိုလည်း သောက်စရာအဖြစ် ရွေးချယ်လို့ ရပါသေးတယ်။

၈။ ဥများ
ဥတွေကတော့ ကိုယ့်ရဲ့ အသားဓာတ် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်ဆို စွယ်စုံအသုံးပြုလို့ရတဲ့ အစားအစာပေါ့။ နံနက်စာအတွက် ကြက်ဥနှစ်လုံးလောက်ကို မွှေကြော်တာဘဲ ဖြစ်ဖြစ်၊ ပေါင်မုန့််နဲ့ ကြက်ဥမကျက်တစ်ကျက်ကြော်ကို တွဲ
စားတာဘဲဖြစ်ဖြစ်၊ နေ့လယ်စာ အသုပ်လေးတွေ စားတဲ့အခါ နှစ်လုံးလောက်ထည့်တာဘဲဖြစ်ဖြစ်၊ ဒီလိုမဟုတ်ရင်လည်း ညစာအတွက် ကြက်ဥမွှေကြော်တစ်လုံးနဲ့ အသုပ်တစ်မျိုးမျိုးဘဲဖြစ်ဖြစ် စားလို့ရပါတယ်။ DHA ထပ်ဖြည့်ထားတဲ့ ကြက်ဥတွေကိုတော့ နို့ထဲမှာမရှိမဖြစ် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ပမာဏကို မြှင့်တင်ဖို့အတွက် ရွေးချယ်သင့်ပါတယ်။

၉။ ပေါင်မုန့်ညို
ဖော်လစ်အက်ဆစ်က ကိုယ်ဝန်ဆောင်နေတဲ့ အစောပိုင်းအဆင့်တွေမှာ ကလေးငယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ်ကိုအဓိကကျပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရေးပါမှုက ကိုယ်ဝန်ဆောင်ကာလမှာတင် ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ ကလေးငယ်ရဲ့ ကျန်းမာရေးကောင်းမွန်မှုအတွက် ဖောလစ်အက်ဆစ်ဟာ နို့ရည်ထဲမှာလည်း အဓိကကျတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး မိခင်ကိုယ်တိုင် ကျန်းမာဖို့အတွက်ဆိုရင်လည်း ဖောလစ်အက်ဆစ်ကို လုံလုံလောက်လောက် စား 
သုံးပေးဖို့ လိုပါတယ်။ ဖောလစ်အက်ဆစ် ထပ်ဖြည့်ထားတဲ့ ပေါင်မုန့်ညိုတွေနဲ့ ခေါက်ဆွဲတွေမှာတော့ ဖောလစ်အက်ဆစ် အမြောက်အများပါဝင်တာကို တွေ့ရပြီး အမျှင်ဓာတ်နဲ့ သံဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၁ဝ။ အစိမ်းရင့်ရောင် အရွက်များ
ဟင်းနုနွယ်နဲ့ ပန်းမုန်လာအစိမ်းတို့လို အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ ဗီတာမင် အေ ကြွယ်ဝစွာပါဝင်တာကြောင့် မိခင်ရောကလေးအတွက်ပါ  ကောင်းမွန်ပါတယ်။ အကျိုးရလဒ်တွေကတော့ ဒီနေရာမှာတင် ရပ်မသွားသေးပါဘူး။ သူတို့ဟာ နို့ 
ထွက်ပစ္စည်းကရရှိတာမဟုတ်တဲ့ ကယ်လဆီယမ် အရင်းအမြစ်တွေဖြစ်တဲ့အပြင် ဗီတာမင်စီနဲ့ သံဓာတ်တို့လည်း ပါဝင်ပါသေးတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ နှလုံးကျန်းမာရေး ကို ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပြီးကယ်လိုရီလည်းနည်းပါတယ်။

၁၁။ ကွေကာအုတ်
အိပ်ရေးပျက်ပြီး နောက်တစ်ရက်အတွက် အကောင်းဆုံးသော အစားအစာတွေထဲက တစ်ခုကတော့ အခွံချွတ်မထားတဲ့ အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ ကွေကာအုတ်ပါဘဲ။ နံနက်စာအဖြစ် စားသုံးပေးရင် မိခင်အတွက် စွမ်းအင်ကိုမြှင့်တင်ပေးနိုင်သော ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နံနက်စာပါ။ အကောင်းဆုံးဆိုတဲ့ ကွေကာအုတ်တွေဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ထပ်ဖြည့်ထားပြီးတစ်နေ့တာအတွက် လိုအပ်ချက်တွေကို ပြည့်စုံစေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်ပူပူလေးကို မွှေထားပြီးသား ဘလူးဘယ်ရီ၊ အဆီထုတ်ထားတဲ့ နို့နဲ့ တွဲဖက်ပြီးအကောင်းဆုံးနံနက်စာအဖြစ် ဖန်တီးစားသုံးလို့ ရပါတယ်။

၁၂။ ရေ
နို့တိုက်မိခင်တွေအနေနဲ့ အထူးသဖြင့် ရေဓာတ်ခမ်းခြောက်မှုကြောင့် အားအင်ကုန်ခမ်းတာ မျိုး ဖြစ်တတ်ပါတယ်။ စွမ်းအင်ရေချိန်ကို ထိန်း ထားနိုင်ဖို့နဲ့ သားသားမီးမီးတို့အတွက် နို့ရည်များများထွက်ဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ အရည်ဓာတ်လိုအပ်ချက်ကို ပြည့်ဝစေဖို့ သစ်သီးဖျော်ရည်နဲ့ နို့တွေထဲကမှ နှစ်သက်ရာကို ရွေးချယ်သောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တို့လို ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို သောက်မယ်ဆိုရင်တော့ ဂရုပြုပေးရမှာက တစ်နေ့ တာကို ၂ ခွက်ကနေ ၃ ခွက်ထက် မပိုစေဖို့ပါ။ ဒါမှမဟုတ် ကဖိန်းဓာတ်မပါတာကို ရွေးချယ်ပါ။ ကဖိန်းဓာတ်က နို့ရည်ထဲကို ဝင်ရောက်သွားမယ်ဆိုရင် ကလေးငယ်ကအအိပ်နည်းတာနဲ့ စိတ်ဆိုးလွယ်တာတွေ ဖြစ်စေတတ်တဲ့အကြောင်း ပြောပြ
ရင်း ဒီတစ်ပတ် Diet ကဏ္ဍလေးကနေ နှုတ်ဆက်ပါတယ်။ 
Ref: 12 Super- Foods for New Moms