အသီးတို့ရဲ့ဘုရင် ပန်းသီး

ပန်းသီးကို “God of Food”လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ စွဲဆောင်မှုရှိတဲ့ အရောင်အဆင်း၊ နှစ်လိုဖွယ် အနံ့အရသာနဲ့ ပန်းသီး ဟာထိပ်တန်းဈေးကွက်ဝင် အသီးဖြစ်ပါတယ်။ ဈေးဝယ်ရင်း၊ ခရီးသွားရင်း နီရဲရဲ ပန်းသီးများက သင့်အိတ်ထဲက ပမာဏအနည်းငယ်သော ငွေကြေးများကို ဆွဲဆောင်နေပါသလား။ မငြင်းဆန်ဘဲ ၀ယ်လိုက်ပါ။ ၀ယ်သင့်တဲ့ များပြားလှစွာသော အကြောင်းပြချက်များထဲမှ အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အပြုံးတွေ လှစေဖို့

ပန်းသီးစားပေးခြင်းက သင့်ရဲ့သွားတွေကို သန့်ရှင်းစေပြီး ပိုဖြူ၊ ပိုခိုင်မာစေတာကို သိပါရဲ့လား။ ပန်းသီးအလုံးလိုက်ကို ကိုက်ဝါး ပေးခြင်းဖြင့် သွားဖုံးတွေကို လှုံ့ဆော်ပေးနိုင်ပြီး အချိုဓာတ်က ခံတွင်းအတွင်းတံတွေးရည် စိမ့်ထွက်မှုကို အားကောင်းစေကာ သွားနဲ့ သွား ဖုံးတစ်ဝှိုက်မှာ ရှိနေတတ်တဲ့ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးက သွားပိုးစားခြင်းကနေလည်း ကာကွယ်ပေး နိုင်စွမ်းရှိတာကြောင့် ပန်းသီးကို သဘာဝသွားတိုက်တံလို့ တင်စားလေ့ရှိကြပါတယ်။

ကိုလက်စထရော လျှော့ချဖို့

ပန်းသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝစွာပါဝင်လို့ ပန်းသီးတစ်လုံးစားထားရင် သင်တော်တော်နဲ့ ဗိုက်ဆာတော့မှာ မဟုတ်ပါ ဘူး။ ပန်းသီးရဲ့ ချိုမွှေးတဲ့ အရသာက သင့်ကို ပြည့်ဝတင်းတိမ်နေစေမှာဖြစ်ပြီး အခြားအစားအစာများ စားလိုစိတ်ကိုလည်း လျှော့ချပေး နိုင်ပါတယ်။ အမျှင်ဓာတ်က အူအတွင်းမှာရှိတဲ့ မလိုအပ်တဲ့အဆီတွေကို ကန့်သတ်ပေးတာမို့ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး သင့်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဈေးကြီးတဲ့ ပိန်ဆေးတွေကို အံဆွဲထဲထည့်ပြီး ပန်းသီးစားကာ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားဖို့

သင်စားလိုက်တဲ့ အစားအစာတွေမှာ၊ သင်သောက်သုံးလိုက်တဲ့ အဖျော်ယမကာတွေမှာ အများအားဖြင့် ခန္ဓာကိုယ်အတွက် မသင့်တော်တဲ့ အဆိပ်အတောက်တွေ ပမာဏအနည်းနဲ့ အများဆိုသလို ပါဝင်နေပါတယ်။ မကြာခဏ စားသုံးလိုက်မိတဲ့ အဆိပ်အ တောက်တွေကို ဒိုင်ခံစစ်ထုတ်သန့်စင်ပေးရတဲ့ တာဝန်ကိုတော့ အသည်းကဆောင်ရွက်ပေးရပါတယ်။ ကံကောင်းစွာနဲ့ အသည်းရဲ့ အဆိပ်အတောက် သန့်စင်ပေးတဲ့လုပ်ငန်းကို ကူညီပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးအရာရှိနေပါတယ်။ ပန်းသီးကို စားပေးနိုင်ပါ တယ်။

ဆီးချိုရောဂါကို ကြိုတင်ကာကွယ်ဖို့

ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဝင်ဓာတ်ပါဝင်ပြီး အဲဒီအမျှင်ဓာတ်က အစာချေဖျက်ခြင်းကို နှေးကွေးစေကာ သွေးကြောထဲ သကြားဓာတ်ရောက်ရှိနှုန်းကို တားဆီးပေးပါတယ်။ အမျိုးသမီးတွေတစ်ရက်ကို အနည်းဆုံးပန်းသီးတစ်လုံးစားပေးနိုင်မယ်ဆိုရင် ဆီးချို ဖြစ်နိုင်ချေ ၂၈ ရာခိုင်နှုန်းလောက် လျှော့ချပြီးသား ဖြစ်နေပါလိမ့်မယ်။

သည်းခြေကျောက်တည်ခြင်း ကင်းဝေးစေဖို့

သည်းခြေမှာ ကျောက်တည်ရခြင်းက သည်းခြေအိတ်ထဲမှာ ကိုလက်စထရော(အဆီ)များ စုပုံများပြားလာခြင်းကြောင့် ဖြစ်ပါ တယ်။ အဲဒီ အဆီဓာတ်တွေက အချိန်ကြာလာတဲ့အခါမှာ အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားပြီး သည်းခြေ ကျောက်တည်ခြင်းဆိုတာ ဖြစ်လာတာပါ။ အ၀လွန်တဲ့လူတွေမှာ အဖြစ်များပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အစားအစာများနဲ့ သင့်ခန္ဓာကိုယ်အလေးချိန်၊ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိထားနိုင်ပါတယ်။ သင့်အတွက်ရွေးချယ်စရာကတော့ ဝေးဝေးရှာနေစရာ မလိုပါဘူး။ ကယ်လိုရီနည်းပြီး ပျော်ဝင်စေနိုင်တဲ့ အမျှင်ဓာတ် (Pectin) ကြွယ်ဝစွာပါဝင်တဲ့ ပန်းသီးကို မကြာမကြာစားပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ဖို့

ပန်းသီးစားသုံးခြင်းဖြင့် ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ချေကို ၂၃ရာခိုင်နှုန်းနဲ့အထက် လျှော့ချပေးနိုင်တယ်ဆိုတဲ့အချက်ကို American Association for Cancer Research မှ သိပံ္ပပညာရှင်များကတွေ့ရှိခဲ့ကြပြီး ဒီတွေ့ရှိချက်ကို အခြားပညာရှင်များကလည်း လက်ခံခဲ့ကြပါတယ်။ ပန်းသီးအခွံမှာပါဝင်တဲ့ ဒြပ်ပေါင်း Triter-penoid က အသည်း၊ အူမကြီးနဲ့ ရင်သားမှာ ကင်ဆာအကြိတ် ဖြစ်စေ နိုင်တဲ့ ဆဲလ်တွေကြီးထွားလာတာကို တားဆီးနိုင်စွမ်းရှိပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်ခဲ့တဲ့ အခြားစမ်းသပ်မှုတွေမှ ပန်းသီးရဲ့ အဆီအနှစ် က ရင်သားအဖုအကြိတ်ကို သေးငယ်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

အယ်လ်ဇိုင်းမားရောဂါ ကိုတွန်းလှန်ဖို့

ပန်းသီးရည်သောက်ပေးခြင်းက Alzheimer ရောဂါကိုကာကွယ်နိုင်ပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဦးနှောက်ရဲ့စွမ်း ရည်ကျဆင်းလာမှုကို တားဆီးပေးနိုင်စွမ်းရှိတာကို ကြွက်များနဲ့ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တွေက သက်သေပြနိုင်ခဲ့ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ Quercetin လို့ခေါ်တဲ့အစွမ်းထက် antioxidant တစ်မျိုးက ဦးနှောက်ဆဲလ်တွေ ပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိတာ ကို တွေ့ရှိခဲ့ပြီးလူသားတွေမှာလည်း အလားတူအကျိုးပြုနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့အဖိုးတန်လှတဲ့ ငယ်ဘ၀ပုံရိပ်တွေကို အသက်ကြီးလာ တဲ့အထိ ပြန်တွေးမှတ်မိနိုင်အောင် ပန်းသီးနဲ့ဘောင်ခတ်ထိန်းသိမ်းထားလိုက်ဖို့အကြံပြုပါရစေ။

အထက်ပါ အကျိုးကျေးဇူးတွေအပြင်ပန်းသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ Antioxidantတွေက သင့်အသားအရေကို တောက်ပြောင် ကြည်လင်စေပြီး အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ သတိပြုရမှာက အခွံနွှာထားပြီး ညိုနေတဲ့ပန်းသီးက ဓာတ်မတည့်မှုဖြစ်စေ တတ်ပါတယ်။ ပန်းသီးအတွင်းသားထက် အခွံရဲ့ အာဟာရတန်ဖိုးက ပိုမြင့်မားလို့ ပန်းသီးကိုအခွံမနွှာဘဲ စားတာက ပိုအကျိုးထူးပါတယ်။ လတ်ဆတ်တဲ့ပန်းသီးကို ရေစင်စင်ဆေးပြီး တစ်ခါတည်းနဲ့ တစ်လုံးကုန်အောင်သာ စားလိုက်ပါ။

Ref; Health benefits of eating Apple by Best Health