နွေကိုအံတုမယ့် မီးဖိုချောင်ထဲက အစားအသောက်များ

စူးရှတဲ့ နေရောင်ခြည်၊ ပြင်းထန်တဲ့ အပူချိန်နဲ့အတူ နွေရာသီရောက်ရှိလာပြီဆိုတာနဲ့ အလှအပကို ဂရုစိုက်တတ်တဲ့သူတိုင်း အပြင်ထွက်ဖို့ စိုးရိမ်တတ်ကြပါတယ်။ နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု ညွှန်းကိန်းမြင့်တက်လာ တာနဲ့အမျှ အရေပြားကင်ဆာဖြစ်နိုင်ချေ အန္တရာယ်၊  နေရောင်ခြည်ထိတွေမှုကြောင့် အရေပြားဆဲလ်တွေ ပျက်စီးပြီးအရွယ်မတိုင်ခင် အိုမင်းလာမယ့် ပြဿနာတွေရဲ့ ခြိမ်းခြောက်မှုကလည်း မြင့်တက်လာပါတော့တယ်။ ကံကောင်းတာက သင့်ရဲ့ မီးဖိုချောင်ထဲမှာ အလွယ်တကူတွေ့နိုင်တဲ့ အစားအသောက်တစ်ချို့က သင့်ရဲ့ ခန္ဓာကိုယ်ထဲက သဘာဝ နေရောင်ခြည်ကာစွမ်းရည်ကို မြင့်တင်ပေးနိုင်သလို အချို့အစားအသောက်တွေကတော့ နေရောင်ခြည်နဲ့ ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ နေလောင်ဒဏ်တွေကိုကုစားပေးနိုင်တဲ့ အစွမ်းအာနိသင်တွေ ရှိနေပါတယ်။ နွေကိုအံတုနိုင်မယ့် မီးဖိုချောင်ထဲက အစားအသောက်တွေက ဘာတွေများပါလဲ။

အာလူး
ကိုယ်အလေးချိန်ထိန်းဖို့ (သို့) လျှော့ချဖို့ ကြိုးစားနေသူတွေအတွက်တော့ အာလူးလို့ဆို လိုက်တာနဲ့အနည်းငယ် မျက်ခုံးပင့်မိမယ့် အစားအစာတစ်မျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာတော့ သင့်ရဲ့မီးဖိုချောင်မှာအာလူးအနည်းငယ်ကို ဆောင်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ အာလူးမှာပါတဲ့ ကစီဓာတ်ကနေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့မှုကြောင့်ဖြစ်လာတဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။ 

အသုံးပြုနည်း - အာလူးကို ခပ်ပါးပါးလှီးပြီးနေလောက်ထားတဲ့ အရေပြားတစ်ဝိုက်ကို ညင်ညင်သာသာပွတ်ပေးနိုင်ပါတယ်။ နေလောင်ဒဏ်ပြင်းတဲ့ နေရာတွေကို အာလူးချပ်လေးတွေ ကပ်ပေး တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အရေပြားတွေ နာကျင်နေတယ်ဆိုရင် အာလူးကိုရေခဲစိမ်ပြီးမှ ကပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Green Tea
နွေရာသီမှာ နေပူထဲအချိန်ကြာကြာထွက်မိပြီး နေလောင်လာတဲ့အခါမှာ ပုံမှန်အသားအရေပြန်လည်ရရှိဖို့ရော၊ နေလောင်မှုကြောင့် ခံစားရတဲ့ နာကျင်မှုကို သက်သာစေဖို့ပါ Green Tea ကိုသင်အားကိုးနိုင်ပါတယ်။ လက်ဖက်ရည်မှာ ပါဝင်တဲ့ Catechinလို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးက အရေပြားကိုထိခိုက်စေတဲ့ နေရောင်ခြည်ထဲ က ရောင်ခြယ်တွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ဖက်မှာ ပါဝင်တဲ့  Tannic Acid က နေလောင်ဒဏ်ကြောင့် ခံစားရတဲ့ နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါသေးတယ်။

အသုံးပြုနည်း - လက်ဖက်နဲ့ ပတ်သက်တဲ့ လေ့လာမှုပေါင်းများစွာပြုလုပ်ပြီးနောက် တစ်ရက်ကို လက်ဖက်ရည် ၂ ခွက်ခန့်သောက်ပေးခြင်းဖြင့် အရေပြားက နေရောင်ခြည်ကို ကာကွယ်နိုင်မှုစွမ်းရည် ပိုမိုအားကောင်းလာစေနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ နေလောင်ဒဏ်ရာတွေကိုသက်သာစေဖို့ကတော့ ရေစိမ်ပြီးအေးခဲထားတဲ့ လက်ဖက်ရည်ထုပ်လေးတွေကို အရေပြားပေါ် တိုက်ရိုက်ကပ်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဒီ နည်းလမ်းက အချိန်အနည်းငယ်အတွင်းသိသာတဲ့ ရလဒ်ကိုရရှိနိုင်တဲ့ လွယ်ကူတဲ့ နည်းတစ်နည်းလည်း ဖြစ်ပါတယ်။  

Oatmeal
မျက်နှာ၊ လက်တွေနဲ့ ခြေထောက်တွေမှာ အကြီးအကျယ်နေလောင်ပြီး နီရဲနေပြီဆိုရင်တော့ Oatmeal လို့ခေါ်တဲ့ ကွေကာအုတ်အကြမ်းအမျိုးအစားကကုသဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ 

အသုံးပြုနည်း - ကွေကာအုတ်အကြမ်းတွေကို ပထမရေစိမ်ထားပြီး ပွလာတဲ့အခါမှာ ပိုပြီး နူးညံ့သွားအောင် ကြိတ်စက်နဲ့ဖြစ်စေ၊ ဇွန်းနဲ့ ဖြစ်စေ ချေပေးပြီး နေလောင်ထားတဲ့ နေရာတွေကို ခပ်ပါးပါးလိမ်းပေးပြီး ၂ နာရီကနေ ၄ နာရီလောက်ထားပြီး ရေအေးနဲ့ ဆေးချပေးရပါမယ်။ ပတ်တီး (သို့) ပိတ်စပါးပါးနဲ့ ပတ်ပေးထားနိုင်ရင် ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းက အချိန်ကြာပေမယ့် အကြိမ်ကြိမ်ပြုလုပ်စရာမလိုဘဲ တစ်ကြိမ်တည်းနဲ့ နေလောင်ဒဏ်ကို သိသိသာသာ ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းတစ်မျိုး ဖြစ်ပါတယ်။ 

သလဲသီး
အိုမင်းရင့်ရော်မှုကို ကာကွယ်ရာမှာ အစွမ်းထက်တဲ့ အသီးတစ်မျိုးဖြစ်တဲ့ သလဲသီးမှာ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ရှိနေပါသေးတယ်။ Texas A&M University ၊ အာဟာရနဲ့ အစားသောက်ဆိုင်ရာသိပ္ဗံဌာနက လေ့လာတွေ့ရှိမှုအရ သလဲသီးမှာပါဝင်တဲ့ Ellagic Acid က နေရောင်ခြည်မှာပါဝင်တဲ့ UVA နဲ့ UVB တို့ အရေပြားနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာမယ့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

အသုံးပြုနည်း - နည်းလမ်းကတော့ ရိုးစင်းလွယ်ကူပါတယ်။ သလဲသီးရည်ကို နွေရာသီတစ်လျှောက် မကြာမကြာသောက်သုံးပေးရုံပါပဲ။ 

သခွားသီး
သခွားသီးက နွေရာသီမှာမှ မဟုတ်ပါဘူး၊ ရာသီတိုင်းမှာ အသားအရေရဲ့ လှပနုပျိုမှုအတွက် အသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် အရေပြားကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

အသုံးပြုနည်း- သခွားသီးကို ပါးပါးလှီးပြီး နေလောင်ထားတဲ့ အရေပြားပေါ်ကို တိုက်ရိုက်ကပ်ပေးတာမျိုးဖြစ်စေ၊ သခွားသီးကို ကြိတ်ချေပြီး  အရည်ယူကာအဆိုပါ အရည်ကို ခပ်ပါးပါးလိမ်းပေးတာမျိုးဖြစ်စေ ပြုလုပ်နိုင်ပါတယ်။

ခရမ်းချဉ်သီး
နွေရာသီရောက်လာပြီဆိုရင် သင့်ရဲ့ မီးဖိုချောင်မှာ မရှိမဖြစ်ဆောင်ထားရမယ့် အသီးက ခရမ်းချဉ်သီးဖြစ်ပါတယ်။ ဒီလိုဆိုရတဲ့ အကြောင်းရင်းရှိပါတယ်။ Lycopene ရောင်ခြယ် ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီး ကိုယ်တိုင်ကနေရောင်ကိုအန်တုနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ နေ့စဉ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်း ၅ ဇွန်းခန့်ကို ၃ လကြာအောင် သောက်သုံးထားသူတွေရဲ့ အရေပြားဟာ နေရောင်ခြည်ကို ခုခံကာကွယ်နိုင်စွမ်း  ၂၅% ခန့် ပိုမိုတိုးတက်လာတာကို တွေ့ရှိခဲ့ရတယ်လို့ သုတေသီတွေ ဆိုပါတယ်။ 

အသုံးပြုနည်း - ခရမ်းချဉ်သီးကိုဖျော်ရည် ပြုလုပ်ပြီးဖြစ်စေ၊ အစိမ်းဖြစ်စေစားသုံးပေးပြီး သင့်ရဲ့သဘာဝ နေရောင်ကာကွယ်နိုင်စွမ်းကို မြင့်တင်နိုင်ပါတယ်။ ခရမ်းချဉ်သီးရဲ့ Acid ပါဝင်မှုကြောင့် နေလောင်ထားပြီးပြီးချင်းအချိန်မှာ အရေပြားပေါ် တိုက်ရိုက်အသုံးပြုခြင်းမျိုးကိုတော့ ရှောင်သင့်ပါတယ်။

မာလကာသီး
Antioxidants ကြွယ်ဝတဲ့ အစားအစာတွေကလည်း နွေရာသီမှာသင့်ရဲ့ အသားအရေကို ပြင်းထန်တဲ့နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ ပိုပြီးခံနိုင်ရည် ရှိလာစေဖို့ ကူညီပေးနိုင်ပါတယ်။ မာလကာသီးတစ်လုံးမှာ လိမ္မော်သီးထက် ဗီတာမင် စီနဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ Antioxidants ပါဝင်မှု  ၅ ဆ ပိုမိုများပြားပါတယ်။ ဒါကြောင့် နွေရာသီမှာနေလောင်မှု ဒဏ်ကိုကြံ့ကြံ့   ခံနိုင်ဖို့ သင်စားသုံးပေးသင့်တဲ့ အစားအသောက်များထဲမှာ မာလကာသီးပါဝင်ပါတယ်။

အသုံးပြုနည်း - ဗီတာမင် စီနဲ့ Antioxidants ကြွယ်ဝတဲ့  မာလကာသီးကို နွေကာလတစ်လျှောက် ကြုံတိုင်းစားသုံးပေးရုံပါပဲ။ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ ဘရိုကိုလီနဲ့ ငရုတ်ပွတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။

Ref ;    Foods that Fight Sunburn