ခါးသက်တဲ့ကြက်ဟင်းခါးသီးရဲ့ အစွမ်းထက် အာနိသင်များ

ကြက်ဟင်းခါးသီးလို့ ဆိုလိုက်ရင် ကြိုက်နှစ်သက်တဲ့ လူလည်းရှိနိုင်သလို ခါးသက်တဲ့ အရသာကြောင့် မနှစ်သက်တဲ့ လူများလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကြက်ဟင်းခါးသီးက အာဟာရတန်ဖိုးမြင့်မားပြီး ဆေးဖက်ဝင်တဲ့ အသီးတစ်မျိုး ဖြစ်တာကိုတော့ လူတိုင်းလက်ခံထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နိုင်ငံနဲ့လူမျိုးတော်တော်များများရဲ့ တိုင်းရင်းဆေးတွေမှာ ကြက်ဟင်းခါးသီးကို တွင်တွင် ကျယ်ကျယ်အသုံးပြုခဲ့ကြပြီး လက်ရှိအချိန်ထိလည်း အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရောဂါအချို့ကို တားဆီးကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့ အရသာရဲ့ နောက်ကွယ်က ကျန်းမာရေးအကျိုး ကျေးဇူးများကို သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ 
 
အစာချေစနစ်ကို ကောင်းမွန်စေခြင်း
ကြက်ဟင်းခါးသီးက Cellulose ကို ကြွယ်ကြွယ်ဝဝရနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ Cellulose က အစာချေစနစ်ကို ပိုမိုကောင်းမွန်ဖို့  ကူညီပေးနိုင်စွမ်းရှိပြီး ဝမ်းချုပ်ခြင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် Antihelminthic အမည်ရဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး အဆိုပါဓာတ်ပေါင်းက အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ကူးစက်ကောင်းကူးစက်နေနိုင်တဲ့ သန်ကောင်နဲ့ တုတ်ကောင်များကို ရှင်းလင်းပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီး စားသုံးခြင်းက သင့်ရဲ့အစာချေလမ်းကြောင်းကို ကျန်းမာစေပြီး အစာချေစနစ်အတွက် အကူအညီဖြစ်စေတယ်လို့ ဆိုနိုင်ပါတယ်။
 
ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း
ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့အရသာကြောင့် ကြက်ဟင်းခါးသီးမှာ ဗီတာမင် C  ကြွယ်ဝစွာပါဝင်တယ်လို့ဆိုရင် သင်အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ မှန်ပါတယ်။ ကြက်သီးဟင်းခါးသီးမှာပါဝင်တဲ့ ဗီတာ မင် C က ခန္ဓာကိုယ်ရဲ့ ခုခံ
စွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကူးစက်မှုတွေ အလွယ်တကူမဖြစ်အောင် တားဆီးပေးနိုင်ပြီး သဘာဝအတိုင်း ဆဲလ်တွေကို သေဆုံးစေမယ့် ဖြစ်စဉ်ကိုစတင်စေဖို့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို လှုံ့ဆော်မှုပေး
နိုင်ပါတယ်။ ရောင်ရမ်းမှုကို တားဆီးပေးနိုင်တဲ့ အစွမ်းလည်းရှိပါသေးတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးမှာ သင့်ရဲ့ ကိုယ်ခံစွမ်းအားကို ပိုပြီး ကောင်းမွန်စေနိုင်တဲ့ အကျိုးကျေးဇူးရှိနေပါတယ်။ 
ဆီးချိုရောဂါအတွက်
ကြက်ဟင်းခါးသီးလို့ ဆိုလိုက်တာနဲ့ လူအများစုက ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို သတိရတတ်ကြပါတယ်။ အင်ဆူလင်ရဲ့ လုပ်ဆောင်ပုံနဲ့ သဘာဝချင်းတူညီတဲ့ Phytonutrients ပါဝင်ပြီး ဆီးချိုရောဂါ ခံစားနေရတဲ့သူတွေအတွက် ကောင်းမွန်တဲ့ အာနိသင်ရှိပါတယ်။ ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ Vicine လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးက ဆီးချိုရောဂါကို ကာကွယ်တားဆီးပေးနိုင်စွမ်းရှိနေတာကိုလည်း သုတေသီတွေ ရှာဖွေတွေ့ရှိထားပါတယ်။ ဒီအချက်တွေကြောင့် ကြက် ဟင်းခါးသီးမှာ ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့ အာနိသင်ရှိသလို ကြိုတင်ပြီး ကာကွယ်နိုင်တဲ့ အာနိသင်လည်းရှိနေတယ်လို့ဆိုနိုင်ပါတယ်။
 
ကိုယ်အလေးချိန်ကျဆင်းစေခြင်း
ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ Antioxidants တွေက သင့်ခန္ဓာကိုယ်ထဲက ဘေးဖြစ်စေမယ့် အဆိပ်အတောက်တွေက ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နဲ့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့ နောက်ထပ် အဓိကကျတဲ့ အချက်နှစ်ချက်ကတော့ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့ အချက်နဲ့ ရေဓာတ်ပါဝင်မှုများတဲ့ အချက်နှစ်ချက်ပဲ ဖြစ်ပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေက ကိုယ်အလေးချိန်များလာစေခြင်းရဲ့ အဓိကတရားခံတွေဖြစ်ပြီး ရေဓာတ်ပါဝင်မှု များတဲ့ အစားအသောက်တွေကတော့ ဆာလောင်မှုနဲ့အစားစားခြင်းစိတ်ကို တားဆီးပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးတစ်လုံးမှာ ရေဓာတ် ၈ဝ% ခန့် ပါဝင်ပါတယ်။
 
အမြင်အာရုံကို ကျန်းမာစေခြင်း
မျက်စိတိမ်စွဲခြင်းနဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းမှုရောဂါတွေကို Beta-carotene နဲ့ ဗီတာမင် A ကဲ့သို့သော အာဟာရဓာတ်တွေပါဝင်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကြက်ဟင်းခါးသီးမှာ Beta-carotene နဲ့ ဗီတာမင် A တွေ ပါဝင်တာကြောင့် သင့်အမြင် အာရုံရဲ့ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အထောက်အကူပြုနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ အပိုဆုအနေနဲ့ ကြက်ဟင်းခါးသီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ Antioxidants တွေက Free Radicals တွေ ဓာတ်တိုးခြင်းကြောင့် မျက်လုံးနဲ့ အမြင်အာရုံရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုဖြစ်စေမယ့် ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မယ့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 
ဝက်ခြံ နဲ့ အရေပြားပြဿနာများ 
ဝက်ခြံတွေ၊ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ အနီစက်တွေနဲ့ ပြင်းထန်တဲ့ အရေပြားပိုးဝင်ခြင်း ပြဿနာတွေကို ဖြေရှင်းဖို့လည်း ကြက်ဟင်းခါးသီးကို အားကိုးနိုင်ပါတယ်။ အရေပြားယားယံခြင်း၊ ဝဲရောဂါ၊ နှင်းခူ၊ ပွေး နဲ့ အခြားသော မှိုကြောင့်ဖြစ် တဲ့ အရေပြားရောဂါများကူးစက်ခံရပြီး သွေးတွင်း မတည်မငြိမ်ဖြစ်မှုကြောင့် ယားယံတဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကြက်ဟင်းခါးသီးကို ချက်ပြုတ်ပြီး စားပေးတာမျိုးလုပ်နိုင်သလို ပိုပြီးထိရောက်တဲ့ အာနိသင်ကို လိုချင်ရင်တော့ ကြက်ဟင်းခါးသီး သတ္တုရည်အနည်းငယ်ကို သံပရာသီးညှစ်ပြီး သောက်ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ခါးသက်တဲ့ အရသာကိုတော့ သင်ခံနိုင်မှ ရပါလိမ့်မယ်။ 
 
သွေးကို သန့်စင်ပေးနိုင်ခြင်း
ကြက်ဟင်းခါးသီးမှာ Antimicrobial နဲ့ Antioxidant ဂုဏ်သတ္တိတွေရှိတာကြောင့် သွေးကိုသန့်စင်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သွေးထဲရှိ အဆိပ်အတောက်ဖြစ်စေတဲ့ အရာများကို ဖယ်ရှားပေးနိုင်တာကြောင့် အရေပြားရောဂါတွေ၊ သွေးတွင်းမတည်မငြိမ်ဖြစ်တာတွေကို သက်သာစေပြီး သွေးလှည့်ပတ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သွေးမသန့်ခြင်းကြောင့် အရေပြားမှာ အနီကွက်တွေထပြီး ယားယံခြင်း၊ ဝက်ခြံထွက်လွယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သွေးတွင်းမှာ အဆိပ်အတောက်တွေ များနေမယ်ဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကြီးထွားဖွံ့ဖြိုးဖို့လည်း ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးက သင့်ရဲ့သွေးကိုသန့်စင်ပေးနိုင်ပြီး အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်ကာ အချို့သော ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေ ကြီးထွားလာခြင်းကိုလည်း တားဆီးပေးနိုင်စွမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။
Ref ; Health Benefits of Bitter Gourd