မေမေ့နို့ရည်

မိမိရင်သွေးငယ်လေး ကျန်းမာထက်မြက်ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ရေးဟာ ကမ္ဘာပေါ်က မေမေများအားလုံးရဲ့ တူညီတဲ့ရည်မှန်းချက် ဖြစ်နိုင်ပါတယ်။ ဒီရည်မှန်းချက်ကို စတင်ဖြည့်ဆည်းပေးနိုင်သူဟာလည်း မေမေကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတာကို ဒီနေရာလေးမှာ ရေးသားဖော်ပြသွားမှာမို့ ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါဦးနော်။

မိခင်နို့ရည်ရဲ့စွမ်းအား
ရင်သွေးငယ်တစ်ဦး မွေးဖွားပြီးချိန်ကစလို့ လိုအပ်တဲ့ခွန်အားနဲ့ အဟာရဓာတ်တွေအားလုံးကို မိခင်နို့တစ်မျိုးတည်းက လုံလုံလောက်လောက် ဖြည့်စွမ်းပေးနိုင်တဲ့အတွက် မွေးစက ၆ လအထိ ကလေးငယ်ကို မည်သည့်ရေ၊ အရည်နဲ့ မည်သည့်
အစားအစာမျှ တိုက်ကျွေးရန် မလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။

မိခင်နို့ဟာ သန့်ရှင်းစင်ကြယ်ပြီး ရောဂါဘယတွေကို ကာကွယ်ပေးတဲ့အတွက် ၀မ်းပျက်ဝမ်းလျှောရောဂါနှင့် နမိုးနီးယားအဆုတ်ရောင် ရောဂါစတဲ့ဖျားနာမှုတွေကြောင့် မွေးကင်းစ ကလေးငယ်တွေသေဆုံးခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်များ ဖျားနာခြင်းကိုလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေပါတယ်။ 

မိခင်နို့ဦးရည်ဟာ မွေးကင်းစကလေးငယ်ကို ကြိုဆိုနှုတ်ခွန်းဆက်တဲ့ အကောင်းမွန်ဆုံးသော အစားအသောက်ဖြစ်ပြီး ရင်သွေးငယ်လေးအတွက် မိခင်က စုဆောင်းယူဆောင်လာခဲ့တဲ့ အရေးအကြီးဆုံး ကိုယ်ခံစွမ်းအားလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးအမျိုးမျိုးရှိတဲ့အနက် ကလေးငယ်အတွက် ပထမဦးဆုံးသော ကာကွယ်ဆေးဖြစ်ပြီး ကလေးငယ်ရဲ့ ၀မ်းဗိုက်ကို သန့်ရှင်းစင်ကြယ်သွားစေပါတယ်။ 

ရေလုံးဝတိုက်စရာမလိုပါ
မိခင်နို့ရည်ရဲ့ ၈၈ % ဟာ ရေဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ မွေးကင်းစကလေးငယ်တွေဟာ ရေဓာတ်အပြည့်အ၀နဲ့ လူ့လောကထဲကို ၀င်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ နေ့ရောညပါ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းအားဖြင့် အပူဆုံး အခြောက်သွေ့ဆုံး ရာသီဥတုမျိုးမှာတောင် ကလေးငယ်ဟာ ရေဓာတ်အပြည့်အ၀ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

မိခင်ဟာ ကလေးငယ်ကို နို့တိုက်လိုက်တဲ့အခါတိုင်း နို့ရည်ကတစ်ဆင့် ရေတိုက်ခြင်းလည်း ဖြစ်ပါတယ်။ ရေငတ်ပြေစေဖို့နဲ့ ဆာလောင်မွတ်သိပ်မှုပျောက်စေဖို့အတွက် ကလေးငယ်တစ်ယောက်လိုအပ်သမျှအားလုံးဟာ မိခင်နို့မှာ လုံလောက်စွာပါ ၀င်နေတာကြောင့် ကလေးငယ်သန်စွမ်းကျန်းမာစွာ ကြီးထွားလာဖို့ရာ အပြည့်စုံဆုံးသော အစားအသောက်ဖြစ်ပါတယ်။ 

မိခင်တစ်ယောက်အနေနဲ့ ကလေးငယ် ရေဆာနေတယ်လို့ ယူဆတိုင်း မိခင်နို့ကို အမြန်ဆုံးတိုက်ကျွေးသင့်ပါတယ်။ နို့များများတိုက်လေ နို့ထွက်ပိုကောင်းလေဖြစ်တဲ့အတွက် မိခင်ကသာ ကလေးငယ်အတွက် ရေများများပိုသောက်ပေးရမှာ ဖြစ်ပါတယ်။ 

ရေတိုက်ရင် ဘာဖြစ်နိုင်သလဲ
မိခင်နို့ရည်မှာပါဝင်တဲ့ ရေပမာဏ အတိုင်းအဆဟာ ကလေးငယ်တွေလိုအပ်တဲ့ ရေပမာဏကို ဖြည့်တင်းပေးပြီးဖြစ်သလို ရောဂါအန္တရာယ်ကင်းရှင်းစေရန်အတွက်လည်း အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ 

မွေးကင်းစကနေ ၆ လ မပြည့်မီအတွင်း ရေကိုဖြည့်စွက်တိုက်ကျွေးခြင်းဟာ အဟာရချို့တဲ့မှု အန္တရာယ်ကိုတိုးပွားစေပါတယ်။ ကလေးငယ်ရဲ့ အဟာရပြည့်ဝမှုအနေအထား၊ အသက်ရှင်သန်မှု၊ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ ဆိုးကျိုးသက် ရောက်စေနိုင်ပါတယ်။ 

ရေကိုဖြစ်စေ အခြားအရည် တစ်မျိုးမျိုးကိုဖြစ်စေ အနည်းအပါးမျှ တိုက်ကျွေးခြင်းပင်လျှင် မွေးကင်းစကလေးငယ်ရဲ့သေးငယ်တဲ့ဝမ်းဗိုက် ကို ပြည့်သွားစေနိုင်တဲ့အတွက် အဟာရဓာတ် အပြည့်ပါတဲ့ မိခင်နို့ကို လက်ခံချင်စိတ်လျော့ပါးသွားစေပါတယ်။ ၆ လသား အရွယ်မတိုင်မီမှာ ရေကို ဖြည့်စွက်တိုက်ကျွေးခြင်းကြောင့် မိခင်နို့စို့ခြင်းကို ၁၁ % လျော့ကျစေတဲ့အပြင် ရေနဲ့ဖြည့်စွက် အစားအစာတွေကနေ ရောဂါဖြစ်စေတဲ့ ပစ္စည်းများ (ပိုးမွှားများ)ကို သယ်ဆောင်လာနိုင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျှောရောဂါနဲ့ ဖျားနာမှု အန္တရာယ်ကိုလည်း တိုးပွားစေပါတယ်။ 

အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အိမ်သာသန့်ရှင်းမှုအားနည်းတဲ့ ပတ်ဝန်းကျင်များမှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်တဲ့ ဇီဝပစ္စည်းများနဲ့ မွေးကင်းစကလေးငယ် ထိတွေ့နိုင်တဲ့အန္တရာယ်မှာ ပိုမိုကြီးထွားပါတယ်။ 

မိခင်နို့တိုက်ကလေးနှင့် အခြားကလေး
မိခင်နို့ တိုက်ကျွေးမခံရသောကလေးငယ်နဲ့ မိခင်နို့တိုက်ကျွေးမှုအောက်မှာရှိတဲ့ ကလေးငယ်ရဲ့အခြေအနေနှစ်ရပ်ဟာ လွန်စွာကွာခြားလှပါ တယ်။ မိခင်နို့တစ်မျိုး တည်းတိုက်ကျွေးခြင်းကြောင့် ငွေကုန်ကြေးကျကင်းစေပြီး ဇွန်း၊ ခွက်၊ နို့ဘူး၊ နို့မှုန့်ဖျော်ရန် ရေကောင်းရေသန့် စတဲ့ အထောက် အကူပစ္စည်းများ မလိုတဲ့အတွက် ကလေးငယ်ထံကို ရောဂါပိုးဝင်ခြင်း ရောဂါကူးစက်ခြင်းများမှ ကာကွယ်ပြီးသားဖြစ်စေပြီး ကလေးငယ် ကြီးထွားလာတာနဲ့အမျှ မိခင်နို့တိုက်ကျွေးခြင်း အကျိုးကျေးဇူးတွေကို မျက်ဝါးထင်ထင် ဆက်လက်တွေ့ မြင်ရမှာဖြစ်ပါတယ်။ သုတေသီများအဆိုအရ မိခင်နို့တိုက်ကျွေးခံရတဲ့ ကလေးငယ်တွေဟာ ဥာဏ်ရည်ပိုမိုဖွံ့ဖြိုးတယ်လို့ သိရှိရပါတယ်။

မိခင်နို့မစို့ရဘဲ နို့ဘူးနဲ့ကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ ချူချာတတ်ပြီး ၀မ်းပျက်ဝမ်းလျှောခြင်း၊ ရင်ကျပ်ခြင်း၊ နားရောဂါဖြစ်ခြင်းနဲ့ ဆီးပိုးဝင်ခြင်း စတဲ့ရောဂါတွေ ပိုမိုအဖြစ်များတယ်လို့ တွေ့ရှိရပါတယ်။ သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါတွေလည်း ဖြစ်နိုင်ချေပိုများသူတွေဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သောအခြေအနေတွေရှိမှသာ အစားထိုးအဖြစ် နို့မှုန့်၊ ကလေးအဟာ ရမှုန့်များကို စနစ်တကျသန့်ရှင်းစွာနဲ့ ကိုင်တွယ်ဖျော်စပ်တိုက် ကျွေးသင့်ပါတယ်။ 

အလုပ်များတဲ့ မေမေတို့အတွက် 
မိခင်တစ်ယောက်အနေနဲ့ မိမိရင်သွေးလေးအပေါ် အကောင်းဆုံးတွေကိုသာ ပေးလိုတဲ့ဆန္ဒရှိတာ သဘာဝပါ။ ဒါပေမဲ့ အခြေအနေအကြောင်း အရပ်ရပ်ကြောင့် အပြင်ထွက်အလုပ်လုပ်ရတဲ့ မေမေများလည်းရှိနေတဲ့အတွက် မိခင်နို့သို လှောင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

မိခင်နို့ကိုသိုလှောင်ထားမယ်ဆိုရင် ရေခဲသေတ္တာမှာ ၂ - ၄ံ စင်တီဂရိတ် အပူချိန်တွင် သုံးရက်မှငါးရက်အထိထားနိုင်ပြီး ရေခဲသေတ္တာမှာ အပူချိန်တိုင်းကိရိယာမပါရှိတာကြောင့် ၂၄ နာရီအတွင်း အသုံးပြုဖို့ မရည်ရွယ်ထားတဲ့မိခင်နို့ကို အေးခဲထားခြင်းဖြင့် ဘေးကင်းလုံခြုံစွာထားနိုင်မှာ ဖြစ်ပါတယ်။ အေးခဲထားမယ်ဆိုရင်တော့ ရေခဲသေတ္တာရဲ့ရေခဲတဲ့အကန့်မှာ တစ်ပတ်ကြာထားနိုင်သလို ဖရီဇာထဲမှာတော့ သုံးလအထိ ထားနိုင်မှာဖြစ်ပါတယ်။ 

မိခင်နို့ကိုအေးခဲစေရာမှာ ပလတ်စတစ်ထည့်ခွက်ကို အသုံးပြုနိုင်ပြီး လေလုံပိုးသတ်ထားဖို့ရာ အဓိကအရေးကြီးပါတယ်။ နို့ရည်ခွက် တစ်ခုစီကို ရက်စွဲတပ် အမှတ်အသားထားပြီး အလှည့်ကျသုံးသင့်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုဖို့လိုတာကတော့ မိမိအသုံးပြုတဲ့ ဖရီဇာဟာ အလိုအလျောက်ပြန်ပြီး အရည်ပျော်စေတယ်ဆိုရင် နို့ရည်ခွက်ကို အရည်ပျော်စေတဲ့အစိတ်အပိုင်းနဲ့ ဝေးနိုင်သမျှ ဝေးဝေးထားဖို့နဲ့ မီးဖိုပေါ်တင်ပြီး အရည်ပျော်အောင်မလုပ်မိဖို့ဖြစ်ပါတယ်။ 

မေ့မေ့ကို ၀န်းရံပါ
အဖိုးမဖြတ်နိုင်တဲ့ ရင်သွေးရတနာလေးအတွက် အရေးအကြီးဆုံး မိခင်နို့ကို ကိုယ်တိုင် တိုက်ကျွေးခွင့်ရတဲ့ မေမေဖြစ်ဖို့ရာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ မှန်ကန်တဲ့ဝန်းရံမှုကလည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြေအနေအကြောင်းအရပ်ရပ်ကြောင့် ရင်သွေးငယ်ကို မိခင်နို့မတိုက်ကျွေးနိုင်ခြင်းမရှိတဲ့ မိခင်တွေထဲမှာ တချို့ဟာဆိုရင် အိမ်တွင်းရေးကိစ္စ စိတ်သောကတွေ၊ အနိုင်ကျင့်နှိပ်စက်တတ်တဲ့ အိမ်ထောင်ဘက်ကြောင့် စိတ်ဖိစီးမှုဒဏ်ခံစားရပြီး နို့မထွက်တဲ့မိခင်
မျိုးတွေလည်း ရှိပါတယ်။ 

မသိနားမလည်သူ ဆွေမျိုးသားချင်းများစွာနဲ့ အတူတူနေရသူတွေမှာဆိုရင်လည်း ကလေးမိခင်က မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနေပါလျက် ကလေးငယ်အတွက် မလုံလောက်ဘူးယူဆပြီး ရေ၊ ပျားရည်စတာတွေကို ကိုယ့်သဘောနဲ့ကိုယ် ၀ိုင်းဝန်းတိုက်ကျွေးတတ်ကြပြန်ပါတယ်။ 

ဒါကြောင့် ကလေးငယ်တစ်ယောက်ထက် ပိုတဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေ ကျန်းမာဖွံ့ဖြိုးစွာ ကြီးပြင်းလာဖို့၊ သန်စွမ်းထက်မြက်စွာ ရှင်သန်လာဖို့ရာမှာ မိခင်ရဲ့ အကြင်နာ မေတ္တာဥာဏ်ပညာနဲ့ ဗဟုသုတပြည့်ဝခြင်းဟာ အဓိကကျသလို ဖခင်နဲ့ ဆွေမျိုးအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ရဲ့ အယူအဆ အတွေးအခေါ်မှန်ကန်ဖို့ဟာလည်း အရေးကြီးပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။