ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ဆေးဖက်ဝင် အာနိသင်တွေ

ရောဂါဝေဒနာတွေကို တိုက်ဖျက်ဖို့ လှပပြီးသောက်သုံးရလွယ်ကူတဲ့ ဆေးပြား၊ ဆေးလုံးလေးတွေနဲ့ ခေတ်သစ်ဆေးဝါးပညာ မရှိသေးခင်မှာ ရှေးယခင်က တစ်ချို့သော သစ်ဥသစ်မြစ်နဲ့ အပင်ေ တွကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဘယ်လိုအပင်အမျိုးအစားတွေကို ဘယ်လိုရောဂါကို ကုသရာမှာ အသုံးပြုသင့်သလဲဆိုတဲ့ ပညာကို ယခုအချိန်မှာတော့ တိုင်းရင်းဆေးဝါးပညာလို့ သတ်မှတ်ထားကြပြီး အသုံးပြုခဲ့တဲ့ သစ်ဥသစ်မြစ်နဲ့ အပင်တွေကိုတော့ ပရဆေးပင်တွေလို့ ခေါ်ကြပါ
တယ်။ အဆိုပါ ဆေးဖက်ဝင်အာနိသင်ရှိတဲ့ အပင်တွေထဲမှာ ရှေးရာစုနှစ်ပေါင်းများစွာကတည်းကနေ လက်ရှိအချိန်အထိ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့ကြတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ရှေးခေတ်ကတည်းက အသုံးပြုခဲ့တဲ့ အဆိုပါ ဆေးဝါးတစ်ဖြစ်လဲ ဟင်းခတ်အမွှေးအကြိုင်တွေကို ဓာတ်ခွဲခန်းထဲမှာ လေ့လာမှုတွေ ပြုလုပ်ပြီးနောက် အစွမ်းထက်တဲ့ ဆေးဖက်ဝင်အာနိသင်တွေ တကယ်ရှိနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။ လေ့လာတွေ့ရှိခဲ့ပြီးဖြစ်တွဲ့ကို ဖော်ပြပေးလိုက်ပါတယ်။
ငရုတ်သီးမှုန့်
ငရုတ်သီးမှုန့်တွေရဲ့ ပူစပ်တဲ့ အရသာက ငရုတ်သီးမှာပါဝင်တဲ့ Capsaicin လို့အမည်ရတဲ့ ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပြီး အဆီကိုအခြေခံတဲ့ အဆိုပါဓာတ်ပေါင်းမှာ ကျန်းမာရေး အာနိသင်တွေ ပါရှိနေပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သား
နာကျင်မှု သက်သာစေဖို့ လိမ်းရတဲ့ လိမ်းဆေးတိုင်းမှာ Capsaicin ပါဝင်ပါတယ်။ Capsaicin ရဲ့ အာနိသင်က နာကျင်မှုကို နာ့ဗ်ကြောတွေက တစ်ဆင့်ဦးနှောက်ဆီသို့ သယ်ဆောင်သတင်းပို့နေတဲ့ Substance P လို့ခေါ်တဲ့ နာ့ဗ်ဆဲလ်တွေကို ယာယီလျော့နည်းသွားစေပြီး နာကျင်မှု ခံစားနေရတာကို ခေတ္တခဏ သက်သာစေနိုင်ပါတယ်။ 
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်တွေကို လက်ရှိအချိန်မှာ ဟင်းချက်ရာမှာတင်မက ကော်ဖီ၊ ကိတ် နဲ့ အခြား အချိုပွဲတွေမှာပါ အသုံးပြုလာကြပါပြီ။ သစ်ကြံပိုးခေါက်က ဘာကြောင့် ရုတ်တရက် လူကြိုက်များပြီး အသုံးများလာရတာပါလဲ။ အကြောင်းရင်းကတော့ သုတေသနတွေပြုလုပ်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ သစ်ကြံပိုးခေါက်က ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းအထက်မြက်ဆုံး ဖြစ်နေတာကို တွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်။ အချိုပွဲတွေမှာ သစ်ကြံပိုးခေါက်မှုန့်ကို ထည့်သွင်းအသုံးပြုလာကြတာက သူ့ရဲ့ မွှေးကြိုင်တဲ့ အနံသက်သက်ကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက သကြားဓာတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းရှိနေတာကြောင့်ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါတဲ့ သဘာဝဓာတ်ပေါင်းတွေက အင်ဆူလင်ဟော်မုန်းရဲ့ လုပ်ငန်းတွေကို ပိုပြီးတိုးတက်ကောင်းမွန်စေနိုင်တယ်လို့သိရပါတယ်။ နေ့စဉ် သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းဝက်ခန့် စားသုံးပေးခြင်းက ဆီးချိုဝေဒနာခံစားနေရတဲ့ သူတွေရဲ့ သွေးတွင်းသကြားဓာတ်ကို သိသိသာသာ ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကိုပဲ နေ့စဉ်အစားအသောက်တွေထဲ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် သွေးတွင်းကိုလက်စထရောပမာဏကို လည်း ၁၂ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိကျစေနိုင်ပါသေးတယ်။ ဒါ့အပြင် သစ်ကြံပိုးခေါက်မှာ Antioxidants  ဂုဏ်သတ္တိဆောင်တဲ့ အခြားအာဟာရဓာတ်ပေါင်းတွေ ပါဝင်ပါသေးတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင် ဆိုတာထပ်ပိုတဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးလို့ သတ်မှတ်ထားပါတယ်။ 
လေးညှင်းပွင့်
အိန္ဒိယအစားအစာများမှာ အမြဲလိုလိုထည့်သွင်းအသုံးပြုလေ့ရှိတဲ့ အရသာပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး ရှေးအကျဆုံးဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလို့ ဆိုလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ပရဆေးတော်တော် များများမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ပရဆေးတွေမှာ အသုံးပြုတယ်လို့ ဆိုလိုက်ကတည်းက လေးညှင်းပွင့်မှာ ဆေးဖက်ဝင် အာနိသင်တွေရှိနေမယ်ဆိုတာ သံသယဖြစ်စရာမလိုတော့ပါဘူး။ လေးညှင်းပွင့်မှာပါဝင်တဲ့ Eugenol လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးက နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ရာမှာ အလွန်အစွမ်းထက်တဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင်လေ့လာမှုတစ်ခုက နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်းကနေ ကင်ဆာရောဂါကို တားဆီးပေးနိုင်တဲ့ အစွမ်းတွေရှိနေတာကို တွေ့ရှိခဲ့ရတာကြောင့် Antioxidants ဂုဏ်သတ္တိ အလွန်မြင့်မားတဲ့အဆင့်မှာ လေးညှင်းပွင့်ကို ထည့်သွင်းခဲ့ပါတယ်။ လေးညှင်းပွင့်မှာ အဆစ်အမြစ်ရောင်ရောဂါကြောင့် အရွတ်တွေနဲ့ အရိုးတွေ ပျက်စီးယိုယွင်းမှုဖြစ်စဉ်ကို နှေးကွေးစေနိုင်တဲ့ အာနိသင်ရှိတာကိုလည်း လတ်တလောပြုလုပ်ထားတဲ့ လေ့လာမှုတွေက တစ်ဆင့်တွေ့ရှိထားပါတယ်။ 
ကြက်သွန်ဖြူ
ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိ အသုံးအများဆုံး ဟင်းခတ်ပစ္စည်းလို့ဆိုရင် ကြက်သွန်ဖြူကို ပြေးမြင်ကြပါတယ်။ မှန်ပါတယ်။ ကြက်သွန်ဖြူကို လူမျိုးတိုင်းရဲ့ ဟင်းလျာတော်တော် များများပါ မပါမဖြစ်အသုံးပြုလာကြတာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ အနံ့က Allicin လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပြီး ဒီဆာလ်ဖာဓာတ်ပေါင်းက ကြက်သွန်ဖြူကို ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်လာစေပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးခြင်းက  သွေးတွင်း ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ချေကို ၇၆ ရာခိုင်နှုန်းလောက် လျော့နည်းစေနိုင်တယ်လို့ သုတေသီတွေ ဆိုထားပါတယ်။ ကြက်သွန်ဖြူမှာ Antioxidants  အာနိသင်လည်းရှိပြီး ဆာလ်ဖာဓာတ်ပေါင်းက ကင်ဆာရောဂါတွေ၊ အထူးသဖြင့် အစာအိမ်နဲ့ အူမကြီးကင်ဆာတွေ ကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အဆိုပါဓာတ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ခန္ဓာကိုယ်က ဆဲလ်တွေရဲ့DNA ကိုမတိုက်ခိုက်ခင်မှာ ခန္ဓာကိုယ်ပြင်ကို တိုက်ထုတ်ပစ်လိုက်ခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြပါတယ်။
ချင်း
မွှေးပျံ့တဲ့ အနံ့ရှိနဲ့ ပူစပ်တဲ့ အရသာရှိတဲ့ချင်းက ဟင်းလျာရဲ့ အရသာကိုထူးထူးခြားခြား ပြောင်းလဲစေနိုင်ပါတယ်။ အာရှနဲ့ အိန္ဒိယဒေသက တိုင်းရင်းဆေးတွေမှာ တွင်တွင်ကျယ်ကျယ်အသုံး ပြုလာတာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး 
အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေတဲ့ ဆေးတွေမှာ အများဆုံးသုံးကြပါတယ်။ ချင်းနဲ့ ပတ်သက်ပြီး လေ့လာမှုများစွာပြုလုပ်ခဲ့ကြကာ ချင်းမှာ နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့ အလွန်အစွမ်းထက်တဲ့ အာနိသင်ရှိနေတာကြောင့် အံ့အားသင့်ခဲ့ကြပါတယ်။ အဆိုပါ အာနိသင်ကြောင့် အဆစ်အမြစ်ရောင်ရောဂါဝေဒနာရှင်တွေ ခံစားရလေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းတဲ့ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ Prostaglandins အမည်ရ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ပစ္စည်းတွေကို တားဆီးပေးနိုင်တာကြောင့် Migraines လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို ကုသရာမှာလည်း အသုံးဝင်နိုင်ပါတယ်။ ရောင်ရမ်းမှုကိုတားဆီးပေးနိုင်တဲ့ အာနိသင်က ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ ကြီးထွားလာတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။ 
နနွင်း
ရွှေဝါရောင်အဆင်းနဲ့ ထူးဆန်းတဲ့ ရနံ့ရှိတဲ့ နနွင်းမှာလည်း ချင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ အာနိသင်တွေရှိနေပါတယ်။ နနွင်းမှာ အစားစာချင်စိတ်ဖြစ် စေပြီး အစာချေစနစ်ကို ကူညီပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ တိုင်းရင်းဆေးပညာက ဆိုပါတယ်။ ဒါပေမဲ့ နနွင်းမှာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းရှိနေတာကို တွေ့ရှိပြီးနောက် ခေတ်သစ်ဆေးဝါးသိပ္ပံပညာရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်လာပါတယ်။ နနွင်းကို ရွှေဝါရောင်ဖြစ်စေတဲ့ Curcumin  လို့ခေါ်တဲ့ ဓာတုပစ္စည်းမှာ ကင်ဆာကိုတားဆီးနိုင်စွမ်း အင်မတန်မြင့်မားတဲ့ အာနိသင်ရှိနေပါတယ်။ အဆိုပါ ဓာတုပစ္စည်းက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ဆဲလ်တွေရဲ့D NAကို မတိုက်ခိုက်နိုင်ခင်မှာပဲ သူတို့ကို ဖျက်စီးပစ်နိုင်သလို ပျက်စီးပြီးသား DNA တွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းလည်း ရှိနေတယ်လို့  ပညာရှင်တွေဆိုပါတယ်။ ရောင်ရမ်းမှုကို တိုက်ဖျက်ပြီး ကင်ဆာဖြစ်နိုင်တဲ့ အကြိတ်တွေ ကြီးထွားလာကိုလည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။
Ref; Ancient Secrets of Spice