ကန်စွန်းဥကို ဘာကြောင့် စားပေးသင့်သလဲ

ကန်စွန်းဥ။ လွယ်လွယ်ကူကူနဲ့ နေရာဒေသတိုင်းလိုလိုရရှိနိုင်ပြီး ဈေးလည်း မကြီးတဲ့ ကန်စွန်းဥကို ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သင် ကန်စွန်းဥကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းက နူးညံ့ပြီး ချိုမြတဲ့အရသာ တစ်ခုတည်းကြောင့်လား။ ဒါဆိုရင် ကန်စွန်းဥကို စားပေးသင့်တဲ့ အကြောင်းအရင်းတွေထဲမှာ ထပ်ပြီးထည့်သွင်းနိုင်ဦးမယ့် သင်မသိသေးတဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်နဲ့ အာဟာရတန်ဖိုးတွေအကြောင်းကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။ 

ဗီတာမင် C
ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး အအေးမိခြင်း၊ တုပ်ကွေး နဲ့ အခြားသောဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားများကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နာဖျားမှု တွေ အလွယ်တကူ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါက ဗီတာမင် C နဲ့ ပတ်သက်ပြီး အများစုသိထားတဲ့ အချက်ဖြစ်ပြီး ဗီတာမင် C က အရိုးတွေနဲ့ သွားတွေဖွဲ့စည်းဖို့ ၊ အစာချေဖျက်ဖို့ နဲ့ သွေးဆဲလ်တွေ ဖွဲ့စည်းတည်ဆောက်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တစ်မျိုးဖြစ်တာကိုတော့ သတိထားမိသူနည်းပါပါတယ်။ ဒါ့အပြင်ဗီတာမင် C က ဒဏ်ရာတွေကို အကျက်မြန်စေနိုင်တဲ့ အာနိသင်ရှိပြီး အသားအရေနုပျို တင်းရင်းစေတဲ့ Collagen ထုတ်လုပ်မှုကို ပိုပြီးအားကောင်းစေ အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း တိုက်ခိုက်ပေးနိုင်တဲ့ အာနိသင်ရှိပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး နဲ့လှပနုပျိုမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ အဆိုပါဗီတာမင် C  က ကန်စွန်းဥမှာ ပမာဏများများ ပါဝင်ပါတယ်။ ဒါကြောင့် ဗီတာမင် C ကို လိမ္မော်သီး၊ သံပရာသီး စတဲ့ Citric အုပ်စုဝင် အသီးအနှံများကသာ မဟုတ်ဘဲ အက်ဆစ်ဓာတ် ပါဝင်မှု မရှိတဲ့ ကန်စွန်းဥကဲ့သို့သော အစားအစာများထံမှလည်း ရရှိနိုင်ပါတယ်။ 

ဗီတာမင် D 
ဗီတာမင် D ကို နေရောင်ခြည် ဗီတာမင်လို့ လူသိများပါတယ်။ မှန်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် Dကို နေရောင်ခြည်မှ အဓိကရရှိနိုင်ပြီး တစ်ချို့သော အစားအစာများထံမှလည်း ရရှိနိုင်ပါတယ်။ ဗီတာမင် D ရရှိနိုင်တဲ့ အချို့သော အစားအစာများစာရင်းမှာ ကန်စွန်းဥ ပါဝင်ပါတယ်။ ဗီတာမင် D က အရိုးတွေ ကြံ့ခိုင်ဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့ အရေးပါတဲ့ ဗီတာ မင် တစ်မျိုးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်က နေ
ရောင်ခြည်ကို အလုံအလောက်ရရှိတဲ့အခါ ဗီတာမင် D အဖြစ် ပြောင်းလဲလိုက်ပြီး အဆိုပါဗီတာမင် က  ဗီတာမင် အနေနဲ့ရော၊ ဟော်မုန်းအနေနဲ့ရော လုပ်ငန်း ၂ မျိုးလုံးကို လုပ်ဆောင်ပေးပါတယ်။ နေရောင်ခြည် ကောင်းကောင်းမရရှိတဲ့ နိုင်ငံတွေမှာ Seasonal Affective Disorder (SAD) ဆိုတဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ဗီတာမင် D ချို့တဲ့မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာများကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဗီတာမင် D က သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင် ပမာဏ၊ အရိုးနဲ့ သွားတွေရဲ့ သန်မာကြံ့ခိုင်မှု၊ နှလုံး၊ အာရုံကြော၊ အရေပြားနဲ့ သွိုင်းရွိုက်ဂလင်းတို့ရဲ့ ကျန်းမာရေးအပြင် သင့်ရဲ့စိတ်ခံစားမှု အခြေအနေတွေ အတွက် အရေးပါတဲ့ ကဏ္ဍမှာပါရှိနေတဲ့ ဗီတာ မင် တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D ပြည့်ဝလုံလောက် နေဖို့လိုအပ်ပြီး နေရောင်ခြည်ကို ဘေးကင်းတဲ့ အချိန်အတိုင်းအတာအတွင်း ထိတွေ့ပေးဖို့ လိုအပ်ပြီး ကန်စွန်းဥကဲ့သို့သော ဗီတာမင် D ပါဝင်တဲ့ အစားအစာများကိုလည်း ဖြည့်စွက်စားသောက်ပေးဖို့လိုအပ်ပါတယ်။ 

သံဓာတ်
ကန်စွန်းဥက သံဓာတ်ကို ကြွယ်ကြွယ်ဝဝရရှိနိုင်တဲ့ အစားအစာများထဲက တစ်ခုဖြစ်ပါတယ်။ သံဓာတ်က သင့်ရဲ့ ပြင်ပက ကူးစက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောဂါတွေကို တိုက်ထုတ်ရမယ့် သင့်ရဲ့ကိုယ်ခံစွမ်းအားကောင်းမွန်နေဖို့အဓိက လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူအများစုက သံဓာတ်ရဲ့ အဓိက လုပ်ငန်းတာဝန်က ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ ဆက်စပ်မှုရှိတာကိုပဲ သိထားကြပြီး သံဓာတ်ရဲ့အခြားအရေးပါတဲ့ တာဝန်တွေကိုတော့ မေ့မေ့လျော့လျော့ ရှိနေ တတ်ပါတယ်။ သံဓာတ်က သွေးနီဥနဲ့ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်ပေးနိုင်ဖို့ အဓိက လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးဖြစ်သလို စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်တဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကို
ကောင်းမွန်စေနိုင်သလို ပရိုတိန်းအပါအဝင် ခန္ဓာ ကိုယ်က အခြား ဇီဝကမ္မဖြစ်စဉ်တွေကိုပါ တိုး တက်ကောင်းမွန်စေပါတယ်။ ဒါက ကန်စွန်းဥကို သင်ဘာကြောင့် စားသုံးသင့်သလဲဆိုတဲ့ မေးခွန်းအတွက် နောက်ထပ် အဖြေတစ်ခုဖြစ်ပါတယ်။ 

Magnesium
ကန်စွန်းဥက သင့်ရဲ့ အလွယ်တကူ စိတ်ဖိစီးမှုဖြစ်ပေါ်တတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကန်စွန်းဥမှာ Magnesium ကြွယ်ဝစွာပါဝင်ပြီး အဆိုပါ သတ္တုဓာတ်မှာ ခန္ဓာကိုယ်ကို သက်တောင့်
သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တဲ့ အာနိသင်ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Magnesium က သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပြီး မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သွေး၊ အရိုး၊ ကြွက်သား၊ အာရုံကြောစနစ်နဲ့ နှလုံး စတဲ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ့ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အထောက်အပံ့ပေးရတဲ့ သတ္တုဓာတ်လည်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးနောက် မြောက်အမေရိက က လူဦးရေ ၈ဝ% ခန့်ဟာ ဒီလိုအရေးပါတဲ့ သတ္တုဓာတ်ကို လုံလုံလောက်လောက် မရရှိထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေဟာ ကျန်းမာရေးအတွက် Magnesium က အရေးပါကြောင်း သတိပေးထားပြီး Magnesium ဓာတ်လုံလုံလောက်လောက်ရရှိ အောင်စားသောက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ကန်စွန်းဥမှာ ကျန်းမာရေးအတွက် အရေးကြီးပြီး မရှိမဖြစ်လိုအပ်တဲ့ Magnesium သတ္တုဓာတ် ကြွယ်ဝပါဝင်ပါတယ်။ 

ပိုတက်ဆီယမ်
ပိုတက်ဆီယမ်က နှလုံးခုန်နှုန်းတွေ ပုံမှန်ဖြစ်နေဖို့၊ အာရုံကြော အချက်ပြမှုတွေ မှန်ကန်စွာ ဖြစ်နေဖို့ လိုအပ်တဲ့ Electrolytes တစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ရဲ့ စနစ်တော်တော်များများ ပုံမှန်အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေဖို့ ဆောင်ရွက်ပေးသလို၊ ရောဂါနဲ့ထိခိုက်မှုတစ်ခုခုကြောင့် ကြွက်သားတွေ ရောင်ရမ်းလာတဲ့အခါမှာ ရောင်ရမ်းမှုကို လျော့စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ် ထိခိုက်မှုတွေကို ကာကွယ်ပေးသလို ကျောက်ကပ်က လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ပုံမှန်ဖြစ်စေဖို့ထိန်းချုပ်ပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကန်စွန်းဥကို ဖွဲ့စည်းထားတဲ့ အာဟာရဓာတ်တွေထဲမှာ ဒီအဖိုးတန်တဲ့ သတ္တု ဓာတ်လည်း ပါဝင်ပါတယ်။ 

ကင်ဆာရောဂါကို ကာကွယ်နိုင်
အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားပုံအတိုင်း သဘာဝကရရတဲ့ အစားအသောက်များဆီမှာ လူတွေရဲ့ ကျန်းမာရေးကို တစ်နည်းတစ်လမ်းက စောင့်ရှောက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဆေးဖက်ဝင် အာနိသင်တွေ
ပါရှိနေတတ်ပါတယ်။ သင်လုပ်ဆောင်ရမယ့်အရာက ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပေးဖို့ပဲဖြစ်ပါတယ်။ ကုသဖို့ ဆေးမရှိသေးတဲ့ ကင်ဆာရောဂါကို ကန်စွန်းဥ စားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်တယ်လို့ဆိုရင် သင်လက်ခံချင်မှ လက်ခံနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာရှင်တွေက သုတေသနလုပ်ငန်းတွေ ပြုလုပ်ပြီးနောက် ရွှေဝါရောင်အဆင်းရှိတဲ့ ကန်စွန်းဥမှာ ကင်ဆာနဲ့ အိုမင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့  Antioxidants ဂုဏ်သတ္တိရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကန်စွန်းဥရဲ့ ရွှေဝါရောင် (သို့) လိမ္မော်ရောင် အရောင်အဆင်းက သူ့မှာ Beta Carotene ကဲ့သို့သော စွမ်းအားမြင့် Antioxidant ဂုဏ်သတ္တိရှိတဲ့ Carotenoid တွေ ကြွယ်ဝစွာပါရှိကြောင်း ဖော်ပြနေတာဖြစ်ပြီး အဆိုပါ Carotenoid က စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဗီတာမင် A က မျက်လုံး နဲ့ အမြင်အာရုံရဲ့ကျန်းမာရေးကို ကောင်း မွန်စေသလို ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင် ပေးနိုင်စွမ်းရှိပါတယ်။ 

Harvard University က ပြုလုပ်ခဲ့တဲ့ လူပေါင်း ၁၂၄,ဝဝဝ ကျော်ပါဝင်ခဲ့တဲ့  ကြီးမားကျယ်ပြန့်တဲ့ လေ့လာမှုတစ်ခုအရ Carotenoid ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို နေ့စဉ်စား သောက်တဲ့လူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ ၃၂ % လျော့နည်းနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ Women’s Healthy Eating and Living (WHEL) က သုတေသီတွေဟာလည်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ အဆင့် ၁ ကို တွေ့ရှိပြီး ကုသမှုပေးပြီးနောက်၊ သွေးတွင်းမှာ Carotenoid ပါဝင်မှုမြင့်မားနေတဲ့၊ တစ်နည်းအားဖြင့် Carotenoid ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးတဲ့သူတွေမှာ တစ်ကျော့ပြန်ကင်ဆာ ပြန်လည်ဖြစ်ပွားနိုင်ချေ နည်းပါးတာကိုတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Carotenoid ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းဥကို စားသုံးပေးခြင်းက ကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

Ref; Health Benefits of Sweet Potatoes