အုန်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ပူပြင်းတဲ့ ရာသီမှာချွေးနဲ့အတူ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့အတွက် သဘာဝကပေးထားတဲ့ အကောင်းဆုံးလက်ဆောင်ကို ပြပါဆိုရင် အုန်းစိမ်းရည်လို့ ဆိုရမလိုပါပဲ။ အုန်းစိမ်းရည်ဟာ သဘာဝအတိုင်းအသီးမှ ထုတ်လုပ်ပေးတဲ့ အရည်တစ်မျိုးဖြစ်ပြီး ရေဓာတ် ၉၄% နဲ့ ပါဝင်ဖွဲ့စည်းထားပြီး အဆီဓာတ် အနည်းငယ် သာပါဝင်ပါတယ်။ Antioxidants ၊ အမိုင်နိုအက်စစ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီစတဲ့ ဗီတာမင်ဓာတ်တွေပါဝင်သလို Iron ၊ Calcium ၊ Potas-sium ၊ Magnesium ၊ Maganese နဲ့ Zinc စတဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အုန်းစိမ်းရည်ဟာ ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အုန်းသီးတစ်လုံးရင့် မှည့်ဖို့ အချိန် ၁၀ လကနေ ၁၂ ခန့် အထိကြာလေ့ရှိပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အကောင်းဆုံး အုန်းစိမ်းရည်ကို ၆ လ သို့ ၇ လ သက်တမ်းရှိ အုန်းသီးကရရှိနိုင်ပါတယ်။ အုန်းစိမ်းရည်သောက်ခြင်းမှ သင်ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။ 

ကိုယ်အလေးချိန်ကျဆင်းစေနိုင်ပါတယ်
အုန်းရည်မှာ ကယ်လိုရီနဲ့ အဆီပါဝင်မှု အလွန်ကို နည်းတာကြောင့် ၀ိတ်ချနေတဲ့သူတွေ ကိုယ်အလေးချိန်ကျစေဖို့ သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် အုန်းရည်မှာအစာချေစနစ်ကိုကူညီပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုကောင်းမွန်စေတဲ့ Bioactive Enzymes အမျိုးကွဲတော်တော်များများပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်(ဆား) တွေပိုလျှံလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ရေတွေကို ဆက်လက်ထိန်းသိမ်းထားစေဖို့ ဖြစ်လာစေပြီး Water Weight လို့ခေါ်တဲ့ အလေးချိန်ကိုတက်လာစေပါတယ်။ အဆိုပါ ဆိုဒီယမ်များပြားနေမှုကို ပိုတက်ဆီယမ်များများ ပါဝင်တဲ့ အစားအသောက်များစားသုံးပြီး ပြန်လည် ထိန်းညှိနိုင်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်တာကြောင့် ပိုနေတဲ့ရေတွေနဲ့အတူ ခန္ဓာကိုယ်ထဲက အခြားအဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အုန်းရည်ကရေနဲ့မတူဘဲသောက်သုံးပြီးနောက် ပြည့်ဝတင်းတိမ်စေတဲ့ သဘာဝရှိတာကြောင့် အစားစားလိုတဲ့ စိတ်ကို လည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ၀ိတ်ချနေစဉ်အတွင်း ၁ ပတ်မှာအုန်းရည် ၃ ကြိမ်မှ ၄ ကြိမ်ခန့်အထိ သောက်သုံးပေးရုံနဲ့ သိသာထင်ရှားတဲ့ ရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

အလှအပအတွက် အသုံးပြုနိုင်ပါတယ်
မျက်နှာမှာ ၀က်ခြံပေါက်လေ့ရှိသူများ၊ ၀က်ခြံအမာရွတ်များနဲ့ အမဲစက်ရှိသူများအတွက်လည်း အုန်းရည်က အသုံးဝင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အုန်းရည်ကိုမျက်နှာပေါ်မှာ Toner သဘောမျိုး လိမ်းပေးလို့ရပြီး အသားအရေကို သန့်ရှင်းကြည်လင်စေတဲ့ အာနိသင်ရှိပါတယ်။ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းရှိပြီး တိုက်ရိုက်လိမ်းကျံရာမှလည်း အဆိုပါ အာနိသင်ကိုရရှိနိုင်သလို သောက်သုံးပေးခြင်းမှလည်း တူညီတဲ့ အာနိသင်ကိုရရှိနိုင်ပါတယ်။ ဒါကြောင့် မြောက်များလှစွာသော မျက်နှာလိမ်းကရင်မ်များ၊ ခေါင်းလျှော်ရည်များ၊ ဆံပင်ပျော့ဆေးများနဲ့ Body Lotion  တွေမှာ အုန်းသီးမှရတဲ့ အဆီအနှစ်တွေကို ထည့်သွင်းပြုလုပ်ကြခြင်းဖြစ်ပါတယ်။ 

ရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်
ဈေးကွက်ထဲမှာရရှိနိုင်တဲ့ ဘယ်လိုအားဖြည့်အချိုရည်အမျိုးအစားထက်မဆို အုန်းရည်က ပိုမိုအစွမ်းထက်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားတစ်မျိုးမျိုး ပြုလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်က သတ္တုဓာတ်တွေကရေဓာတ်နဲ့အတူ ဆုံးရှုံးသွားပါတယ်။ အဆိုပါ ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်နဲ့ရေဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် အုန်းရည်က အလွန်အသုံးဝင်ပါတယ်။ အုန်းသီးတစ်လုံးကရတဲ့ အုန်းရည်မှာ ပိုတက်ဆီယမ် ၂၉၄ မီလီဂရမ် နဲ့ သဘာဝသကြားဓာတ် ၅ မီလီ 
ဂရမ် နဲ့အခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အားကစားသမားတွေအတွက် ထုတ်လုပ်ထားတဲ့ အားဖြည့်အချိုရည်တွေမှာ အုန်းရည်မှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ရဲ့ပမာဏ တစ်ဝက်ခန့် ကိုသာ ထည့်သွင်းထားနိုင်ပြီး သဘာဝ သကြား မဟုတ်တဲ့ သကြားဓာတ်ပါဝင်မှုကတော့ ၅ ဆ ပိုမိုများပြားပြီး အုန်းရည်မှာပါဝင်တဲ့ အခြားသော   အာဟာရဓာတ်များလည်း ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့် သင့်ရဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် အုန်းရည်က အကောင်းဆုံးတောင်လို့ ဆိုနိုင်ပါတယ်။

သွေးဖိအားကိုလျော့ကျစေပါတယ်
စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အုန်းရည်မှာ သွေးဖိအားကိုထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိတာကို ပညာရှင်တွေတွေ့ရှိခဲ့ပါတယ်။ အုန်းရည်မှာ ပါဝင်တဲ့ မြင့်မားတဲ့ ပိုတက်ဆီယမ် ပမာဏက သွေးဖိအားကို လျော့ကျစေနိုင်ပြီးသွေးတွင်းက ဆိုဒီယမ်ပမာနကို မျှချေဖြစ်အောင် ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရောဂါအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီနဲ့ မဂ္ဂနီဆီယမ်ဓာတ်များပါတာကြောင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိတဲ့ နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ သဘာဝ အုန်းရည်မှာသာအဆိုပါ အာနိသင်ရှိနေတာဖြစ်ပြီး အသင့်သောက်သုံးနိုင်ဖို့ ထုတ်လုပ်ထားတဲ့ အုန်းရည်တွေမှာ ဆိုဒီယမ် ပါဝင်မှုမြင့်မားတာကြောင့် သွေးတိုးရောဂါအတွက် သင့်တော်မှုမရှိလို့ သတိထားသင့်ပါတယ်။ 

နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်
ကိုလက်စထရောနဲ့ အဆီပါဝင်မှု နည်းပါးတဲ့ အုန်းစိမ်းရည်က နှလုံးကျန်းမာရေးအတွက်လည်း သင့်တော်ကောင်းမွန်ပါတယ်။ အုန်းရည် သောက်ခြင်းက Low-density Lipoprotein (LDL) လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ Good Cholesterol လို့ လူသိများတဲ့ High-density Lipoprotein (HDL) ကို မြင့်တက်စေပါတယ်။ ၂၀၁၂ ခုနှစ် က Journal of Medicinal Foodမှာသုတေသနရှာဖွေတွေ့ရှိမှု အစီရင်ခံစာတစ်ခုအရက ရင့်မှည့်ပြီး အုန်းရည် ဖြစ်စေ၊ အုန်းစိမ်းရည်ဖြစ်စေ အဆိုပါ အာနိသင်ရှိနေတယ်တာကို တွေ့ရတယ်လို့ ဖော်ပြထားပါ တယ်။ ဒါ့အပြင် အုန်းရည်မှာသွေးလှည့်ပတ်မှုကိုပိုမိုကောင်းမွန်စေနိုင်တဲ့ Antioxidants ၊ Anti-inflammatory အစွမ်းတွေရှိနေတာကြောင့် နှလုံးနဲ့နှလုံးသွေးကြောတွေရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ 

သောက်သုံးသင့်တဲ့ ပမာဏ
အုန်းရည်လို့ဆိုတဲ့အခါမှာ ရင့်မှည့်ပြီး အုန်းသီးထက် နုပြီးစိမ်းနေတဲ့ အုန်းသီးကရတဲ့ အုန်းစိမ်းရည်မှာ အာဟာရတန်ဖိုးပိုမိုမြင့်မားစွာပါရှိသလို အုန်းရည်ပမာဏလည်းပိုများပါတယ်။ အုန်းရည်ကိုဘယ်လောက် ပမာဏသောက်သုံး သင့်သလဲဆိုတာကို သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ အုန်းစိမ်းရည်မှာ ကယ်လိုရီနဲ့အဆီပါဝင်မှုနည်းပေမဲ့ လုံးဝ မပါရှိတာမျိုး မဟုတ်တာကြောင့် အုန်းစိမ်းရည်ကို ပမာဏများများနဲ့  ပုံမှန်သောက်ဖြစ်မယ်ဆိုရင် တက်တက်ကြွကြွ လှုပ်ရှားနေထိုင်သင့်တယ်လို့တော့ Mayo Clinic မှ ပညာရှင်များက အကြံပြုထားပါတယ်။ ၈ အောင်စ (ဖန်ခွက် ၁ ခွက်စာ) အုန်းစိမ်းရည်မှာ ၄၅ ကယ်လိုရီကနေ ၆၀ ကယ်လိုရီလောက် အထိပါရှိတာကြောင့် အကယ်၍ သင်က အုန်းစိမ်းရည် ပမာဏများများသောက်မိရင် သင့်ရဲ့ ကယ်လိုရီစားသုံးမှု ပမာဏကလည်း လိုက်ပါမြင့်တက်လာမှာကြောင့် ဖြစ်ပါတယ်။
Ref;    Benefits of Coconut Water