ကလေးကို နို့တိုက်နေစဉ်မှာ ဒါတွေရှောင်ပါ

သင်က စားသုံးလိုက်တဲ့ အစားအသောက်များနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေရတဲ့ ကိုယ်ဝန်ဆောင်ကာလ ကိုးလနီးပါးအချိန်ကို မကြာခင်ကမှ ဖြတ်သန်းခဲ့ရတဲ့ မိခင်တစ်ဦးဖြစ်ပါသလား။ ဒါဆိုရင် လက်ရှိအချိန်မှာ သင်က မွေးကင်းစ ကလေးလေးကို နို့တိုက်ကျွေးရတော့မယ့် နို့တိုက်မိခင်ဖြစ်နေပါပြီ။ ဒီကာလက သင်စားသုံးလိုက်တဲ့ အစားအသောက်များထံမှ မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ လုံလုံလောက်လောက် ရရှိဖို့ အရေးကြီးတဲ့ကာလဖြစ်သလို သင်စားသုံးလိုက်တဲ့ အစားအသောက်တွေမှာပါဝင်တဲ့ ဘယ်လို ဓာတ်မျိုးမဆို မိခင်နို့မှတစ်ဆင့် ကလေးဆီကိုရောက်ရှိသွားမှာဖြစ်တာကြောင့် ကလေးရဲ့တုံ့ပြန်ပုံတွေကို မျက်ချေမပြတ် စောင့်ကြည့်လေ့လာရမယ့်ကာလလည်း ဖြစ်ပါတယ်။ သင့်ရဲ့အစားအသောက်တွေကို စိုးရိမ်ပူပန်နေရတဲ့ ကိုယ်ဝန်ဆောင်ချိန်ကနေ  အစားအသောက်စာရင်းကို စိစစ်ပြီး စားသုံးရတော့မယ့် နို့တိုက်ကျွေးချိန်ဆိုတဲ့ အချိန်အပိုင်းအခြားကို ရောက်ရှိသွားတယ်လို့ပဲ အကြမ်းဖျင်း ဆိုကြပါစို့။ ကိုယ်ဝန်ဆောင်မိခင်တွေလိုပဲ နို့တိုက်မိခင်တွေမှာလည်း ကလေးကို နို့တိုက်ကျွေးနေချိန်မှာ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေ ရှိနေပါတယ်။ သင်ရဲ့ ကလေးကိုနို့တိုက်ကျွေးနေစဉ်ကာလအတွင်း ဘယ်လိုအစားအသောက်များကို ရှောင်ကြဉ်ဖို့ လိုအပ်ပါသလဲ။

ကဖိန်း
နို့တိုက်မိခင်တစ်ယောက် ညဘက်မှာ ဆက်တိုက် ၈ နာရီပြည့်အောင် အိပ်ရတယ်လို့ ပြော လာရင် ဒါဟာ ပုံပြင်တစ်ပုဒ်ပါ။ နို့စို့အရွယ်ကလေးငယ်ရှိတဲ့ မိခင်တစ်ယောက်ဟာ အိပ်ရေးပျက်ရတဲ့ ညတွေကို ရင်ဆိုင်နေရမှာ သေချာသလောက်ပါပဲ။ အိပ်ရေးမဝလို့ မကြည်မလင်ဖြစ်နေတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေဖို့ ကဖိန်းဓာတ်ကို တောင့်တမိကောင်း တောင့်တမိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ဆရာဝန်တွေ ရှောင်ကြဉ်ခိုင်းတဲ့ အစားအသောက်များ စာရင်းမှာ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအသောက်များ ပါဝင်နေပါတယ်။ တစ်ချို့ကဖိန်းဓာတ် ဥပမာ ကော်ဖီခပ်ပျော့ပျော့တစ်ခွက်လောက်က ဘေးကင်းကောင်း ဘေးကင်းနိုင်ပေမဲ့ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ကလေးငယ်လေးကိုတိုက်ကျွေးမယ့် မိခင်ရဲ့ နို့ထဲကိုရောက်ရှိသွားမှာကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေအရ ကဖိန်းဓာတ်ကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် သူတို့အတွက် နို့ထဲက
တစ်ဆင့် ပါလာတဲ့ကဖိန်းဓာတ်က လုံးဝအန္တရာယ်ကင်းတဲ့ အနေအထားမဟုတ်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ကဖိန်းဓာတ်က ခန္ဓာကိုယ် ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ အာနိသင်ကျန်ရှိတတ်တာကြောင့် ကော်ဖီသောက်လိုတဲ့ ဆန္ဒရှိခဲ့မယ်ဆိုရင်တောင် သင့်ရဲ့ကလေးအိပ်ပျော်ပြီးနောက် ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း ကလေးကို နို့တိုက်ဖို့ မလိုလောက်သေးတဲ့ အချိန်အပိုင်းအခြားထိ စောင့်ပြီးမှ ကော်ဖီသောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ 

ငါး
သင်ဖတ်လိုက်ရတဲ့ စားလုံးက မှန်ပါတယ်။ ဒါပေမဲ့ ငါး အမျိုးအစားအကုန်လုံးကို ဆိုလိုနေတာ မဟုတ်ပါဘူး။ ငါးအမျိုးအစားတော်တော်များများက ကျန်းမာရေးအတွက် အလွန်သင့်တော်တာကြောင့် အသားထက် ငါးကို ပိုမိုစားသုံးဖို့ တိုက်တွန်းထားတာမျိုးတောင် ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ထားချိန်နဲ့ နို့တိုက်နေစဉ်ကာလမှာ ပင်လယ်စာအချို့နဲ့ ငါးအမျိုးအစားတစ်ချို့ကိုတော့ သင်ရှောင်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ငါးတွေမှာ မာကျူရီပါဝင်မှု မြင့်မားပြီး အဆိုပါ မာကျူရီဓာတ်က ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုဖြစ်စေနိုင်သလို နို့တိုက်နေချိန်မှာလည်း ကလေးရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်ဆောင်ချိန်တုန်းက ဆရာဝန်ညွှန်ကြားတဲ့ ငါးစားသုံးမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကလေးကို နို့တိုက်နေစဉ်မှာလည်း သတိထား လိုက်နာတာက အကောင်းဆုံးဖြစ်ပါတယ်။ 

ချောကလက်
လုံးဝ မစားသင့်တဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချောကလက်မှာ ကဖိန်းဓာတ်ပါဝင်တာကြောင့် ကလေးကိုနို့တိုက်နေစဉ်မှာ ရှောင်သင့်တဲ့ အစားအသောက်တစ်မျိုးလို့ သတ်မှတ်လို့ရပါတယ်။ တစ်ချို့သော နို့တိုက်မိခင်တွေမှာတော့  ချောကလက်စားသုံးခြင်းက ကလေးကိုဝမ်းလျှောတာမျိုး ဖြစ်စေနိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်ချောကလက်စားပြီး မကြာခင် ကလေးကိုနို့တိုက်မိမယ်၊ နောက်ပိုင်းကလေးဝမ်းသွားတဲ့အခါမှာ ဝမ်းပျက်တဲ့ လက္ခဏာတွေ တွေ့လာရတယ်ဆိုရင်တော့ နို့တိုက်နေစဉ်ကာလတစ်လျှောက် ချောကလက်ကို လုံးဝရှောင်လိုက်ပါလို့ ပညာရှင်တွေ အကြံပေးထားပါတယ်။

နံနံပင်၊ ပူစီနံ
နံနံပင်နဲ့ ပူစီနံရွက်တွေကလည်း နို့တိုက် မိခင်တွေ ရှောင်ကြဉ်ရမယ့် အစားအသောက်များ စာရင်းမှာပါဝင်ပါတယ်။ အဆိုပါ အရွက်နှစ်မျိုးလုံးမှာ စားသုံးပြီးနောက် မိခင်ဖြစ်သူရဲ့ နို့ထွက်နှုန်းကို ကျဆင်းစေနိုင်တဲ့ ပြဿနာရှိနေပါတယ်။ ပမာဏ အနည်းငယ်လောက်စားသုံးခြင်းက သိသာတဲ့သက်ရောက်မှုမျိုး မဖြစ်စေနိုင်တာမှန်ပေမဲ့ နံနံပင် သို့ ပူစီနံ စားသုံးပြီးနောက် သင့်ရဲ့နို့ထွက်နှုန်းကို သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် ကလေးက အရင်ထက်အချိန်ကြာကြာ နို့စို့ တာ၊ မကြာခဏ ပြန်ဆာတာမျိုး စတဲ့လက္ခဏာတွေပြလာတာမျိုးဆိုရင်တော့ ပမာဏအနည်းငယ်ပဲ စားသုံးသည်ဖြစ်စေ အဆိုပါအရွက်တွေက သင့်ရဲ့နို့ထွက်နှုန်းကို ကျဆင်းစေတယ်ဆိုတာ ညွှန်ပြနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါဆိုရင်တော့ နို့တိုက် ကျွေးနေတဲ့ကာလမှာ နံနံပင်နဲ့ ပူစီနံစားသုံးမှုကို ခဏ နားထားလိုက်သင့်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းများ
မိခင်ဖြစ်သူစားသုံးလိုက်တဲ့ အစားအသောက်များကြောင့် ကလေးငယ်တွေမှာ သက်ရောက်မှုရှိစေတဲ့ အစားအသောက်များစာရင်းမှာ ထိပ်ဆုံးက ရှိနေတာက နို့နဲ့ နို့ထွက်ပစ္စည်းများ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ မိခင်နို့မဟုတ်တဲ့ အခြားနို့နဲ့နို့ထွက်ပစ္စည်းများမှာပါတဲ့ အာဟာရဓာတ်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်စေပါဘူး။ ဒါကြောင့် မိခင်ဖြစ်သူက အဆိုပါအစားအသောက်များကို စားသုံးပြီးနောက် ကလေးငယ်ကို နို့တိုက်တဲ့အခါ ကလေးတွေမှာ မအီမသာဖြစ်တာ၊ အရေပြားမှာ အနီကွက်လေးတွေ ပေါ်လာတာ၊ မအိပ်နိုင်တာ စတဲ့ လက္ခဏာတွေပြလာမယ်ဆိုရင် သင့်ကလေးရဲ့ ခန္ဓာကိုယ်နဲ့ စနစ်က နို့နဲ့နို့ထွက်ပစ္စည်းတွေကို လက်မခံလိုတဲ့ တုန့်ပြန်မှုတွေပြုလုပ်တာလို့ ယူဆရပါမယ်။ ဒါဆိုရင်တော့ နို့တိုက်နေစဉ် ကာလမှာ အဲဒီအစားအစာတွေကို ရှောင်ရပါတော့မယ်။

အယ်လ်ကိုဟော
အယ်လ်ကိုဟော ပါဝင်တဲ့ ဘယ်လို အစားအသောက်မျိုးကိုမဆို ကိုယ်ဝန်ဆောင်ထားချိန်မှာ လုံးဝ(လုံးဝ) ရှောင်ကြဉ်ရမယ်ဆိုတဲ့ အချက်ကို မိခင်တိုင်းသိရှိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ကလေးကို နို့တိုက်နေတဲ့ ကာလမှာလည်း အယ်လ်ကိုဟောက မိခင်တွေရှောင်ကြဉ်ရမယ့် နံပါတ်(၁) အရာ ဖြစ်နေဆဲပါပဲ။ အယ်လ်ကိုဟောက သင့်ရဲ့နို့မှ တစ်ဆင့်ကလေးထံကိုရောက်ရှိနိုင်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်ပေါ် စေနိုင်ပါတယ်။ လုံးဝရှောင်နိုင်ရင်အကောင်းဆုံးဖြစ်ပြီး အကယ်၍ သင်က အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာ တစ်မျိုးမျိုးကို သောက်မိမယ်ဆိုရင်တော့ အယ်လ်ကိုဟောဓာတ် သင့်ရဲ့ခန္ဓာကိုယ်နဲ့စနစ်ထဲမှာ မကျန်တော့တဲ့ အချိန်မှသာ ကလေးကို နို့ပြန်တိုက်သင့်ပါတယ်။ အယ်လ်ကိုဟောက သင့်ရဲ့သွေးထဲမှာ ၁နာရီကနေ ၂ နာရီအထိရှိနေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာတော့ သင့်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဘယ်အရာမဆို အချင်းမှတစ်ဆင့် ကလေးဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်တာကြောင့် အယ်လ်ကိုဟောပါဝင်တဲ့ အရာတွေက လုံးဝ(လုံးဝ) မထိသင့်တဲ့ အရာများဖြစ်ပါတယ်။

Citrus အုပ်စုဝင်အသီးများ
နို့စို့အရွယ် ကလေးငယ်တစ်ယောက်ရဲ့ အစာချေလမ်းကြောင်းနဲ့ အစာချေစနစ်က ဖွံ့ဖြိုးဆဲ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် မိခင်ဖြစ်သူစားသုံးလိုက်တဲ့ အစားအသောက်တွေထဲမှာပါဝင်တဲ့ အချို့သောဓာတ် ပေါင်းတွေက မိခင်နို့မှ တစ်ဆင့် ကလေးငယ်လေးဆီကိုရောက်ရှိပြီး ကလေးလေးရဲ့ အစာချေလမ်းကြောင်းကို မသက်မသာဖြစ်စေနိုင်ပါတယ်။ အထူး သဖြင့် Citrus အုပ်စုဝင်အသီးတွေဖြစ်တဲ့ သံပုရာသီး၊ လိမ္မော်သီး စတဲ့အသီးတွေက ကလေးတွေရဲ့ နုနယ်တဲ့ အစာချေစနစ်အတွက်တော့ ပြင်းထန်တဲ့ အစားအစာများလို့ ဆိုရမှာပါ။ အကယ်၍ အချဉ်ဓာတ်ကို အာသီသရှိနေတယ်ဆိုရင် အက်ဆစ်ဓာတ်အနည်းငယ်ပျော့တဲ့ နာနတ်သီး၊ သရက်သီးမှည့် စတာတွေကို အစားထိုးစားသုံးပေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။

Ref; Foods to Avoid While Breastfeeding