ပီကေဝါးခြင်းရဲ့ ကောင်းကျိုးများ

အရေးပေါ်အခြေအနေတွေမှာ ခံတွင်းရနံ့ သန့်ရှင်းလတ်ဆတ်သွားအောင် အသုံးပြုဖို့၊ တစ်ခါတစ်ရံ အပျင်းပြေဝါးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သင့်အိတ်ထဲမှာ ပီကေကို ဆောင်ထားလေ့ရှိပါသလား။ အကယ်၍ သင့်အဖြေက ဆောင်ထားလေ့ရှိပါတယ်ဆိုရင် သင့်အိတ်ထဲက ပီကေက သင်ထင်ထားသလို ခံတွင်းရနံ့ကို ကောင်းမွန်စေရုံ၊ အပျင်းပြေစေရုံ သက်သက်ပဲ အသုံးဝင်တာမဟုတ်ဘူးလို့ ဆိုပါရစေ။ ပီကေဝါးခြင်းကနေ သင်လုံးဝ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ 

မှတ်ဥာဏ်စွမ်းရည်
၂ဝ၁၁ ခုနှစ်၊ St.Lawrence University မှ စိတ်ပညာရှင်တွေ ဦးဆောင်ပြီးပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှတဆင့် ပီကေဝါးနေချိန်မှာ လူတွေဟာ သိမြင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ သိသိသာသာ ပိုမိုကောင်းမွန်လာပြီး မေးခွန်းတွေကို ဖြေဆိုရာမှာလည်း ပိုမိုတိုးတက်လာတာကိုတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဥာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုမြင့်တက်လာစေတာက ပီကေဝါးနေချိန်မှာ နှလုံးခုန်နှုန်းပိုမြန်လာပြီး သွေးစီးဆင်းမှုကို ပိုများလာစေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ စမ်းသပ်မှုပြုလုပ်နေစဉ် ရယူထားတဲ့ ဆေးဘက်ဆိုင်ရာမှတ်တမ်းများ အရလည်း မှတ်ဥာဏ်၊ စိတ်ခံစားမှု၊ အာရုံစူးစိုက်မှု စတဲ့အရာတွေကို အလိုအလျောက်ဖြစ်ပေါ်စေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Hippocampus ဧရိယာက ပီကေဝါးနေချိန်မှာ သိသိသာသာ အလုပ်လုပ်ပြီး ဦးနှောက်ဆီသို့ အောက်ဆီဂျင်ရောက်ရှိ နှုန်းကလည်း သာမန်အချိန်ထက် ၂၅ % ကနေ ၄ဝ % အထိတိုးတက်လာတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ပီကေဝါးခြင်းက သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်စေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ဖိစီးမှု
အထက်မှာဖော် ပြခဲ့ပြီးဖြစ်တဲ့ လေ့လာမှုကပဲ ပီကေဝါးခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန် စိတ်ကို လျော့နည်းစေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုမှာ ပီကေစားသူနဲ့လုံးဝ မစားသူတွေကို ၁၄ ရက်ကြာ စောင့်ကြည့်မှတ်တမ်းယူခဲ့ပြီးနောက် ပီကေဝါးလေ့ရှိသူတွေဟာ အခြားသူများနဲ့ နှိုင်းယှဉ်တဲ့အခါ စိုးရိမ်ကြောင့်ကြ စိတ်အတိုင်းအတာ ပိုမိုနည်းပါးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်ခံစားမှုပိုင်းမှာလည်း ပိုမိုကောင်းမွန်နေတတ်တာကို တွေ့ရှိခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှု အတိုင်းအတာလည်း သိသိသာသာလျော့နည်းနေခဲ့တယ်လို့ ဆက်လက်ဆိုထားပါတယ်။ ဒါကြောင့် ပီကေဝါးခြင်းက ဖိစီးမှုကို ဖြစ်ပေါ်ခံစားရစေတဲ့ Cortisol ဟော်မုန်းကို လျော့ချပေးနိုင်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပြီး လူအချို့ပြောလေ့ရှိတဲ့ ပီကေဝါးခြင်းက စိတ်ငြိမ်စေနိုင်တယ်ဆိုတဲ့ အဆိုကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

ကိုယ်အလေးချိန်
ပီကေဝါးခြင်းက ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်ဆိုပြီး သင်ဖတ်လိုက်ရတာကြောင့် ဇဝေဇဝါ ဖြစ်သွားပါသလား။ သိပံ္ပနည်းကျ လေ့လာပြီးနောက် ရရှိလာတဲ့ အချက်အလက်များနဲ့ မှတ်တမ်းများက ပီကေဝါးခြင်းက ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်ဆိုပြီး ဖော်ပြနေပါတယ်။ ပီကေဝါးနေခြင်းကြောင့် အခြားသွားရည်စာများ စားသုံးခြင်းကို ကန့်သတ်ပြီးသား ဖြစ်သွားစေတာကြောင့် နေ့စဉ်စားသုံးနေကျ ကယ်လိုရီပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါ့အပြင် ပီကေဝါးနေခြင်းဖြင့် သင့်ဦးနှောက်ကို အစားတစ်မျိုးမျိုးစားသုံးနေကြောင်း အချက်ပြနေတာကြောင့် တကယ့်အစားအသောက် စားလိုစိတ် ဖြစ်ပေါ်မလာအောင် တားဆီးပြီးသားလည်း ဖြစ်စေသလို အစားစားချိန်မှာလည်း ပုံမှန်စားသုံးနေကြ ပမာဏကိုတောင် ခန္ဓာကိုယ်က မတောင်းဆိုတော့တာကို တွေ့ရှိခဲ့ရတယ်လို့ လေ့လာမှု ပြုလုပ်ခဲ့တဲ့ ပညာရှင်တွေပြောဆိုခဲ့ပါတယ်။ နေ့လယ်စာ စားချိန်မှာ  ပီကေဝါးလေ့ရှိသူတွေဟာ ပီကေလုံးဝ မဝါးသူများထက် ကယ်လိုရီစားသုံးမှု နှုန်း ၆၇% ခန့် လျော့နည်းနေတတ်တာကိုလည်း University of Rhode Island မှ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပီကေဝါးခြင်းက သင့်ရဲ့ ကိုယ်အလေးချိန်ကို အမှန်တကယ်ကို ကျဆင်းစေနိုင်တယ်လို့ ဆိုနိုင်ပါပြီ။

ပျို့အန်ခြင်း
မနက်ခင်း သွားတိုက်တဲ့အခါ၊ ဒါမှမဟုတ် ကား၊ လေယာဉ်၊ သင်္ဘောစီးတဲ့အခါ ပျို့အန်ချင်သလိုဖြစ်နေတဲ့ ပြဿနာကို ရင်ဆိုင်နေရပါသလား။ ဆေးဖက်ဝင် အသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီကေ ဒါမှမဟုတ်လည်း ပူရှိန်းပီကေတွေက သင့်အတွက် အဖော်မွန်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပီကေဝါးခြင်းက တံတွေးထွက်နှုန်းကို များပြားစေပြီး အစာချေဖျက်ခြင်း လုပ်ငန်းကို အထောက်အကူဖြစ်စေနိုင်တာကြောင့် အစာ အိမ်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ အချို့ကျွမ်းကျင်သူတွေက မူးဝေအော့အန်ခြင်းကို ကုသတဲ့ဆေးဝါးများထက် ပီကေဝါးခြင်းကို ပိုပြီးတိုက်တွန်းအားပေးလေ့ရှိပါတယ်။ လေ့လာမှုတစ်ခုမှာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသမီးတွေကို မူးဝေအော့အန်တဲ့ဝေဒနာကို သက်သာစေဖို့  ပူစီနံ
နဲ့ပြုလုပ်ထားတဲ့ ပီကေအသုံးပြုတဲ့ အုပ်စုနဲ့ ဆေးဝါးအသုံးပြုတဲ့ အုပ်စုအဖြစ် ခွဲပြီးလေ့လာခဲ့တဲ့အခါ ပီကေဝါးတဲ့ လူနာတွေရဲ့ ၇၅ % ဟာ ၁ဝ မိနစ်အတွင်းမှာ ဝေဒနာသက်သာလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဆေးဝါးအသုံးပြုတဲ့သူတွေမှာတော့ ၃၇% လောက်ပဲ ဝေဒနာက သက်သာတာကို တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။ လေ့လာမှုများစွာပြုလုပ်ပြီးနောက် ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပြီး ကုန်ကျစရိတ်သက်သာကာ ထိရောက်မှုရှိတာကြောင့် ဆရာဝန်တွေ အူလမ်း
ကြောင်းခွဲစိတ်ထားတဲ့ လူနာတွေကို အစာချေစနစ်ကို ပြန်လည်နှိုးဆွပေးဖို့ ပီကေဝါးဖို့ လမ်း ညွှန်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Acid Reflux  
အစာအိမ်ထဲမှာ အစာခြေရည်တွေ အထက်ကို ဆန်တတ်လာတာကြောင့် ရင်ပူ၊ ဗိုက်အောင့်ပြီး ပျို့အန်ချင်တဲ့ ပြဿနာကိုလည်း ပီကေဝါးခြင်းဖြင့် ဖြေရှင်းလို့ရပါတယ်။ အစာအိမ်ထဲက အစာခြေအရည် တစ်နည်းအားဖြင့် အက်စစ်တွေ အစာရေမြိုပြွန်အတွင်း ဆန်တက်လာတာကြောင့် ရင်ပူပြီး မအီမသာဖြစ်ခြင်းကို Acid Reflux ဆိုနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ သဘောတရားအရ ပီကေဝါးတဲ့အခါ ခံတွင်းထဲမှာ တံတွေးပိုထွက်လာပြီး အဆိုပါတံတွေးက အယ်ကာလိုင်းဖြစ်သွားကာ အစာအိမ်နဲ့ အစာရေမြိုပြွန်တလျှောက်က အက်စစ်တွေကို အာနိသင်ပြယ်သွားစေနိုင်တာကြောင့်  ခံစားနေရတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။


နားအူခြင်း
မြေမျက်နှာ အနိမ့်အမြင့်မတူတဲ့နေရာတွေကို ခရီးသွားတဲ့အခါ လေထုဖိအား အပြောင်း အလဲကြောင့် နားအူတာ၊ နားပိတ်တာမျိုး သင်ကြုံဖူးမှာပါ။ လေယာဉ်စီးပြီး ခရီးသွားတဲ့အခါမှာ နားအူတဲ့ပြဿနာက ပိုသိသာပါတယ်။ ပီကေဝါး တဲ့အခါ မေးရိုးတွေကို လှုပ်ရှားနေရကာ တံတွေးထုတ်လုပ်နေရတာကြောင့် သင့်ရဲ့နားအတွင်းက ဖိအားကို ပြင်ပက ပြောင်းလဲသွားတဲ့ လေထုဖိ အားအတိုင်း တဖြည်းဖြည်း လိုက်ပါပြောင်းလဲသွားအောင် ကူညီပေးနိုင်ပြီး နားအူ၊ နားကိုက်တဲ့ ဝေဒနာကိုသက်သာစေနိုင်ပါတယ်။ အကယ်၍ သင်က လေယာဉ်စီးရတာကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်နေရင် ပီကေဝါးခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သလို လေယာဉ်မူးတတ်တဲ့ ပြဿနာရှိရင်လည်း အထက်မှာဖော်ပြခဲ့ပြီးသလို ပီကေဝါးခြင်းက ရွေ့လျားမှုကြောင့်ဖြစ်တတ်တဲ့ မူးဝေအော့အန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါသေးတယ်။ သင်ပြုလုပ်ရမှာက လေယာဉ်ပေါ် မတတ်ခင် ဒါမှမဟုတ် မြေမျက်နှာအနိမ့်အမြင့်မတူတဲ့ ဒေသတွေကို ခရီးသွားတော့မယ်ဆိုရင် မသွားခင်မှာ သင်စားနေကျ ပီကေတစ်မျိုးမျိုးကို ကြိုတင်ဆောင်သွားရုံပါပဲ။
Ref ; Reader’s Digest