ကလေးတွေ ပထမဆုံးသွားပေါက်တဲ့အခါ

ကလေးတစ်ယောက် ပထမဆုံးသွားပေါက်တဲ့အချိန်ဟာ မိဘဖြစ်သူအတွက်ရော ကလေးငယ်ကိုယ်တိုင်အတွက်ပါ စိတ်ရောကိုယ်ပါ မသက်မသာဖြစ်ရတဲ့အချိန်ပါပဲ။ ပုံမှန်အားဖြင့် ကလေးတစ်ယောက်ဟာ အသက် ၄ လ မှ ၇ လအရွယ်အတွင်းမှာ သွားစတင်ပေါက်လေ့ရှိပါတယ်။ သွားဖုံးထဲကနေ သွားကစတင်ပြီး တိုးထွက်လာမှာဖြစ်တာကြောင့် ဒီဖြစ်စဉ်က ကလေးငယ်လေးအတွက်တော့ နာကျင်တဲ့ဝေဒနာကိုဖြစ်ပေါ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် သွားပေါက်တဲ့ကာလမှာ ကလေးတွေဟာ အငိုသန်လာတာ၊ ဂျီကျတာမျိုးတွေ ပိုလုပ်တာတတ်ကြပြီး တစ်ချို့မှာတော့ နာကျင်မှုဝေဒနာကြောင့် ကိုယ်ပူပြီး မအီမသာဖြစ်တာမျိုးတောင်ကြုံတွေ့ရတတ်ပါတယ်။ ကလေးတစ်ယောက်အတွက် ပထမဆုံးသွားပေါက်ချိန်ဟာ ပထမဆုံးလမ်းစလျှောက်ချိန်လို၊ စကားစပြောချိန်လိုမျိုးပဲ အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒီကာလမှာ သူ့အတွက် နာကျင်မှုအနည်းဆုံးနဲ့ သက်သက်သာသာဖြစ်စေဖို့ မိဘများက ဘယ်လို ကူညီပေးနိုင်ပါသလဲ။

လက္ခဏာများ
ပထမဆုံးအနေနဲ့ ကလေးမှာသွားပေါက်ဖို့ အစပြုနေပြီဆိုတာကို မိဘဖြစ်သူက သတိထားမိဖို့ လိုအပ်ပါတယ်။ တစ်ချို့ကလေးတွေမှာ သွားတစ် ချောင်းတည်း စတင်ပေါက်တာမျိုးရှိသလို တစ်ချို့ကလေးတွေမှာတော့ တစ်ပြိုင်တည်း တစ်ချောင်းထပ်ပိုပြီး ပေါက်လာတာမျိုးလည်းရှိပါတယ်။ တစ်ချို့ကလေးတွေမှာတော့ သွားပေါက်တဲ့အချိန် မှာ ပြဿနာအနည်းငယ်ရှိနိုင်ပြီး တစ်ချို့ကလေး တွေမှာတော့ သက်သက်သာသာနဲ့ သွားပေါက်တဲ့ဖြစ်စဉ်တစ်ခုလုံးပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ပထမဆုံးသွားပေါက်တဲ့အချိန် ကလေးအများစုမှာတွေ့ရလေ့ရှိတဲ့ လက္ခဏာတစ်ချို့ရှိပါတယ်။
- သွားရေကျခြင်း
- သွားဖုံးရောင်ခြင်း၊ သွားဖုံးရဲ့ အချို့နေရာတွေကြွလာခြင်း
- ကလေးက ပုံမှန်မဟုတ်ဘဲ ဂျီကျလာခြင်း
- အိပ်ပျော်ဖို့ ခက်ခဲလာခြင်း
- မြင်သမျှကို ပါးစပ်ဖြင့်ကိုက်ဖို့ ကြိုးစားလာခြင်း
- မျက်နှာကို မကြာခဏပွတ်ခြင်း
- အစားမစားတော့ခြင်း
- နားရွက်တွေကိုမကြာခဏဆွဲနေခြင်း 
စတာတွေက သွားပထမဆုံးပေါက်တဲ့ ကလေးအများစုမှာတွေ့ရလေ့ရှိတဲ့ အမူအကျင့်များဖြစ်ပါတယ်။ တစ်ခါတရံ အဆိုပါလက္ခဏာတွေက သွားပေါက်ခြင်းနဲ့ မသက်ဆိုင်ဘဲ အခြားအကြောင်းများကြောင့်လည်း ဖြစ်နိုင်တာကြောင့် မိဘဖြစ်တဲ့သူက ကိုယ့်ကလေးငယ်ကို သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

ကလေးမှာ သွားစပေါက်နေပြီး နာကျင်မှုလည်းခံစားနေရတယ်ဆိုရင် အဆိုပါဝေဒနာကို သက်သာစေဖို့ အောက်ဖော်ပြပါ နည်းလမ်းတစ်ချို့ကို အသုံးပြုနိုင်ပါတယ်။

ကိုက်စရာပေးထားပါ
သွားစတင်ပေါက်ဖို့ အစပြုနေတဲ့အချိန်မှာ ကလေးက အရာဝတ္ထုတွေကို ပါးစပ်ထဲထည့်ပြီး ကိုက်ဝါးဖို့ ကြိုးစားလာနိုင်ပါတယ်။ သူတို့ရဲ့အရုပ်လေးတွေ၊ စောင်တွေ၊ အဝတ်တွေ၊ တစ်ခါတလေ သင့်ကိုတောင် သူတို့ရဲ့ပါးစပ်ကလေးနဲ့ ကိုက်ဝါးဖို့ ကြိုးစားကောင်း ကြိုးစားနိုင်ပါတယ်။ ဒီအချိန်မှာ သူတို့ကို တားမြစ်ဖို့ မကြိုးစားသင့်ဘူးလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အရာဝတ္ထုတွေကို ကိုက်ဝါးခြင်းက သွားဖုံးတွေရဲ့ နာကျင်မှုကို သက်သာစေနိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဘက်တီးရီးယားနဲ့ အခြားဖုန်မှုန့်၊ ပိုးမွှားတွေရဲ့အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် သန့်စင်ပြီးနူးညံ့တဲ့ပိတ်စကို ရေအေးလေး ဆွတ်ပြီး ကိုက်ဖို့ပေးထားတာမျိုးလုပ်နိုင်သလို ကလေးတွေကိုက်ဖို့ ပြုလုပ်ထားတဲ့ ပစ္စည်းလေးတွေကိုလည်း ပေးထားနိုင်ပါတယ်။ 

သွားဖုံးတွေကို နှိပ်ပေးပါ
နာကျင်မှုသက်သာအောင် ကလေးရဲ့သွားဖုံးတွေကို အသာအယာနှိပ်နယ်ပေးတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီး လူကြီးတွေမှာ နာကျင်ကိုက်ခဲနေတဲ့နေရာကို နှိပ်နယ်ပေးရင် ဝေဒနာသက်သာသလို ကလေးငယ်လေး တွေမှာလည်း လူကြီးတွေလိုပဲ တူညီတဲ့ သက်ရောက်မှုမျိုးရှိပါတယ်။ ကလေးရဲ့သွားဖုံးကို သေသေချာချာကြည့်ပြီး သွားထွက်လာမယ့် နေရာနားတဝှိုက်ကို ညင်ညင်သာသာနှိပ်နယ်ပေးကြည့်ပါ။ နာကျင်မှုဝေဒနာ အနည်းငယ်သက်သာသွားတာကြောင့် ကလေးက အချိန်အတိုင်းအတာတစ်ခုအထိ ဂျီကျတာ၊ ငိုတာ၊ အီနေတာမျိုး မလုပ်တော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကလေးရဲ့သွားဖုံးကိုမနှိပ်ခင်မှာ သင့်ရဲ့လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောဖို့ကိုတော့ မမေ့သင့်ပါဘူး။

ချီပွေ့ချော့မြူပေးပါ
သွားဖုံးအတွင်းထဲကနေ သွားက တိုးထွက်လာနေတဲ့ဒဏ်ကြောင့် နာကျင်မှုခံစားနေရတဲ့ ကလေးငယ်က သာမန်ထက်ပိုပြီး အငိုသန်လာတာ၊ ဂျီကျပြီး အီနေတဲ့အခါ သူ့ကိုအရင်ထက်ပိုပြီးဂရုစိုက်ပေးကြည့်ပါလို့ ကျွမ်းကျင်သူတွေ အကြံပေးထားပါတယ်။ ကလေးကို အရင်ကထက် ပိုပြီး ပွေ့ချီချော့မြူပေးတာမျိုး ပြုလုပ်ပေးသင့်ပြီး ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် နာကျင်မှုဝေဒနာကနေ အာရုံလွဲပေးနိုင်ပါတယ်။ မိဘဖြစ်သူရဲ့ ဂရုစိုက်မှုက ကလေးကို သက်တောင့်သက်သာဖြစ် စေပြီး နာကျင်မှုကြောင့် မကြည်မလင်ဖြစ်နေတဲ့ ကလေးရဲ့ စိတ်ခံစားမှုကိုလည်း ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ 

ခံတွင်းကိုသန့်စင်ပေးပါ
သွားဖုံးအတွင်းထဲက သွားက သွားဖုံးကို ထိုးခွဲပြီး မျက်နှာပြင်ပေါ်ကိုရောက်လာပြီဆိုရင် ကလေးရဲ့သွားဖုံးသန့်ရှင်းရေးကို အရင်ထပ်ပိုပြီး ဂရုစိုက်ပေးရမယ့်အချိန်ကို ရောက်ပါပြီ။ သွားနဲ့ သွားဖုံးကြားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပြီး အခန့်မသင့်ရင်ပိုးဝင်ပြီး ရောင်ရမ်းတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ သွားမပေါက်ခင်မှာကတည်းက ကလေးရဲ့သွားဖုံးကို သန့်စင်ပေးဖို့လိုအပ်ပြီး နူးညံ့တဲ့ရေစိုသဘက် လေးနဲ့ သွားဖုံးကိုသန့်ရှင်းပေးနေစဉ်မှာ တစ်လက်စတည်း နှိပ်နယ်ပေးတာပါ ပြုလုပ်သင့်ပါတယ်။ ကလေးရဲ့ပထမဆုံးသွားလေးပေါက်ပြီးပြီဆိုရင်တော့ ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်တံကို စတင်အသုံးပြုပြီး သန့်ရှင်း ရေးပြုလုပ်ပေးလို့ရပါပြီ။

ဆေးဝါးအကူအညီယူပါ
အကယ်၍ သွားပေါက်တဲ့ဖြစ်စဉ်မှာ သွားဖုံးတွေအလွန်ရောင်လာတဲ့အခါ၊ ကလေးက ဝေဒနာအရမ်းခံစားရတဲ့ပုံပြတဲ့အခါမှာ ကလေးတွေအတွက်ထုတ်လုပ်ထားတဲ့ အကိုက်အခဲပျောက်ဆေးကို အသုံးပြုပေးနိုင်ပါတယ်။ သင့်ရဲ့ကလေးဆရာဝန်ကို ဒီလိုအခြေအနေမှာ ဘယ်လိုဆေးဝါးမျိုးသုံးသင့်သလဲဆိုတာကို ပုံမှန်ဆေးခန်းပြရတဲ့ အချိန်တစ်ချိန်ချိန်မှာ ကြိုတင်ပြီးမေးမြန်းထားတာမျိုးလည်း ပြုလုပ်ထားသင့်ပါတယ်။ သင့်ရဲ့ကလေးလေး ပထမဆုံးသွားပေါက်တဲ့အချိန်ကာလက အထက်မှာပြောထားခဲ့ပြီးသလိုပဲ အနည်းငယ်ပိုအလုပ်များကာ စိတ်ဖိစီးရတဲ့ အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါကာလက ခေတ္တသာဖြစ်ပြီး အဆုံးမှာတော့ သွားသေးသေးလေးတွေနဲ့ ရယ်ပြပြုံးပြနေတဲ့ ကလေးလေးကို မြင်ရတဲ့အခါမှာ သင်အားလုံးကိုမေ့သွားပါလိမ့်မယ်။ 

သတိထားသင့်တဲ့ လက္ခဏာများ
ဒီကာလမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေကို လည်း မိဘတော်တော်များများက သွားပေါက်ခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေလိုယူဆပြီး ခပ်ပေါ့ပေါ့နေမိတတ်ပါတယ်။ ဒါပေမဲ့ ကလေးဆရာဝန် တွေ သတိပေးတာတာကတော့ အဆိုပါလက္ခဏာတွေက သွားပေါက်ခြင်းနဲ့ ဆက်စပ်မှုမရှိဘူးလို့ သတိပေးထားပါတယ်။ ဖြစ်နိုင်ချေရှိတာက ကလေးက သွားပေါက်နေတဲ့အချိန်မှာ အရာဝတ္တုတွေကို ပါးစပ်ထဲထည့်ပြီး ကိုက်ဖို့ကြိုးစားနေတာကြောင့် အဆိုပါပစ္စည်းများဆီက ဘက်တီးရီးယား နဲ့ အခြားရောဂါပိုးမွှား ၊ အညစ်အကြေးတွေကြောင့် ကလေးက ဝမ်းပျက်ဝမ်းလျှောတာ၊ အဖျားတက်တာ၊ နှာရည်ယိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အကယ်၍ ကလေးမှာအဆိုပါ ရောဂါလက္ခဏာတွေ တစ်ရက်ထပ်ပိုပြီးဖြစ်နေပြီဆိုရင် သက်ဆိုင်ရာဆရာဝန်ဆီ သွားရောက်ပြသပါလို့ ပညာရှင်တွေတိုက်တွန်းထားပါတယ်။ 
5 Ways to Relieve Your Child’s Teething Pain