အာဟာရဗေဒပညာရှင်တို့ရဲ့ သွယ်လျစေတဲ့ နည်းလမ်းများ

အမြဲတမ်းသွယ်လျပေါ့ပေါးနေစေဖို့ အာဟာရဗေဒနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ ဘယ်လိုမျိုးစားသုံးနေထိုင်ကြပါသလဲ၊ ဒါမှမဟုတ် သူတို့ရဲ့ ခန္ခာကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ အမြဲတမ်းလိုလိုအပြင်းအထန် ကြိုးပမ်းနေကြရပါသလား၊ သူတို့ကအရသာခံလိုတဲ့အတွက် စားသုံးကြသလားဒါမှမဟုတ် အာဟာရဖြစ်ဖို့အတွက်ဘဲ စားသုံးကြတာလား။ နောက်ပြီး ကိုယ်အလေးချိန်ကို လိုအပ်တာထက် တိုးမလာစေတဲ့ အာဟာရဗေဒပညာရှင်တို့ရဲ့ လူသိနည်းတဲ့ လျှို့ဝှက်နည်းလမ်းလေးတွေရော ရှိနေသေးပါသလား။ ဟုတ်ကဲ့။ ဒီတစ်လမှာတော့ အာဟာရဗေဒပညာရှင်တွေရဲ့ သွယ်လျပေါ့ပါးစွာနေထိုင်တဲ့ နည်းလမ်းတချို့ကို ဝေမျှလိုက်ရပါတယ်။ 

အစားအသောက်တွေမှာပါရှိတဲ့ အရသာတွေက မျှတပါစေ။ 
အာဟာရဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ကိုယ်စားနေတဲ့ အစားအစာတွေရဲ့ အရသာကို ပြောင်းလဲလိုက်ဖို့ လိုအပ်တယ်လို့ တွေးမိရင်တော့ တစ်ခေါက်လောက်တော့ ထပ်ပြီးစဉ်းစားပါဦး။ ‘ကိုယ့်ကိုစိတ်ကျေနပ်မှုရှိစေတဲ့ ထမင်းတစ်နပ်ရဲ့ ပါဝင်ပစ္စည်းတွေဟာ အာဟာရဖြစ်စေတယ်ဆိုတာထက် ပိုပါတယ်။ အရသာလည်းရှိပါတယ်။ ပြောရမယ်ဆိုရင် ငန်တာ၊ ချဉ်တာ၊ ချိုတာ၊ ခါးတာ၊ ဆိမ့်တာနဲ့ အနံပြင်းတာစတဲ့ အရသာ ခြောက်မျိုး   ရှိပါမယ်။ ကိုယ်စားလိုက်တဲ့ တစ်နပ်စာမှာ ပြောခဲ့တဲ့ အရသာတွေ အားလုံးပေါင်းစပ်ပါဝင်နေမယ် ဒါမှမဟုတ် အဲ့ဒီအထဲကလေးမျိုး၊ လေးမျိုးထက် ပိုပြီးပါဝင်နေခဲ့မယ်ဆိုရင် အစားအသောက်တွေကို စားသုံးပြီးသွားတဲ့အခါ ပိုပြီးတော့ စိတ်ကျေနပ်မှု ရရှိစေပါတယ်၊ နောက်ပြီးစိတ်ရောဗိုက်ပါ ပြည့်ဝသွားစေပါတယ်။ ဆိုလိုချင်တာက အာလူးကြော်တို့ ဘာတို့လိုသွားရည်စာတွေကို ထပ်ပြီးစားချင်စိတ် မဖြစ်တော့ဘူးပေါ့’ ဆိုပြီး ချက်ပြုတ်မှုပိုင်းဆိုင်ရာ အာဟာရဗေဒပညာရှင် Rachel Begun က ပြောထား ပါတယ်။ အနံ့အရသာစုံတို့ရဲ့ စုပေါင်းအင်အားကို ကျန်းမာရေးနဲ့ သင့်တော်ညီညွတ်တဲ့ နည်းလမ်း အတိုင်းရရှိလိုတယ်ဆိုရင်တော့ ကိုယ့်အိမ်က ရေခဲသေတ္တာထဲက အကန့်ငယ်လေးတစ်ခုထဲမှာ ကျန်းမာရေးအထောက်အကူပြု ဆေးဘက်ဝင် အရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေအပြင်အစားအသောက်ရဲ့ အရသာကိုပိုမိုပေါ်လွင်စေဖို့ ထပ်ဖြည့်ပေးတတ်တဲ့ ပစ္စည်းတွေနဲ့ ဖြည့်တင်းထားဖို့လိုကြောင်း Begun က အကြံပြုထားပါတယ်။ ဒါမှသာအစားအစာတွေရဲ့ အရသာကို အချိုးညီညီ ပေါင်းစပ်နိုင်မှာ ဖြစ်ပါသတဲ့။ 

စားချင်စိတ်ပေါ်လာစေဖို့ ဆွဲဆောင်နေတဲ့အရာတွေကို ရှောင်ရှားပေးပါ။ 
လော့(စ) အိန်ဂျလိ့(စ) မှာနေထိုင်တဲ့ အာဟာရပညာရှင် Caroline Kaufman ရဲ့ အဆိုအရ ကိုယ့်အတွက် မသင့်တော်ဘူးထင်တဲ့ အစားအစာတွေကိုမစားဘူး၊ စားချင်စိတ်ပေါ်လာအောင် ဆွဲဆောင်နေတဲ့ အစားအစာတွေ မြင်နေတွေ့နေရပြီဆိုတဲ့ အခြေအနေမျိုးမှာ မစားဘဲနဲ့ ရှောင်ရှားနိုင်လိုက်တဲ့အခါ အဓိပ္ပာယ်ရှိသွားတဲ့ ခံစားချက်မျိုးကို ရရှိစေပါတယ်။ လေ့လာမှုတစ်ခုအရ အဲ့ဒီလိုအခြေအနေမျိုးကို ရှောင်ရှားလိုက်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဖို့ အများကြီး လိုအပ် ပါတယ်။ သုတေသီတွေရဲ့ အဆိုအရဆိုရင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခြင်းအားဖြင့် စွမ်းအင်ကိုရောငွေကြေးကိုပါ ကုန်ဆုံးမှုနည်းစေပါတယ်။ တကယ်လို့ သင်ကနေ့တစ်နေ့ရဲ့ အစပိုင်းမှာကိတ်မုန့်ကိုမစားမိဖို့အတွက် ကြိုးစားလိုက်နိုင်တယ်ဆိုပေမဲ့ ညနေခင်း စူပါမားကတ်ကိုရောက်တော့ ရေခဲမုန့်ကိုမစားမိဖို့အတွက် ကြိုးစားရတာ ပိုပြီးခက်ခဲတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ ကိုယ့်ကိုသိပ်ပြီးဆွဲဆောင်အားပြင်းလွန်းတဲ့ အစားအစာတွေကိုရှောင်ရှားနိုင်ဖို့က စိတ်စွမ်းအားကိုမှီခိုနေလို့လည်း မရနိုင်ပါဘူးလို့ Kaufman က ပြောထားပါသေးတယ်။

ညစာသုံးဆောင်ပြီးတဲ့နောက် မီးဖိုချောင်ထဲ မဝင်ပါတော့နဲ့။ 
ပျင်းရိငြီးငွေ့တာ၊ ပင်ပန်းနွမ်းနယ်တာ ဒါမှမဟုတ် တကယ်တမ်းက ဗိုက်ဆာနေလို့မဟုတ်ဘဲ ဘာလုပ်ရမှန်းမသိတာတွေကြောင့် ညစာစားပြီးနောက်ပိုင်းမှာလည်း စားစရာတစ်ခုခုကို လွယ်လွယ်ကူကူစားမိတတ်ပါတယ်။ ‘ကျွန်မကတော့ အမှန်တကယ် ဆာလောင်တယ်ဆိုတာဘယ်လို မျိုးလဲဆိုတာကိုသိနိုင်ဖို့ ကြိုးစားပြီးအခြားသော အချက်တွေကြောင့် စားသုံးတာကိုရှောင်ပါတယ်။  ညစာစားပြီးတဲ့နောက်ပိုင်း ဆာလောင်မှုကို ခံစားရတဲ့အခါ ငါတကယ်ဘဲ ဗိုက်ဆာနေတာလား ဒါမှမဟုတ် ပင်ပန်းနေတာလားဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးလေ့ရှိပါတယ်။ (တစ်ခါတလေမှာ ဆာလောင်တာနဲ့ ပင်ပန်းတာကမှားယွင်းတတ်လို့ပါ။) ပြီးရင်တော့ ဆေးဘက်ဝင် လက်ဖက်ရည်တစ်ခွက်ကိုသောက်ပြီး အိပ်ရာစောစောဝင်ဖို့ ပြင်ပါတော့တယ်’ဆိုပြီး အာဟာရဗေဒပညာရှင် Melisa Halas - Liang က ပြောပါတယ်။ ညဘက်နောက် ကျတဲ့အချိန်တွေမှာ အစာစားတာဟာ အထူးသဖြင့်  အိပ်စက်ချိန် နည်းပါးတဲ့သူတွေမှာဆိုရင် ကိုယ်အလေးချိန်တိုးလာမှုနဲ့ ပတ်သက်နေလေ့ရှိတယ်လို့ သုတေသီတွေက ထောက်ခံပြောဆိုထားပါတယ်။ လေ့လာမှုတစ်ခုအရ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီး သူတွေအနေနဲ့ ညဘက်ကို နောက်ကျမှ အိပ်ရာဝင်ပြီး အိပ်စက်ချိန် ၈ နာရီ ထက်နည်းမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေပါတယ်။ နောက်ပြီးအိပ်ရာဝင်ချိန် နောက်မကျဘူးဆိုပေမယ့် ညစာစားပြီးနောက်ပိုင်းကယ်လိုရီ ၁၃၀ ထက်ပိုပြီးစားသုံးခဲ့မယ်ဆိုရင်လည်း ကိုယ်အလေးချိန် တိုးလာတတ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ညစာစားပြီးတဲ့နောက် သတိလက်လွတ်နဲ့ တကြွပ်ကြွပ်ဝါးစားတာမျိုးတွေ လုပ်နေမယ့်အစားမီးဖိုချောင်တံခါးကို ပိတ်ထားလိုက်ပြီး ညနေဘက် အညောင်းပြေလမ်းလျှောက်တာ၊ စာအုပ်ဖတ်တာ၊ ရေချိုးလိုက်တာ ဒါမှမဟုတ် စောစောအိပ်ရာဝင်တာမျိုး ပြုလုပ်သင့်ပါတယ်ဆိုတဲ့အကြောင်း အကြံပြုထားပါတယ်။

အစာစားရင်းနဲ့ ရေသောက်ပေးပါ။ 
ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ ရေကိုလိုအပ်ရုံသာမက အစာစား နေစဉ်အတွင်းမှာ ရေများများသောက်သုံးခြင်းအားဖြင့် ပိုမိုသွယ်လျလှပစေတဲ့ အကျိုးကျေးဇူးကို လည်းရရှိနိုင်မှာ ဖြစ်ပါတယ်။ ‘ကျွန်တော်ကတော့ တစ်နပ်စာစားတိုင်းမှာရေ ၁၆ အောင်စလောက် သောက်ရတာကို ပိုသဘောကျပါတယ်။ ဒီလိုစားသောက်ရတာက စိတ်ကျေနပ်မှုကို ပိုမိုရရှိတယ်လို့ ခံစားရပါတယ်’ လို့ Jim White က ဆိုပါတယ်။ သူကတော့ Jim White Fitness and Nutrition Studios  ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိမှုတွေအရ အစာမစားခင်နဲ့ စားနေစဉ်မှာ ရေများများသောက်ခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးဖို့ ဒါမှမဟုတ် ခန္ဓာကိုယ်အလေးချိန် တိုးမလာစေဖို့ အကူအညီ ဖြစ်စေပါတယ်။ ‘အိမ် ဒါမှမဟုတ် ရုံးကနေ မထွက်ခွာခင်မှာ ကိုယ့်ရဲ့ ရေဘူးထဲကိုရေဖြည့်ထားဖို့ စဉ်းစားကြည့်ပေးပါ။ ဒါဆိုရင်တော့လမ်းမှာသွားနေရင်းကားကြပ်နေတဲ့အခါ ဒါမှမဟုတ် ပင်ပင်ပန်းပန်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို လုပ်ရ 
တဲ့အခါမှာရေငတ်တဲ့ ခံစားမှုမျိုးခံစားရတော့မှာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြား သောလိုက်နာစရာအချက်တွေ၊ ဖြည့်စွက်စာတွေနဲ့ လုံးဝမတူညီတာကတော့ အခုပြောပြတဲ့ သွယ်လျ မှုနည်းလမ်းဟာရေကလွဲလို့ ဘာမှပိုပြီးကုန်ကျမှာ မဟုတ်ပါဘူး’လို့လည်း White က ထပ်လောင်း ပြောဆိုထားပါတယ်။ 

တစ်နာရီကြာတိုင်းမှာ ၁၀ မိနစ်လောက် လှုပ်ရှား ပေးပါ။ 
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွနေစေဖို့အတွက် ခက်ခဲဆုံးအရာတွေထဲကတစ်ခုကတော့ အချိန်ရှာဖွေရခက်ခဲတာပါဘဲ။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုကနေရလာမယ့် ကောင်းကျိုးတွေအတွက် တစ်နာရီလုံးလုံးလှုပ်ရှားနေဖို့ မလိုအပ်ပါ
ဘူး။ ‘ကျွန်မကစာရေးစားပွဲပေါ်မှာအချိန်အကြာကြီးထိုင်နေမိတာကိုသိရတဲ့အခါမှာ တစ်နာရီကြာတိုင်းမှာ စားပွဲကနေထပြီး ၁၀ မိနစ်လောက် လှုပ်လှုပ်ရှားရှား ပြုလုပ်ဖို့အတွက် ကျွန်မဖုန်းကို နှိုးစက်ပေးထားပါတော့တယ်။ အဲ့ဒီ ၁၀ မိနစ်အတွင်းမှာ လှေကားအတက်အဆင်းလုပ်တာ၊ လမ်းလျှောက်တာ၊ အညောင်းပြေ အကြောတွေဆန့်ထုတ်တာ၊ မတ်တပ်ရပ်နေတာစတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခြင်းအားဖြင့်ကယ်လိုရီတွေ လောင်ကျွမ်းစေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း လန်းဆန်းတက်ကြွစေပါတယ်’ဆိုပြီး  Younger Next Week ဆိုတဲ့ စာအုပ်ရဲ့ စာရေးဆရာ Elisa Zied က ဆိုလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို ခဏတဖြုတ်လေးလုပ်နိုင်ဖို့ သတိပေးနေမယ့် ဖုန်းထဲကအပလီကေးရှင်းတစ်ခုဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ရှိနေ ခြင်းက ပိုပြီးကောင်းပါတယ်။ ‘မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတွေ့ရတာကတော့ အီးမေးလ်ကနေ တိုက်တွန်းမှုတွေရရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာဘာသာရပ်တွေရဲ့ ၈၃ ရာခိုင်နှုန်းနီးပါးဟာ တစ်ပတ်မှာသုံးကြိမ် လှေကားထစ်တွေကိုတက်လှမ်းဖို့ဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာအောင် ပြုလုပ်ပေးခြင်းဘဲ ဖြစ်ပါ တယ်’ ဆိုပြီးတော့လည်း Zied က ထည့်သွင်းပြော ကြားထားပါသေးတယ်။ 

အရသာတွေကိုခံစားသိရှိတဲ့ ရသာဖုလေးတွေကို ဆားနဲ့ နည်းနည်းသာထိတွေ့ပေးပါ။ 
ဆားဘယ်လောက်များများ သင်စားသုံးပါသလဲ။ ကိုယ်တွေးတင်ထားတဲ့ ပမာဏထက် စားသုံးမိတဲ့ ပမာဏက ပိုများနေနိုင်ပါတယ်။ ဆားက ကယ်လိုရီမပါတာကြောင့် အများကြီးစားသုံးမိတဲ့အခါမှာ ခန္ဓာကိုယ်ကိုအရည်ဓာတ်တွေ ထိန်းသိမ်းထားဖို့ လှုံ့ဆော်ပေးပါတယ်။ ‘ကျွန်မကတော့ ကျွန်မရဲ့ လျှာပေါ်ကရသာဖုလေးတွေကို လေ့ကျင့်ပေးထားပါတယ်။ ဆားဓာတ်မြင့်မားစွာ ပါဝင်နေတဲ့ အစားအစာတွေကို ကန့်သတ်စားသုံးတာ၊ ပြီးတော့ အစားအစာတွေကိုချက်ပြုတ်တဲ့အခါ ဆားမထည့်တာတွေဟာခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်နည်းနေတဲ့အခါ အငန်ဓာတ်ကိုတောင့်တတာမျိုးကို လျော့ကျစေပြီး ဗိုက်ထဲမှာလေပွနေတာကိုလည်း ရှောင်ရှားစေနိုင်ပါတယ်’ဆိုပြီး Nutrition and Dietetics အကယ်ဒမီရဲ့ ပြောရေးဆိုခွင့်ရှိသူ  Lori Zanini  က ပြောပါတယ်။  Zarniniရဲ့ အလိုအရ ကျွန်မတို့ရဲ့ ရသာဖုလေးတွေဟာ ၁၀ ရက်ကြာတိုင်း မှာ အားလုံးနီးပါး ပြန်လည်အသစ်ဖြစ်သွားလေ့ ရှိပါတယ်။ ဒါကြောင့် အငန်ဓာတ်များစွာပါဝင်တဲ့ အစားအစာတစ်ခုကို ကိုက်လိုက်ပြီဆိုတာနဲ့ ရသာဖုတွေကသတိပြုမိစေဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ ဆားကိုလုံးဝမစားဘဲ ရပ်ပစ်လိုက်မယ့်အစား အနံ့ကိုထပ်ဖြည့်တာကပိုပြီးတော့ ကောင်းမွန်ကြောင်းကိုလည်း သူမကအကြံပြုထားပါသေးတယ်။ 

နံနက်စာကို အသားဓာတ် များများပါဝင်အောင် စားသုံးပေးပါ။ 
တစ်နေ့တာရဲ့ အရေးကြီးဆုံးတစ်နပ်စာလို့ ဆိုကြတဲ့ နံနက်စာကိုကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးပေးမယ်ဆိုရင် ကြော့ရှင်းသွယ်လျလှပနေစေဖို့ အကူအညီပေးနိုင်တယ်၊ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကို မြှင့်တင်ပေးတဲ့အပြင် အတွေးတွေကိုလည်း ထက်မြက်စူးရှစေပါတယ်။ သင့်ရဲ့နံနက်စာမှာ တစ်နေ့တာလှုပ်ရှားမှု အားလုံးအတွက် စွမ်းအားပြည်ဝနေစေလိုတယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့အသားဓာတ်များ
များပါဝင်အောင် ထည့်သွင်းစားသုံးပေးဖို့ဘဲ ဖြစ်ပါတယ်။ ‘ကျွန်မရဲ့ နံနက်စာကို အသားဓာတ် ပါဝင်အောင် စားသုံးတဲ့အခါမှာ ခံစားချက်က ပိုပြီး ကောင်းပါတယ်၊ နေ့လယ်စာစားချိန်မတိုင်ခင်အထိ ဆာလောင်တဲ့ ခံစားမှုမျိုးမရှိတော့ပါဘူး’လို့
ဆိုလာတဲ့သူက အာဟာရဗေဒပညာရှင် Leah McGrath ပါ။ လေ့လာမှုတွေအရ အသားဓာတ်ကိုထည့်သွင်းစားသုံးတဲ့သူတွေဟာ ကိုယ်အလေးချိန် လျော့ကျမှုနဲ့ ပတ်သက်လို့ ကြိုးစားမှုတွေမှာ ပိုပြီးတော့ ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ ကွေကာတွေထဲကို အဆီထုတ်ထားတဲ့ နို့နဲ့အတူ အခွံမာသီးတွေ ထည့်သွင်းစားသုံးပေးတာ၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကိုသစ်သီးတွေနဲ့ တွဲဖက်စားသုံးပေးတာ၊ ချဉ်တဲ့ နို့ကနေပြုလုပ်တဲ့ ချိ့(စ) ကို စားတာတွေကတော့ နံနက်စာမှာ အသားဓာတ်များများ ထည့်သွင်းစားသုံးပေးလို့ရတဲ့ နည်းလမ်းတွေထဲက တချို့ဆိုပြီးတော့လည်း Leah McGrath က အကြံပြုထားပါသေးတယ်။ 

ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်စားပေးပါ
ကျွန်မတို့အနေနဲ့ သက်သတ်လွတ်စားတဲ့ သူတွေလိုတော့ အမြဲတမ်းအသားမပါဘဲ စားသုံး နေဖို့မလိုပါဘူး။ ဒါပေမဲ့ တစ်ပတ်မှာ တစ်ရက် ဒါမှမဟုတ် တစ်ရက်မှာတစ်ခါဘဲဖြစ်ဖြစ် သက်သတ်လွတ်စားပေးခြင်းဟာ ကျန်းမာရေးနဲ့ ပိုပြီးတော့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ ကောက်နှံ၊ ပဲနဲ့ သစ်သီးတွေကိုပုံမှန်စားနေကျ အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးမိစေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုပါ။ ဒီလိုစားသုံးပေးခြင်းဖြင့် အမြဲသွယ်လျကြော့ရှင်းနေစေဖို့လည်း အကူ 
အညီဖြစ်စေပါတယ်။ ‘အခွံစင်အောင် ချွတ်မထားတဲ့ ကောက်နှံ၊ ပဲအမျိုးမျိုးတို့ကနေရရှိတဲ့ အဆီနည်းတဲ့ အသားဓာတ်၊ အရောင်မျိုးစုံတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ၊ အခွံမာသီးတွေနဲ့ အစေ့အဆံစတဲ့အစားအစာတွေမှာ သဘာဝအတိုင်း အမျှင်ဓာတ် မြင့်မားစွာပါဝင်နေပါတယ်။ ဒီလို အစားအစာတွေက ရှင်တို့ကိုကောင်းမွန်စွာနဲ့ ပြည့်တင်းသွားတယ်ဆိုတဲ့ ခံစားချက်ကိုရရှိစေပါတယ်’ ဆိုတဲ့ အကြောင်းကိုတော့ Nutrition and Dietetics အကယ်ဒမီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ VandanaSheth က ပြောထားးပါတယ်။ ဆေး ဘက်ဝင်တဲ့ အပင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပြီး အနံ့အရသာကွဲပြားစေဖို့နဲ့ အစားအစာအပေါ် စိတ်ကျေနပ်မှုရရှိနိုင်ပုံခြင်း  မတူညီအောင် ဖန်တီးပြုလုပ်တာကို Sheth က ထောက်ခံပါတယ်။ ‘သေးသေးလေးတွေကဘဲ စကြတာပေါ့။ အသားတွေရဲ့ နေရာမှာ ပဲနီကလေး ဒါမှမဟုတ် တိုဟူးထည့်တာမျိုးပေါ့။ ဒီလိုမှ မဟုတ်ရင်လည်း အခြားသောတိရစ္ဆာန်တွေကရရှိတဲ့ အသားဓာတ်တွေကို ပဲတွေနဲ့ အစားထိုးကြည့်ကြတာပေါ့။ တစ်ပတ်ကိုအသားမပါတဲ့ တစ်နပ်စာစားသုံးဖို့ စပြီးကြိုးစားရင်းနဲ့ တဖြည်းဖြည်းခြင်းတိုးပြီးစားသွားကြတာပေါ့။” ဆိုပြီးတော့လည်းသူမရဲ့ သွယ်လျစေတဲ့ နည်းလမ်းလေးကို အကြံပြုပြောဆို ထားပါတယ်။ 
Ref :    11 Slimming Secrets From Leading Nutritionists
by PATRICIA BANNAN, MS, RD