ကလေးကို ပထမဆုံး ကျွေးသင့်တဲ့ အစားအစာများ

ကလေးတွေကို မွေးကာစ အရွယ်မှစပြီး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးဖို့လိုအပ်ပြီး၊ မိခင်နို့မှတစ်ဆင့် ကလေးတစ်ဦး ဖွံ့ဖြိုးကြီးထွားဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် သူရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ ပဋိပစ္စည်းတွေကိုပါရရှိနိုင်ပါတယ်။ အသက် ၆ လပြည့်ပြီးနောက်မှာတော့ ကလေးရဲ့ ခန္ဓာကိုယ်က မိခင်နို့အပြင် ပြင်ပက အခြားအစားအသောက်များ ကိုပါ စတင်ပြီး လက်ခံဖို့ အဆင်သင့်ဖြစ်စပြုပါပြီ။ ဒီအချိန်က သင့်ရဲ့ကလေး ကျန်းမာဖို့၊ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့  အာဟာရတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေစုံစုံလင်လင်ရရရှိဖို့ လိုအပ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မိခင်နို့တိုက်ခြင်းအပြင် အာဟာရဓာတ်စုံလင်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ဂရုတစိုက်ရွေးချယ်ပြီး စတင် ကျွေးရတော့မယ့် အချိန်လည်း ဖြစ်ပါတယ်။ ကလေးလေးကို ဘာကျွေးရမလဲဆိုပြီး စိတ်ပူနေမယ့် မိဘများအတွက် အာဟာရဗေဒပညာရှင်များနဲ့ ကလေးအထူးကုဆရာဝန်များ ထောက်ခံချက်ပေးထားတဲ့ သင့်ရဲ့ကလေးကို ပထမဆုံးစတင်ကျွေးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ထောပတ်သီး
အနောက်နိုင်ငံက မိခင်အများစုကတော့ ကလေးငယ်တွေကို မိခင်နို့မဟုတ်ဘဲ ပထမဆုံးပြင်ပအစား အသောက်တွေ ကျွေးတော့မယ်ဆိုတဲ့ အခါမှာ ထောပတ်သီးကို ရွေးချယ်လေ့ရှိပါတယ်။ ကလေးငယ်တွေအတွက် သင့်တော်တယ်လို့ ဆရာဝန်တွေနဲ့ အာဟာရဗေဒပညာရှင်တွေရဲ့ ထောက်ခံချက်ရရှိထားတဲ့ ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကလေးတွေရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ Unsaturated Fats တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီးက သဘာဝအရ နူးညံ့ပျော့ပြောင်းတာကြောင့် အစာအမာ ပထမဆုံးစားမယ့် ကလေးငယ်အတွက်လည်း စားဖို့လွယ်ကူသလို သူတို့ရဲ့ နုနယ်သေးတဲ့ အစာချေစနစ်အတွက်လည်း သင့်တော်ပါတယ်။ ပညာရှင်တွေ ကလေးကို ထောပတ်သီးကျွေးဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းကတော့ ထောပတ်သီးမှာ ဖွဲ့စည်းပါဝင်နေတဲ့ အဆီဓာတ်တွေက မိခင်နို့မှာဖွဲ့စည်းပါဝင်တဲ့ အဆီဓာတ်နဲ့ သဘောတရားခြင်း ဆင်တူနေတာကြောင့် ဖြစ်ပါတယ်။ အစပထမပိုင်းမှာ ကလေးငယ်ကို ကျွေးမယ့်ထောပတ်သီးကို ကြေညက်နေအောင်ချေပေးဖို့တော့  လိုအပ်ပါလိမ့်မယ်။ 

ငှက်ပျောသီး
နောက်ထပ် သင်ရွေးချယ်နိုင်တဲ့ အသီးကတော့ ငှက်ပျောသီးဖြစ်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးက ဖွံ့ဖြိုးကာစ ကလေးငယ်ရဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ကျန်းမာရေးအတွက် အလွန်ကိုသင့်တော်ပါတယ်။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေအပြင် ဗီတာမင် C နဲ့ ဗီတာမင် B6 ကဲ့သို့သော ကိုယ်ခံစွမ်းအားကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိတဲ့ ဗီတာမင်တွေပါဝင်ပါသေးတယ်။ ဒါ့အပြင် ငှက်ပျောသီးရဲ့ ပျော့ပြောင်းနူးညံ့တဲ့အသားနဲ့ ချိုမြတဲ့ အရသာက ပြင်ပအစားအစာစတင်စားရမယ့် ကလေးလေးအတွက် စားဖို့ လွယ်ကူစေနိုင်ပါတယ်။ 

ဘရိုကိုလီ
ဘရိုကိုလီ (သို့)ပန်းပွင့်စိမ်းတွေမှာ စွမ်းအားမြင့်တဲ့ Antioxidant အမျိုးအစား အတော်များများပါဝင်ပြီး အမျှင်ဓာတ်၊ ကယ်လ်ဆီယမ် နဲ့ Folate စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်တာကြောင့် ကင်ဆာရောဂါကိုတောင် တားဆီးကာကွယ်ပေး နိုင်တဲ့ အစားအစာတစ်မျိုးအဖြစ် ပညာရှင်တွေ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အာဟာရတန်ဖိုးမြင့်မားတဲ့ ပန်းပွင့်စိမ်းကို ကလေးငယ် အစာအမာ စတင်စားနိုင်တဲ့ အရွယ်ရောက်ပြီဆိုတာနဲ့ ကျွေးပေးသင့်တယ်လို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။ ကလေးလေးကို သူစားနေကျ အစားအသောက်များရဲ့အရသာနဲ့ ကွဲထွက်နေတဲ့ ပန်းပွင့်စိမ်းလို ဟင်းသီးဟင်းရွက်မျိုးကို စတင် မိတ်ဆက်ပေးခြင်းက ဟင်းသီးဟင်းရွက်ကို ငယ်စဉ်ကတည်းက စားတတ်တဲ့ အကျင့်ရအောင် လေ့ကျင့်ပေးထားရာလည်းရောက်ပါတယ်။ စင်ကြယ်အောင် ရေဆေးသန့်စင်ထားတဲ့ ပန်းပွင့်စိမ်းတွေကို နူးအိသွားအောင်ပြုတ်ပြီး ကြိတ်ချေပြီး ကျွေးပေးရမှာပါ။ ထမင်း ဒါမှမဟုတ် အခြားဟင်းသီး ဟင်းရွက်၊ စွပ်ပြုတ်များနဲ့ ရောစပ်ပြီးလည်း ကျွေးလို့ရပါသေးတယ်။ 

ပဲနီကလေး
ကလေးငယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ်ရရှိဖို့ ပဲနီကလေးကို သင်ရွေးချယ်နိုင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တဲ့ ပဲနီကလေးဟာ ပဲအမျိုးအစား အားလုံးထဲမှာ အသက်ငယ်ရွယ်တဲ့ ကလေးငယ်လေးအတွက် အသင့်တော်ဆုံး ပဲတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ ပဲနီကလေးက အခြားသော ပဲများထက် ချက်ပြုတ်ရ ပိုမိုလွယ်ကူတာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များနဲ့ ရောစပ်ပြီး နူးသွားအောင် ပြုတ်ပြီး ကျွေးနိုင်သလို အလွယ်ဆုံး ထမင်းနဲ့ရောပြုတ်ကာ ကျေအောင်ချေပြီး ကျွေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 

အသား
ကလေးကို ကျွေးမယ့် မိခင်နို့ မဟုတ်တဲ့ ပထမဆုံး အစားအသောက်တွေထဲမှာ အသားတစ်မျိုးမျိုးကို ထည့်သွင်းကျွေးပေးဖို့ ကလေးဆရာဝန်တွေ တိုက်တွန်းလေ့ရှိပါတယ်။ သံဓာတ်ချို့တဲ့ခြင်းက ကလေးကို သွေးအားနည်းရောဂါဖြစ်စေနိုင်
တာကြောင့် သံဓာတ်ရရှိနိုင်မယ့် အသားကို မပါမဖြစ် ထည့်သွင်းကျွေးမွေးပေးဖို့ လိုအပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ အသားမှ သံဓာတ်အပြင် ပရိုတိန်း၊ ဇင့် စတဲ့ ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ရရှိနိုင်ပါတယ်။ အသားကို ကလေးရဲ့ပထမဆုံးပြင်ပအစားအစာအဖြစ် ကျွေးပေးသင့်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ကလေးရဲ့ခန္ဓာကိုယ်က အသားမှာပါတဲ့ သံဓာတ်ကို အခြားအစားအစာများမှာပါတဲ့ သံဓာတ်ထက် ပိုပြီးစုပ်ယူဖို့ လွယ်ကူတာကြောင့် ဖြစ်ပါတယ်။ 

ဒိန်ချဉ် 
ကလေးအသက် ၆ လမပြည့်ခင်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကျွေးမွေးဖို့ မသင့်တော်တဲ့ အစားအသောက်စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ အသက် ၆လကျော်ပြီးနောက် ကလေးလေးရဲ့ အစာချေစနစ်က နွားနို့မှာပါဝင်တဲ့ ပရိုတိန်းကို ချေဖျက်နိုင်အောင် ဖွံ့ဖြိုးလာပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာကြံ့ခိုင်တဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးလာဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ စတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ ဒိန်ချဉ်ကလည်း ကလေးကိုကျွေးပေးသင့်တဲ့ အစား အစာတစ်မျိုးဖြစ်လာပါတယ်။ ဒိန်ချဉ်မကျွေးခင်မှာ သင့်ရဲ့ကလေးက နွားနို့နဲ့ တည့်မတည့်၊ သူ့ရဲ့ ခန္ဓာကိုယ်က နွားနို့ကို လက်ခံဖို့ အဆင်သင့်ဖြစ်မဖြစ်ကို သေချာသိထားအောင် ပြုလုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ 
Ref ; Best Foods for Baby