ပဲအမျိုးမျိုး : ကျန်းမာရေးအာနိသင်နဲ့ သတိထားရမယ့်ပြဿနာများ

ပရိုတိန်း၊ အမျှင်ဓာတ်၊ ဗီတာမင် B ၊ သံဓာတ်၊ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အဆီပါဝင်မှုနည်းတဲ့ ပဲအမျိုးမျိုးဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံး အစားအသောက်အုပ်စုထဲမှာပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အာနိသင်တွေ ပါဝင်ပြီး ဘယ်လိုအစားအသောက်မျိုးနဲ့မဆို တွဲဖက်လို့ရတာက သူ့ရဲ့အားသာချက်ဖြစ်ပြီး စားသုံးမှုများရခြင်းရဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ပဲမှာ ကာဗိုဟိုက်ဒြိတ်နဲ့ ကစီဓာတ်ကြွယ်ဝစွာ ပါဝင်သလို၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၊Antioxidant အာနိသင်တွေလည်းရှိပါတယ်။ ဒါ့အပြင် အခြား ဟင်းသီးဟင်းရွက်အုပ်စုများနဲ့ မတူတဲ့အချက်ကပဲအမျိုးမျိုးမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းပဲဖြစ်ပါတယ်။ အဆီဓာတ်နည်းပါးကာ ကိုလက်စထရောလုံးဝမပါတဲ့ ပဲ စားသုံးခြင်းကနေရရှိမယ့် ပရိုတိန်းဓာတ်က အခြားသောအသားများကို အခြေခံပြီးရရှိမယ့် ပရိုတိန်း ဓာတ်များထက်ပိုပြီး ထူးခြားပါတယ်။ ဒါပေမဲ့ ဒီအဖိုးတန်တဲ့ အစားအစာမှာ ကျန်းမာရေးကောင်း ကျိုးတွေအပြင် တစ်ချို့သော ကျန်းမာရေးကိစ္စများနဲ့ ဆက်စပ်ပြီး သတိထားရမယ့် နောက်ဆက်တွဲပြဿနာ အချို့လည်းရှိနေပါတယ်။ ဒါကြောင့် ပဲအမျိုးမျိုးစားသုံးခြင်းကနေရရှိမယ့် ကျန်းမာရေးအကျိုးပြုအာနိသင်များနဲ့ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာ အချို့ကို ဖော်ပြပေးလိုက် ရပါတယ်။

ကျန်းမာရေး အာနိသင်များ
ပဲအမျိုးမျိုးကို သင့်ရဲ့အစားအသောက်တွေထဲမှာ မကြာမကြာထည့်သွင်းစားသောက်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အာဟာရဓာတ်များကိုဖြည့်တင်းပြီးသား ဖြစ်စေသလို ပဲမှာပါဝင်တဲ့ အချို့သော ဓာတ်ပေါင်းများက တစ်ချို့သော ရောဂါများကိုပါ ကြိုတင်ကာကွယ်ပြီး သားဖြစ်စေနိုင်ပါတယ်။

နှလုံးရောဂါ
ပဲအမျိုးမျိုးနဲ့ပတ်သက်တဲ့ သုတေသနပေါင်းများစွာပြုလုပ်ပြီးနောက် ရရှိလာတဲ့ အချက်အလက်များအရ ပဲအမျိုးမျိုးကို မကြာခဏ စားသုံးပေးလေ့ရှိတဲ့သူတွေဟာ ပဲစားသုံးမှုနည်းတဲ့ လူများနဲ့ နှိုင်းယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ပိုမိုနည်းပါးတာကိုတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိက ပဲတောင့်ရှည်မျိုးနွယ်များမှာ တွေ့ရလေ့ရှိတဲ့ Phytochemicals လို့ခေါ်တဲ့ ဇီဝဓာတ်ပေါင်းတစ်မျိုးကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်များယူဆထားပါတယ်။ Phytochemical က အပင်များမှာတွေ့ရတတ်တဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ဒီဓာတ်ပေါင်းမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါများကို တိုက်ခိုက်ကာကွယ်နိုင်စွမ်းရှိတဲ့အပြင် အခြားသော ကျန်းမာရေးအကျိုးပြု အာနိသင်များလည်း ရှိနေပါတယ်။

ကင်ဆာ
ပဲအမျိုးအစားတော်တော်များများမှာ များပြားလှစွာသော ကင်ဆာရောဂါအုပ်စုကွဲများကို တိုက်ခိုက်နိုင်တဲ့ သဘာဝဓာတုဓာတ်ပစ္စည်းတွေ ပါရှိပါတယ်။ အထူးသဖြင့် ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေတဲ့ အပင်များမှာတွေ့ရတဲ့ crysta lline compound အမျိုးအစား Isoflavones နဲ့  Phytosterols စတဲ့ဓာတ်ပေါင်းတွေ ပဲမှာပါဝင်ပြီး အဆိုပါဓာတ်ပေါင်းတွေကြောင့် ပဲအမျိုးမျိုးက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစားအသောက်အုပ်စုစာရင်းထဲကိုရောက်ရှိနေတာ ဖြစ်ပါတယ်။ 
ကိုလက်စထရော
ပဲစားသုံးခြင်းအားဖြင့် ပျော်ဝင်အမျှင်ဓာတ်လို့ အကြမ်းဖျင်းပြောရမယ့် Soluble Fibre ကို ခန္ဓာကိုယ်က ရရှိနိုင်ပါတယ်။ အဆိုပါအမျှင်ဓာတ် က သွေးတွင်း ကိုလက်စထရောပမာဏကို ထိန်းညှိ ပေးရတဲ့ဖြစ်စဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပညာရှင်တွေဆိုထားပါတယ်။ တစ်ရက်ကို အမျှင်ဓာတ် ၁ဝ ဂရမ်ခန့်စားသုံးပေးခြင်းဖြင့် LDL Cholesterol ၁ဝရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်တယ်လို့သိရပါတယ်။ခန့်မှန်းခြေအားဖြင့် ဗိုလ်စားပဲဖြူ ပန်းကန်တစ်ဝက်ခန့်မှာ ပျော်ဝင်အမျှင်ဓာတ် ၁ဝ ဂရမ်ခန့်ပါဝင်ပါတယ်။ ဒါကြောင့် သင့်ရဲ့သွေးတွင်းကိုလက်စထရောပမာဏကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအတွင်း ထိန်းသိမ်းထားလိုတယ်ဆိုရင် သင့်ရဲ့အစားအသောက်စာရင်းထဲမှာ ပဲအမျိုးမျိုးကို မကြာခဏဆိုသလို ထည့်သွင်းစားသုံးပေးသင့်တယ်လို့ ပညာရှင်တွေအကြံပြုထားပါတယ်။ 

ဆီးချိုဝေဒနာ
ပဲအမျိုးမျိုးက ဆီးချိုဝေဒနာခံစားနေရသူတွေအတွက် အလွန်အားထားရတဲ့ အစားအစာတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ သာမန်ကာဗိုဟိုက်ဒြိတ်စားသုံးပြီးနောက် ဂလူးကို့စ် ရုတ်တရက် မြင့်မားလာတဲ့ ပြဿနာမျိုးဖြစ်နိုင်ပေမဲ့ ပဲစားသုံးခြင်းကနေရရှိတဲ့ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒြိတ်ကတော့  ခန္ဓာကိုယ်တွင်းမှာ ဂလူးကို့စ်ထုတ်လုပ်မှုကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းပေးထားနိုင် တယ်လို့ ပညာရှင်တွေရှင်းပြထားပါတယ်။ ဒါကြောင့် ပဲစားသုံးခြင်းက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါလက္ခဏာကို ထိန်းချုပ်ဖြေရှင်း ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာများ
အခြားသောအစားအသောက်များလိုပါပဲ။ ပဲအမျိုးမျိုးမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အာနိသင်များစွာ ပါဝင်နေသလို အချို့သော အခြေ အနေတွေမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ချို့လည်းရှိနေပါတယ်။ အချို့ကျန်းမာရေး ပြဿနာရှိပြီးသားသူတွေမှာ ပဲစားသုံးခြင်းကြောင့် ကျန်းမာရေးအခြေအနေကို ပိုပြီးဆိုးရွားသွားစေနိုင်တာမျိုး ဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်ပညာ ရှင်များသတိပေးထားတာရှိပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ရောဂါ
လူတစ်ချို့မှာ ပဲ အမျိုးအစားတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုမျိုးရှိနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကိုဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေသတိပေးထားပါတယ်။

ဗီတာမင်စုပ်ယူမှုကို ဟန့်တားခြင်း
အချို့သော ပဲအမျိုးအစား - ဥပမာ ပဲပိစပ်မှာ စားသုံးလိုက်တဲ့ အစားအသောက်များဆီမှ Betacarotene ၊ Vitamin B12 နဲ့ Vitamin D စတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူတဲ့ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေတဲ့ ဓာတ်ပစ္စည်း
တွေပါဝင်ပါတယ်။ ဒါပေမဲ့ ချက်ပြုတ်လိုက်တဲ့အခါ အပူချိန်ကြောင့် အဆိုပါဓာတ်ပစ္စည်းတွေ အားပြယ်သွားပြီး ဗီတာမင်တွေစုပ်ယူမှုကို အနည်းငယ်သာ အနှောင့်အယှက်ပေးနိုင်တော့တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ဒါပေမဲ့ ပဲပိစပ်
စားသုံးမှုက ဗီတာမင်တွေကို ဆုံးရှုံးစေနိုင်တယ်ဆိုတာကိုတော့ သတိထားဖို့ လိုအပ်တယ်လို့ ဆက် လက်သတိပေးထားပါတယ်။ 

ဂေါက်ရောဂါ
ဂေါက်ရောဂါခံစားနေရတဲ့သူများအတွက်တော့ တစ်ချို့သော ပဲတွေက စားသုံးဖို့မသင့်ဘူးလို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။ ပဲလုံး၊ ပဲတောင့်ရှည်၊ ပဲနီကလေးနဲ့ အခြားသော ပဲအမျိုး အစားတော်တော်များများမှာ Purine လို့ခေါ်တဲ့ Uric Acid ကိုဓာတ်တိုးစေတဲ့ crystalline compound မြင့်မားစွာ ပါဝင်တာကြောင့် ရောဂါအခြေအနေကို ပိုပြီးဆိုးရွားစေနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ 

Ref;Reader’s Digest