အိပ်ရင်းနဲ့ ၀ိတ်ချဖို့

ပိန်သွယ်ပြီး အဆီပိုတွေမရှိ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ရဖို့ အိပ်မက် မက်ဖူးပါသလား။ သင့်ရဲ့ အဖြေက မက်ဖူးပါတယ်ဆိုရင် သင့်အတွက် သတင်းကောင်းရှိပါတယ်။ အိပ်မက်မက်နေရင်းနဲ့ ကိုယ်အလေးချိန်လျှော့ချ နိုင်မယ့် နည်းလမ်းတစ်ချို့ကို ပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။ အိပ်ရင်းနဲ့ ၀ိတ်ချနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပရိုတိန်း ရဲ့ အကူအညီကို ယူပါ
ညစာစားသုံးခြင်းက ကိုယ်အလေးချိန်တိုးခြင်းနဲ့ ဆက်စပ်မှုရှိနေတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အကယ်၍ သင်ကိုယ်တိုင်က ညဘက်မှာ အစားစားလေ့ရှိတယ်၊ ကိုယ်အလေးချိန်ကို လျှော့ချလိုတဲ့ ဆန္ဒလည်းရှိနေတယ်ဆိုရင် Protein Shake 
ကို အခြားအစားအသောက်များနေရာမှာ အစားထိုးနိုင်ပါတယ်။ Florida State University က သုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုအရ ညအိပ်ရာ မ၀င်ခင် Protein Shake ၃၀ ဂရမ်ခန့် သောက်သုံးလေ့ရှိတဲ့ အမျိုးသားတွေရဲ့ အနားယူချိန် အသုံး
ပြုလိုက်တဲ့ စွမ်းအင်ပမာဏဟာ ညဘက်မှာ ဘာမှ မစားဘဲ အိပ်ရာဝင်သူတွေထက် ပိုများနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အနားယူချိန်မှာ အသုံးပြုတဲ့စွမ်းအင်ပမာဏဆိုတာက ခန္ဓာကိုယ်က အနားယူနေစဉ်မှာ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် Protein က ညဘက်မှာ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပြီး ကြွက်သားအသစ် တည်ဆောက်တာကို အားပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ကြွက်သားထုထည် ပိုများလာတာနဲ့အမျှ ကယ်လိုရီ လောင်ကျွမ်းမှု ပိုများလာမှာဖြစ်ပြီး မလိုအပ်တဲ့ အဆီပိုတွေ တဖြည်းဖြည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနားယူ အိပ်စက်နေချိန်မှာ သင့်ရဲ့ အဆီတွေ လောင်ကျွမ်းသွားအောင် ညမအိပ်ခင် Protein Shake တစ်ခွက်သောက်ပေးနိုင်ပါတယ်။ 

အခန်းကို အမှောင်ချထားပါ 
အိပ်ရင်း ၀ိတ်ချဖို့ ပြင်ဆင်နေတယ်ဆိုရင် သင့်အခန်းက ညအချိန်မှာ လုံးဝ မှောင်မဲနေဖို့ လိုအပ်ပါတယ်။ ပြင်ပက မီးအလင်းရောင်တွေ သင့်အိပ်ခန်းထဲကို မရောက်လာနိုင်ဖို့ ခန်းဆီးလိုက်ကာ တပ်သင့်ရင်လည်း တပ်ဆင်ရပါမယ်။ အမှောင်ထဲမှာ လင်းနိုင်တဲ့ နာရီတွေ၊ ညအိပ်မီးတွေကို ဖယ်ရှားပစ်ရမှာဖြစ်သလို အခန်းထဲမှာ TV တွေ ၊ ကွန်ပျူတာတွေ ထားလေ့ရှိတယ်ဆိုရင်လည်း ပိတ်ထားရမှာဖြစ်ပါတယ်။ မှောင်မဲနေတဲ့ အခန်းထဲမှာ အိပ်စက်ခြင်းက အိပ်ပျော်ဖို့ လိုအပ်တဲ့ Mela-
tonin ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ရုံသာမကဘဲ ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းသွားဖို့ ကူညီပေးတဲ့  Brown Fat ဆိုတဲ့ ကောင်းမွန်တဲ့ အဆီတစ်မျိုး ထုတ်လုပ်မှုကိုပါ ပိုပြီးအားကောင်းစေနိုင်တာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့  Journal of Pineal Research အမည်ရ ကျန်းမာရေး ဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အိပ်ရင်းနဲ့ ကိုယ်အလေးချိန်လျော့ကျသွားစေဖို့ သင့်အခန်းကို ညအချိန်မှာ လုံးဝ အမှောင်ချထားလိုက်ပါ။

အိပ်ခန်းက အေးနေပါစေ
အိပ်မပျော်တဲ့ ရောဂါရှိသူတွေကို အနည်းငယ်အေးအောင်ပြုလုပ်ထားတဲ့ အိပ်ခန်းထဲမှာ အိပ်ဖို့ ပညာရှင်တွေ အကြံပြုလေ့ရှိပါတယ်။ ပူတဲ့ ဒေသမှာ လေအေးစက် (သို့) ပန်ကာဖွင့်ထားတာမျိုး၊ အေးတဲ့ ဒေသမှာ အနွေးပေးစက်ကို အပူချိန်
အနည်းငယ်လျှော့ထားတာမျိုးပြုလုပ်ပြီး အေးအောင်ပြုလုပ်ထားတဲ့ အိပ်ခန်းထဲမှာ အိပ်စက်ခြင်းက လူတွေကို မြန်မြန်အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ကောင်းကျိုးတစ်ခု ထပ်ရှိပါသေးတယ်။ ပုံမှန်ထက်ပိုအေးတဲ့အခန်းထဲမှာ အိပ်စက်ခြင်းက ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အပူချိန် ၁၉ံစင်တီဂရိတ်ခန့် ရှိတဲ့ အခန်းထဲမှာ အိပ်စက်လေ့ရှိသူတွေဟာ အပူချိန်မြင့်တဲ့ အခန်းထဲမှာ အိပ်သူများထက် မနက်နိုးလာချိန်မှာ ကယ်လိုရီလောင်ကျွမ်းနှုန်း ၇% ခန့်ပိုများနေတာကို တွေ့ခဲ့ရတယ်လို့ ဆေးပညာဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။ အကြောင်းရင်းကတော့ ခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို ၃၇ံ ရောက်အောင် ထိန်းသိမ်းထားဖို့လိုအပ်ပြီး အဆိုပါ လိုအပ်တဲ့ အပူချိန်ကို ကယ်လိုရီတွေလောင်ကျွမ်းခြင်းမှ ရရှိပါတယ်။ ၇% ဆိုတဲ့ ပမာဏက ကယ်လိုရီအပို ၁၀၀ လောင်ကျွမ်းသွားတဲ့ သဘောဖြစ်ပြီး ဒါက သင်အိပ်နေရုံနဲ့ ကုန်ဆုံးသွားမယ့် ကယ်လိုရီပမာဏ ဖြစ်ပါတယ်။ 

အီလက်ထရောနစ်ပစ္စည်းများကို ပိတ်ထားပါ
အထက်မှာ ဖော်ပြထားခဲ့ပြီးသလိုပဲ၊ အိပ်နေရင်းနဲ့ ကိုယ်အလေးချိန်ကျစေချင်တယ်ဆိုရင် ညအချိန်မှာ သင့်အခန်းက မှောင်မဲနေဖို့ လိုအပ်သလို အလင်းထုတ်လွှတ်နိုင်တဲ့ အီလက်ထရော နစ်ပစ္စည်းအားလုံးကိုလည်း ပိတ်ထားဖို့ လိုအပ်ပါတယ်။ Manchester University မှ သုတေသီတွေဟာ Smart Phone နဲ့ Tablet တွေရဲ့ မျက်နှာပြင်က ထုတ်လွှတ်တဲ့ လှိုင်းတို အပြာရောင် အလင်းတန်းတွေက Melatonin ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေနိုင်တာကို လေ့လာတွေ့ရှိခဲ့ ကြပါတယ်။ အဆိုပါ ဇီဝကမ္မဖြစ်စဉ်တွေထဲမှာ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ ဖြစ်စဉ်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

အိပ်ချိန်ရှိပါစေ
အိပ်ရင်းနဲ့ ၀ိတ်ချဖို့ ကြိုးစားနေသူတစ်ယောက်အတွက် အရေးကြီးဆုံး အချက်တစ်ချက်ကတော့  အိပ်ချိန်လုံလုံလောက်လောက်ရှိဖို့ပဲ ဖြစ်ပါတယ်။ ဆေးပညာလောကမှာ ဂုဏ်သတင်းကြီးမားတဲ့ Mayo Clinic ကတော့ လူတစ်ယောက်ဟာ ကျန်းမာလှပဖို့အတွက် အနည်းဆုံး အိပ်ချိန် ၇ နာရီကနေ ၈ နာရီအတွင်းရှိသင့်တယ်လို့ အကြံပြုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားနေစဉ်မှာ စွမ်းအင်ကို ပိုပြီး အသုံးပြုရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင်နားနေချိန်မှာလည်း သင့်ရဲ့ ခန္ဓာကိုယ်က စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်နေ ဆဲပါပဲ။ ခန္ဓာကိုယ်က အသုံးပြုနေတဲ့ အဆိုပါ စွမ်းအင်ကို ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်းမှ ရရှိပါတယ်။ American Journal of Clinical Nutrition မှ သုတေသီတွေဟာ အနားယူချိန်လုံလုံလောက်လောက် ရှိထားသူတွေရဲ့ အနားယူချိန်အသုံးပြုလေ့ရှိတဲ့ စွမ်းအင်ပမာဏက ပင်ပန်းနွယ်နယ်ပြီး ကောင်းကောင်းမနားထားရတဲ့ သူတွေထက် ၅%ခန့်ပိုများနေတာကို လေ့လာ တွေ့ရှိခဲ့ပါတယ်။ အိပ်ရေး၀၀ အိပ်ခဲ့ရသူတွေဟာ စားသုံးလိုက်တဲ့ ကယ်လိုရီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနှုန်းမှာလည်း အိပ်ရေးမ၀သူ တွေထက် ၂၀% ပိုများတယ်လို့ ဆိုပါတယ်။ နောက် ထပ်လေ့လာစမ်းသပ်မှု တစ်ခုမှာတော့ အိပ်ချိန် နည်းတဲ့သူတွေရဲ့ အဆီတစ်သျှူးတွေဟာ အင်ဆူလင် ဟော်မုန်းကို တုန့်ပြန်မှုနှေးကွေးလာပြီး နောက်ဆက်တွဲ အနေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေကာ အ၀လွန်တဲ့ ပြဿနာ ဖြစ်လာ နိုင်ချေရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင့်မှာ ကိုယ်အလေးချိန်ချဖို့ အစီအစဉ်ရှိတယ်ဆိုရင် အိပ်ရေး၀၀ အိပ်ခြင်းနဲ့ စတင်ကြည့်ပါလို့ အကြံပြုလိုပါတယ်။ 

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုဝ မလာအောင် ထိန်းသိမ်းထားခြင်းက သင့်ရဲ့အလုံးစုံသော ကျန်းမာရေးကောင်းမွန်ဖို့ကိုပါ အထောက်အကူပြုနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့အတွက် အထက်ဖော်ပြပါ နည်းလမ်းများအပြင် သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကိုလည်း ပြုပြင်ပြောင်းလဲလိုက်ဖို့ လိုအပ်ပါတယ်။ ဆီကြော်တွေစားတာ၊ အသင့်အမြန်စား အစားအသောက် တွေနဲ့ အချိုများတဲ့ အစားအစာ၊ ဖျော်ရည်တွေ စားသုံးတာ၊ နံနက်စ မစားတာ စတဲ့ အကျင့်တွေရှိရင်လည်း စွန့်လွှတ်ပစ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ အထိုင်များတဲ့ နေ့စဉ် ဘ၀နေထိုင်မှုမျိုး ရှိနေတယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ လမ်းလျှောက်တာ စတာတွေကို ပုံမှန်ပြုလုပ်ဖို့ စတင် ကြည့်ပါ။ ဒီလိုပြောင်းလဲမှုလေးတွေ လုပ်ဆောင်လိုက်ရုံနဲ့ သင့်ရဲ့ ကျန်းမာရေး  ပိုမိုကောင်းမွန်လာကာ ကိုယ်အလေး ချိန်ကိုပါ ထိန်းသိမ်းထားနိုင်ပြီးဖြစ်တာကို တွေ့လာရပါလိမ့်မယ်။ 
Ref ;    5 Ways You Can Literally Lose Weight In Your Sleep