ဆီးချိုရောဂါရဲ့ အသံတိတ်လက္ခဏာ (၁ဝ)မျိုး

ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုက ဆီးချိုရောဂါဖြစ်ပွားနေတဲ့သူတွေမှာ ၂၅ % က ရောဂါဖြစ်နေကြောင်း မသိကြဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။ ဆီးချို ရောဂါက အစောပိုင်းရောဂါလက္ခဏာများ ပြလေ့ရှိတဲ့ရောဂါအမျိုးအစားဖြစ်သော်လည်း သိမ်မွေ့တဲ့လက္ခဏာများဖြစ်နေတာကြောင့် ဝေဒနာရှင်က အလွယ်တကူ သတိမထားမိလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ဆိုပါတယ်။ American Association of Diabetes Educators ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆီးချိုရောဂါရဲ့ အစပိုင်းလက္ခဏာတွေဆိုတာက တစ်ရက် ခင်ဗျား အိပ်ရာကထလာပြီး ရေငတ်မယ်၊ ဗိုက်အလွန်ဆာမယ်၊ ဆီးအမြဲတမ်းသွားချင်နေမယ်ဆို တဲ့ ပုံစံမျိုးမဟုတ်ပါဘူး”လို့ဆိုပါတယ်။ “တဖြည်းဖြည်းနဲ့မှ သတိပြုလာနိုင်ပြီး ဝေဒနာရှင်အများစုဟာ ရောဂါရဲ့အစပိုင်းနဲ့ အလယ်အလတ်အဆင့်မှာ တောင်မှ သူတို့မှာဆီးချိုရောဂါဖြစ်နေတာကို သတိမပြုမိကြပါဘူး”လို့ ဆက်လက်ပြောဆိုထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်နေပြီဆိုတဲ့အကြောင်း ခန္ဓာကိုယ်က အချက်ပြလာတဲ့အခါမှာ အစောပိုင်းအဆင့်မှာတင် သတိပြုမိနိုင်အောင် Harvard Medical School မှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်သူ Dr.Aaron Cypess ဆွေးနွေးပေးထားတဲ့ ဂရုစိုက်သင့်တဲ့ ဆီးချိုရောဂါရဲ့ အသံတိတ်လက္ခဏာ(၁ဝ)မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဆီးမကြာခဏသွားချင်လာခြင်း
ဆီးချိုရောဂါဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အစားအသောက်များဆီက သကြားဓာတ်ကို ဖြိုခွဲနိုင်စွမ်းတဖြည်းဖြည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးကြောတွေထဲမှာ သကြားဓာတ်တွေ စုပုံလာပြီး ခန္ဓာကိုယ်က အဆိုပါသကြားဓာတ်တွေကိုဆီးထဲက တစ်ဆင့်စွန့်ထုတ်ပစ်ဖို့ လုပ်ဆောင်လာတော့မှာဖြစ်ပြီး မကြာခဏဆီးသွားချင်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝေဒနာရှင်တော်တော်များများဟာ ပုံမှန်ထပ် ပိုပြီးဆီးသွားလာတာကို သတိပြုမိလေ့မရှိကြဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။ သူတို့ကို ဆီးသွားတဲ့ အကြိမ်အရေအတွက်နဲ့ ပတ်သက်ပြီးမေးမြန်းတဲ့အခါမှသာ အဆိုပါအချက် ကို သတိထားမိတတ်ကြတယ်လို့လည်း ဆက်လက်ပြောဆိုထားပါတယ်။ သင်ဟာ ပုံမှန်ထပ်ပိုပြီး သန့်စင်ခန်းကို သွားနေရပြီလား၊ ညဘက်တွေမှာ တစ်ခါ မက ထဖို့လိုအပ်လာပြီလား၊ ဒါဆိုရင် သင့်မှာ ဆီးချိုဝေဒနာခံစားနေရပြီဆိုတာကို ခန္ဓာကိုယ်က အချက်ပြနေတာဖြစ်ကောင်းဖြစ်နိုင်လို့ သတိထားရမယ့် အချိန်ပဲဖြစ်ပါတယ်။ 

ရေအလွန်ဆာခြင်း
ဆီးမကြာခဏသွားခြင်းကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကုန်ဆုံးလာပြီး ရေဓာတ်ကို လိုအပ်လာမှာဖြစ်ပါတယ်။ ဆရာဝန်အတော်များများ သတိပြုမိတဲ့ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခုကတော့ သာမန်ထက်ပိုပြီး ရေဆာလာတယ်ဆိုတဲ့ လူနာတွေရဲ့ အဖြေပဲဖြစ်ပါတယ်။ တစ်ချို့သော လူနာတွေမှာ အချိုရည်ကို ပိုပြီးသောက်ချင်တဲ့ စိတ်မျိုး ဖြစ်လာတတ်တယ်လို့လည်း ဆိုထားပါတယ်။ ဒီလိုသကြားဓာတ်ပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးမိတာကြောင့် ဆီးချိုရောဂါ ဖြစ်ကောင်းဖြစ်နေနိုင်တဲ့ ခန္ဓာကိုယ်မှာ သကြားဓာတ်ပိုလျှံတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ ဒါကြောင့် သင်မကြာခဏရေဆာလာတယ်၊ သကြားဓာတ်ပါတဲ့ အချိုရည်တွေကို သောက်ချင်စိတ်ပိုပြီး ဖြစ်လာတယ်ဆိုရင် ဒါက ဆီးချိုရောဂါရဲ့ နောက်ထပ်ပုန်းကွယ်နေတဲ့ လက္ခဏာတစ်ခုဖြစ်ကောင်း ဖြစ်နေနိုင်ပါယ်။ 

ကိုယ်အလေးချိန်ကျဆင်းလာခြင်း
အဝလွန်ခြင်းက ဆီးချိုရောဂါဖြစ်စေတဲ့ အဓိကတရားခံများစာရင်းမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းလာခြင်းက နောက်ကွယ်မှာ ဆီးချိုရောဂါ စတင်ဖြစ်နေပြီဆိုတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ဆက်စပ်ပြီး ကိုယ်အလေးချိန်ကျဆင်းရတဲ့အကြောင်းအရင်း ၂ ရပ်ရှိတယ်လို့ ပညာရှင်တွေဆိုပါတယ်။ ပထမအချက်အနေနဲ့  ခန္ဓာကိုယ်က ဆီးအလွန်သွားခြင်းကြောင့် ရေဓာတ်ဆုံးရှုံးသွားလို့ဖြစ်နိုင်ပြီး နောက်တစ်ချက်ကတော့ ဆီးမှတစ်ဆင့် ကယ်လိုရီတွေ ဆုံးရှုံးသွားပြီး သွေးတွင်းကသကြားထံမှာ ကယ်လိုရီတွေကို မစုပ်ယူနိုင်တော့တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှိနေကြောင်း စမ်းသပ်တွေ့ရှိပြီး သွေးတွင်းသကြားပမာဏကို ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ ဝေဒနာရှင်တွေမှာ ကိုယ်အလေးချိန်ပြန်လည်တက်လာနိုင်တယ်လို့လည်း ဆက်လက်သတိပေးထားပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါလက္ခဏာများလည်း ပြနေတယ်၊ ရုတ်တရက်ကိုယ်အလေးချိန်လည်း ကျဆင်းလာ မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် စိုးရိမ်ရမယ့် အချိန်ပါပဲ။

ကတုန်ကယင်ဖြစ်ပြီးဗိုက်ဆာခြင်း
ရုတ်တရက် ကာဗိုဟိုက်ဒြိတ်ပါတဲ့အစားအစာတွေကို စားချင်စိတ်ဖြစ်လာပြီး ကတုန်ကယင်ဖြစ်လာတယ်ဆိုရင် ဒါက သံသယဖြစ်ဖွယ် လက္ခဏာတစ်ခုလို့ သိရပါတယ်။ သွေးတွင်းမှာ သကြားဓာတ်မြင့်မားလာတဲ့အခါ ခန္ဓာကိုယ်က ဂလူးကို့စ်ကိုထိန်းသိမ်းဖို့ အခက်အခဲဖြစ်လာပါတယ်။ ကာဗိုဟိုက်ဒြိတ်ဓာတ်ကို စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်တွေထွက်လာပြီး ဂလူးကို့စ်ပမာဏက ချက်ချင်းကျဆင်းသွားမှာ ဖြစ်ပါတယ်။ သင်မသိဘဲ သင့်ခန္ဓာကိုယ်ထဲမှာ ဒီဖြစ်စဉ်ဖြစ်ပေါ်နေပြီး ကတုန်ကယင်ဖြစ်တဲ့ ခံစားချက်ကိုတော့ သင်ခံစားရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ သင်က သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ်ကို စားသုံးချင်စိတ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆာလောင်တဲ့ခံစားမှုနဲ့ ကတုန်ကယင်ဖြစ်တာမျိုး
တွဲပြီးဖြစ်လာရင် ဒါက သင်သတိထားစောင့်ကြည့်ရမယ့် နောက်ထပ်ဆီးချိုရောဂါရဲ့ လက္ခဏာ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

မောပန်းခြင်း
တစ်ခါတရံ မောပန်းတာက ကြုံတွေ့နေကျ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲလိုလိုမောပန်း နွမ်းနယ်နေသလို ခံစားနေရတယ်ဆိုရင်တော့ ဒါက အလေးထားရမယ့် ကိစ္စတစ်ခုဖြစ်လာပါပြီ။ လိုအပ်တဲ့ စွမ်းအင်ရရှိဖို့ စားသုံးလိုက်တဲ့ အစားအသောက်များက မပြိုကွဲတာကြောင့် လိုအပ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ရှိဆဲလ်တွေက မရရှိတာကြောင့်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာက ဆီးချိုအမျိုးအစား ၂ မှာဖြစ်ပွားပြီးအချိန်အတော်ကြာထိ မပေါ်လာတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ 
 
စိတ်အခြေအနေပြောင်းလဲလာခြင်း
သွေးတွင်းသကြားဓာတ်က ပုံမှန်မဟုတ်တဲ့အခါ စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုဖြစ်စေပြီး ဒေါသထွက်လွယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ပမာဏမြင့်မားနေတဲ့အခါမှာ စိတ်ကျရောဂါနဲ့ ဆင်တူတဲ့လက္ခဏာမျိုးတွေ ပြလာနိုင်တယ်လို့လည်း သိရပါတယ်။ မောပန်းပြီး အားအင်ကုန်ခမ်းနေသလို ခံစားနေရမယ်၊ တက်တက်ကြွကြွလည်းမရှိဘူး၊ အိပ်ရာထဲမှာပဲနေချင်နေမယ် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆရာဝန်တော်တော်များများ ထောက်ပြထားတဲ့အချက်ကတော့ လူနာအများစုဟာ အဆိုပါလက္ခဏာကို စိတ်ကျရောဂါနဲ့ အထင်မှားနေလေ့ရှိတတ်တယ်လို့ ဆိုပါတယ်။ 

ရောဂါကိုသိရှိပြီး သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းချုပ်နိုင်ပြီဆိုရင် အဆိုပါ စိတ်ခံစားမှုကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ခံစားမှုအခြေအနေကလည်း သင့်မှာဆီးချိုရောဂါဖြစ်နေသလားဆိုတာကို အသံတိတ်ဖော်ပြနိုင်လို့ အာရုံစိုက်သင့် ပါတယ်။

အမြင်အာရုံဝါးလာခြင်း
ဒါကဆီးချိုရောဂါကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတဲ့ Diabetic Retinopathy ကို ဆိုလိုနေတာ မဟုတ်ပါဘူး။ ဆီးချိုရောဂါ ဖြစ်ကာစ အဆင့်မှာ မျက်လုံးအတွင်းမှာ ဂလူးကို့စ်တွေ စုပုံလာပြီး ယာယီပုံစံပျက်သွားတာကြောင့် မျက်ဆန်တွင်းရှိ မှန်ဘီလူးကဆုံချက်မမှန်တော့ဘဲ အမြင်အာရုံမှုန်ဝါးတာမျိုး ဖြစ်လာနိုင်ပါတယ်။ သွေးတွင်းရှိသကြားဓာတ် ပမာဏတည်ငြိမ်သွား ပြီးနောက် ၆ ပတ်ကနေ ၈ ပတ်အတွင်းမှာ ပုံမှန်အမြင်အာရုံကိုပြန်လည်ရရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ရဲ့အမြင်အာရုံမှုန်ဝါးလာတဲ့အခါမှာလည်း အထက်ဖော်ပြပါ အခြေအနေများနဲ့ နှိုင်းယှဉ်စဉ်းစားပြီး မျက်လုံးပြဿနာလား၊ ဆီးချို ရောဂါလားဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။

ခြေထောက်ထုံလာခြင်း
သွေးတွင်းမှာ သကြားပမာဏမြင့်တက်လာ တဲ့ အခါ၊ ဆီးချိုရောဂါလို့ အမည်မတပ်နိုင်သေးခင် အချိန်မှာပဲ  ခန္ဓာကိုယ်ကို ရှုပ်ထွေးတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေပါတယ်။ အဆိုပါလက္ခဏာများထဲက တစ်ခုကတော့ အာရုံကြောအသေးစားထိခိုက် ပျက်စီးမှု ဖြစ်စေခြင်းပဲဖြစ်ပါတယ်။ အဆိုပါ အာရုံကြောပျက်စီးမှုကြောင့် ခြေထောက်တွေ ထုံလာတာမျိုး လူနာမှာခံစားရနိုင်တယ်လို့ ဆရာဝန်တွေဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့ခြေထောက်တွေ အကြောင်းအရင်းမရှိ ထုံလာတယ်လို့ ခံစားရတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်က သင့်ကိုဆီးချိုရောဂါရဲ့ လက္ခဏာတွေနဲ့ သတိပေးနေပြီလို့ ယူဆရတော့မှာပါ။

ဆီးလမ်းကြောင်းမကြာခဏပိုးဝင်ခြင်း
ဆီးထဲမှာသကြားဓာတ်ပါဝင်မှု မြင့်မားလာတဲ့အခါ ဘက်တီးရီးယားတွေရှင်သန်ပေါက်ဖွားဖို့ အခွင့်အရေးလည်း ပိုများလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို ခံစားလာရနိုင်ပါတယ်။ ပုံမှန်အားဖြင့်လည်း ဆီးလမ်းကြောင်းမကြာခဏပိုးဝင်လေ့ရှိတဲ့ လူနာတွေကို ဆရာဝန်တွေက ဆီးချိုရှိမရှိ စစ်ဆေးတာမျိုး ပြုလုပ်ရတယ်လို့ သိရပါတယ်။ဒါကြောင့် သင့်ဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို အချိန်တိုအတွင်း မကြာခဏကြုံတွေ့နေရတယ်ဆိုရင် သင့်မှာဆီးချိုရောဂါ ရှိမရှိစစ်ဆေးရတော့မယ့် အချိန်ပဲဖြစ်ပါတယ်။
Ref; 10 Silent Signs You Might Have Diabetes