ရှားစောင်းလက်ပပ်နဲ့ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင်

ကိုယ်အလေးချိန်တွေ ဆက်တိုက်တိုးနေလို့ သောကတွေများနေရပြီလား။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်တယ်၊ အစားအစာတွေကို စနစ်တကျ စားသောက်တယ်ဆိုပေမယ့် ဘာမှလည်း ထူးခြားမလာပါဘူးလို့ တွေးနေမိပြီလား။ အဖြေက ‘Yes’ ဆိုရင်တော့ လုပ်ဖို့လိုတာ တစ်ခုက အစွမ်းထက် အပင်တစ်မျိုးဖြစ်တဲ့ Aloe Vera ခေါ် ရှားစောင်းလက်ပပ်ပင်ကို အသုံးပြုပြီး ထိထိရောက်ရောက် ကိုယ်အလေးချိန်ကျဆင်းမယ့် အစီအစဉ်ကို လေ့လာဖို့ပါဘဲ။ သိထားပြီးကြတဲ့အတိုင်း ရှားစောင်းလက်ပပ်ပင်ဆိုတာက ဆေးဘက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်သလို အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကလည်း အများကြီး ထုတ်ပိုးပါဝင်နေတဲ့အပြင် မလိုအပ်ဘဲ ပိုထွက်နေတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ရှားစောင်လက်ပပ်ပင်အသုံးပြုတဲ့ ကိုယ်အလေးချိန် ကျဆင်းစေမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အကောင်းဆုံး အကြောင်းအရာတစ်ခုကို ပြောရမယ်ဆိုရင်တော့ အားလုံးဟာ သဘာဝကျတဲ့ အစီအစဉ် တွေဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း သိပ်ပြီးမရှိလှဘူးဆိုတဲ့ အချက်ပါဘဲ။ 

ရှားစောင်းလက်ပပ် ဖျော်ရည်ဟာ အဝါရောင်ဖြစ်ပြီးတော့ ရှားစောင်းပင်ရဲ့ ခပ်ထူထူအရွက်တွေထဲကနေ ထုတ်ယူရရှိပါတယ်။ ရှားစောင်းပင်တွေကို အများအားဖြင့်တော့ အာဖရိက နိုင်ငံတွေ၊ အာရှအလယ်ပိုင်းနဲ့ ကော့ကေးရှပ်ဒေသတွေမှာ တွေ့ရပါတယ်။ အိန္ဒိယမှာတော့ မြေအိုးလေးတွေနဲ့ စိုက်ပျိုးတတ်ကြပါသေးတယ်။ အရသာက ခါးတယ်ဆိုပေမယ့် ရှားစောင်းပင်ဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့ ထိရောက်တဲ့ ရွေးချယ်မှုတစ်ခုလို့ ဆိုရမှာပါ။ 

ရှားစောင်းပင်က ကိုယ်အလေးချိန်ကို ထိထိရောက်ရောက်ကျဆင်းစေဖို့ ဘယ်လိုအကူအညီ ဖြစ်စေပါသလဲ။ 

ရှားစောင်းဖျော်ရည်သာ နံဘေးမှာ ရှိမယ်ဆိုရင် သွယ်သွယ်လျလျနဲ့ အမိုက်စား ခန္ဓာကိုယ်ရရှိဖို့အတွက် သိပ်ပြီး အလှမ်းမဝေးတော့ပါဘူးနော်။ အောက်မှာပေးထားတဲ့ နည်းလမ်းတွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်ပင်က ကိုယ်အလေးချိန် ကျဆင်းစေဖို့ ဘယ်လိုကူညီပေးမလဲဆိုတာကို အလွယ်တကူသိရမှာ ဖြစ်ပါတယ်။

ကာဘိုဟိုက်ဒရိတ် ဒြပ်ပေါင်းတွေနဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရှားစောင်းလက်ပပ်ပင်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ပိုမိုအားကောင်းစေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖရီးရက်ဒီကယ်တွေရဲ့ ကြီးထွားတိုး
ပွားလာမှုကိုလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားဖို့ အကူအညီဖြစ်စေတယ်။ အဆိပ်အတောက် ကင်းရှင်းတဲ့ ခန္ဓာကိုယ်က ကျန်းမာမျှတစွာ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် လိုအပ်ပါတယ်။ 

ဇီဝတွင်းဖြစ်ပျက်မှုကို အရှိန်မြင့်ပေးခြင်း 
ရှားစောင်းလက်ပပ်ဖျော်ရည်ဟာ ဇီဝတွင်းဖြစ်ပျက်မှုတွေကို သိသိသာသာ အရှိန်မြင့်စေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်အပေါ်မှာလည်း ကောင်းကျိုးသက်ရောက်မှုရှိပါတယ်။ ရှားစောင်းဖျော်ရည်ကို ပုံမှန်သောက်သုံးပေးမယ် ဆိုရင် ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ အစာအိမ်အချဉ်ပေါက်ခြင်းတို့လို အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတွေ၊ ကိုယ်တွင်းနာတို့လို ရောဂါတွေကနေ ကင်းဝေးစေပါတဲ့အပြင် အစာဟောင်းစွန့်ထုတ်ခြင်းတို့ကိုလည်း ပုံမှန်လည်ပတ်စေပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ လောင်ကျွမ်းမှုဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်သွားစေပြီး ကိုယ်အလေးချိန် ကျဆင်းစေတဲ့ ဖြစ်စဉ်တွေကိုလည်း အရှိန်မြင့်တက်စေပါတယ်။ 

ရှားစောင်းပင်ရဲ့ ဗီတာမင် ဘီ ပါဝင်မှုက ဇီဝတွင်းဖြစ်စဉ် တိုးတက်စေမှုအတွက် အဓိက သော့ချက်ပါ။ အဆီတွေဖြစ်ပေါ်ခြင်းကို ရပ်တန့်စေပြီး အစားစာချင်စိတ်ကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကိုယ်အလေးချိန်ကို ပိုပြီး လွယ်လွယ်ကူကူ ကျဆင်းစေတာပေါ့။ 

သဘာဝကရတဲ့ ဝမ်းနှုတ်ဆေးတစ်လက်
ရှားစောင်းလက်ပပ်ပင်ကို သဘာဝဝမ်းနှုတ်ဆေးအဖြစ်လည်း လူသိများပါတယ်။ နေ့စဉ် စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ပိုပြီးတော့ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကျန်းမာကောင်းမွန်တဲ့ အစာခြေစနစ်က အူမကြီးတွေကို အပြည့်အဝ အလုပ်လုပ်စေပြီးတော့ အူသိမ်တွေကိုလည်း သန့်ရှင်းစေတဲ့အပြင် အစာအိမ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာပေါ့။ ဒါကြောင့်မို့ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းစေဖို့ဆိုရင် တစ်နေ့တာကို ရှားစောင်းဖျော်ရည်တစ်ခွက် ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မပြုလုပ်ခင်မှာ ရှားစောင်းဖျော်ရည်တစ်ခွက်သောက်သုံးပေးပြီး စတင်လိုက်ပါလို့ အကြံပြုပါရစေ။ 

ရှားစောင်းပင်ဟာ အချိုဓာတ် စုပ်ယူတဲ့နှုန်းကို နှေးကွေးအောင် ပြုလုပ်ပြီး အဆီတွေ စုပုံလာခြင်းကို ထိန်းချုပ်ပေးကာ သွေးတွင်းသကြားဓာတ်တိုးလာခြင်းကိုလည်း လျော့ကျသွားစေဖို့ကိုလည်း စွမ်းဆောင်နိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ပြည့် 
တင်းတဲ့ ခံစားချက်ကို ရရှိစေတာကြောင့် အလွန်အကျွံ စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။ တစ်နည်းအားဖြင့်တော့ ကိုယ်အလေးချိန် ကျဆင်းမှုကိုလည်း တိုးတက်စေတာပေါ့။ 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေအပြင် ရှားစောင်းပင်ဟာ လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အမိုင်နိုအက်ဆစ်နဲ့ ဖက်တီးအက်ဆစ်တွေလည်းဘဲ ထုတ်ပိုးပါရှိနေတဲ့ အပင်တစ်မျိုးပါ။ အစာရှောင်ရတဲ့သူ ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ရှားစောင်းကို သုံးဆောင်နေတယ်ဆိုရင် ပုံမှန်အားဖြင့် လိုအပ်တဲ့ အာဟာရလိုအပ်ချက်တွေကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ပါတယ်။ 

ရှားစောင်းဖျော်ရည်ကို ဘယ်လိုထုတ်ယူမလဲ 
ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ရှားစောင်းဖျော်ရည်ကို သောက်မယ်လို့ စဉ်းစားကြည့်ပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ အိမ်မှာ အလွယ်တကူ လုပ်ဆောင်ကြည့်လို့ရတဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ 
ရှားစောင်းဖျော်ရည်ကို ရှားစောင်းပင်ရဲ့ လတ်ဆတ်တဲ့ အရွက်တွေကနေ ရနိုင်ပါတယ်။ ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို အောက်မှာ တစ်ဆင့်ချင်းစီ ဖော်ပြပေးထားပါတယ်။ 

၁။ အရွက်တွေကို ခြွေပြီး ရေနဲ့ သန့်စင်အောင် ဆေးကြောပေးပါ။ 
၂။ အရွက်ရဲ့ အစိမ်းရောင်အခွံတွေကို ဖယ်ရှားပြီးတော့ အရည်အဖြစ်သို့ ရောက်ရှိအောင် ချေမွပေးပါ။ 
၃။ ရရှိလာတဲ့ အရည်ကိုစစ်ယူပြီး ရေခဲသေတ္တာထဲမှာလည်း သိမ်းဆည်းထားလို့ရပါတယ်။ 

ကိုယ်အလေးချိန် ကျဆင်းစေဖို့ ရှားစောင်းလက်ပပ်ဖျော်ရည်ကို ဘယ်လိုသောက်သုံးကြမလဲ
ရှားစောင်းဖျော်ရည်ကို လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း နေ့တိုင်းသောက်သုံးဖို့အတွက် ထောက်ခံချက်ပေးပါတယ်။ အစာအစားခင် ၁၅ မိနစ်လောက်အလိုမှာ သောက်သုံးရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ရှားစောင်းဖျော်ရည် သောက်သုံးတယ်ဆိုရင်တော့ ရက်သတ္တပတ်ကနေ ၂ ပတ်ကြာအထိ ဆက်တိုက်လုပ်ဆောင်ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတယ်ဆိုပေမယ့် ရှားစောင်းဖျော်ရည်ကို မသောက်သုံးခင်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်ပါလို့ အကြံပြုပါတယ်နော်။

ရှားစောင်းလက်ပပ် ထည့်သွင်းပါဝင်ထားတဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတစေတဲ့ အစိမ်းရောင်အပင်လေးရဲ့ အမြင့်မားဆုံးသော အကျိုးကျေးဇူး
တွေက မမတို့ ညီမလေးတို့ ပျော်ရွှင်ကျေနပ်စေဖို့ ကူညီနိုင်ပါလိမ့်မယ်။ 

ရှားစောင်းဖျော်ရည် 
လတ်လတ်ဆတ်ဆတ် ရှားစောင်းရွက်တချို့ကိုယူပြီး သန့််စင်သွားစေဖို့ ဆေးကြောပေးပါ။ ပြီးရင်တော့ အလျားလိုက် ဖြတ်ပေးရပါမယ်။ ဒါမှသာ ဆူးပါတဲ့ အစွန်းလေးတွေကို ဖယ်ရှားပြီးသားလည်း ဖြစ်သွားတာပေါ့။ အရွက်တွေရဲ့ အပေါ်လွှာ
ကို သေသေချာချာ ဖယ်ရှားပြီးတော့ ဂျယ်လီလို အရာလေးတွေကို ကော်ယူပေးပါ။ ကောင်းမွန်စွာ ကြေညက်သွားတဲ့အထိ ချေပြီးရင်တော့ အရည်ကို စစ်ယူပေးရပါမယ်။ ရရှိလာတဲ့ ရှားစောင်းဖျော်ရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ နေ့စဉ်စား သုံးပေးလို့ရသွားပါပြီ။ ကျန်ရှိနေသေးတဲ့ ဖျော်ရည်တွေကိုတော့ နောက်ရက်တွေ ဆက်သုံးဖို့အတွက် ရေခဲသေတ္တာထဲကို ထည့်ထားလို့ရပါတယ်။

ရှားစောင်းဂျယ်လီ
ဆန္ဒရှိမယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် ဂျယ်လီိကိုလည်း သုံးဆောင်လို့ရပါတယ်။ အဲ့ဒီအတွက် လတ်ဆတ်တဲ့ ရှားစောင်းရွက်ကို ရှာယူထားပြီးတော့ သန့်စင်ပေးဖို့တော့ လိုအပ်ပါတယ်။ ဆူးချွန်လေးတွေပါတဲ့ နံဘေးဘက်နဲ့ အစိမ်းရောင် အပေါ်ယံအလွှာကို ဖယ်ရှားလိုက်ပါ။ ဂျယ်လီလို အရာလေးတွေကို ထုတ်ယူပြီး နေ့စဉ်နေ့တိုင်း လက်ဖက်ရည်တစ်ဇွန်း စားသုံးပေးလို့ရပါပြီ။ 

ရေနဲ့ ရောစပ်ထားတဲ့ ရှားစောင်းဖျော်ရည်
နောက်ထပ် နည်းလမ်းတစ်ခုကတော့ ရေနဲ့ ရောစပ်ထားတဲ့ ရှားစောင်းဖျော်ရည်ကို သောက်သုံးပေးခြင်းပါဘဲ။ ရေသန့်သန့်တစ်ခွက်ကိုယူပြီး ရှားစောင်းဂျယ်လီ လက်ဖက်ရည် တစ်ဇွန်းကို ထည့်ပါ။ နှံ့စပ်အောင် မွှေပြီးတော့ သောက်သုံးပေးရုံပါဘဲ။ ရေနဲ့ ရောထားတဲ့ ရှားစောင်းဖျော် ရည်ကိုတော့ တစ်နေ့ ၂ ကြိမ် သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ 

ရောနှော ဖျော်စပ်ထားတဲ့ ရှားစောင်းဖျော်ရည်
ကိုယ်အနှစ်သက်ဆုံး သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် ဖျော်ရည်တစ်ခွက်ကို ယူပါ။ ရှားစောင်းဖျော်ရည် ဖန်ခွက်တစ်ဝက်ကို လောင်းထည့်ပြီး နှံ့အောင်မွှေပေးပါ။ ရောနှောဖျော်စပ်ထားတဲ့ ရှားစောင်းဖျော်ရည်ကို မလိုအပ်တဲ့ ကိုယ်အလေးချိန်တွေ မြန်မြန်ကျဆင်းစေဖို့ နေ့စဉ်သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ကို အခြားဟင်းသီးဟင်းရွက်တို့နဲ့ ရောနှော ဖျော်စပ်လိုက်တော့ ရှားစောင်းရဲ့ ခါးသက်တဲ့ အရသာကိုလည်း လျော့ကျသွားစေတာပေါ့။

ရှားစောင်းလီမွန်ဖျော်ရည်
လတ်ဆတ်တဲ့ ရှားစောင်းဖျော်ရည် လက်ဖက်ရည်တစ်ဇွန်းကို ရေနဲ့ ရောစပ်ပါ။ သံပုရိုသီးတစ်လုံးကို ညှစ်ထည့်ပေးပါ။ နှံ့သွားအောင် မွှေပေးပြီးတော့ နေ့စဉ် သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင်တော့ ခါးသက်တဲ့ အရသာ လျော့
ပါးစေဖို့ အချိုတစ်မျိုးမျိုး ထည့်သွင်းသောက်သုံးလို့လည်း ရပါတယ်။

ရှားစောင်းနဲ့ ပျားရည်
ရှားစောင်းလက်ပပ်ပင်နဲ့ ပျားရည် ၂ မျိုး လုံးက ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ကောင်းမွန်တဲ့အရာတွေပါ။ ဒါကြောင့် ပိုလျှံနေတဲ့ အဆီတွေ လျော့ပါးစေတဲ့နေရာမှာ အကူအညီဖြစ်စေဖို့ ရှားစောင်း-ပျားရည် အရောကို သောက်သုံးပေးလို့ရပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနဲ့ ရောထားတဲ့ ရှားစောင်းဖျော်ရည်ထဲ ထည့်လိုက်ရုံပါဘဲ။ ရှားစောင်း- ပျားရည်တစ်ဖန်ခွက်ကို နေ့စဉ် သောက်သုံးပေးရမှာပါ။ ရှားစောင်း-ပျားရည် ရောစပ်မှုရဲ့ အရသာက အလိုလိုနေရင်း ကောင်းနေတာကြောင့် တခြားသော ချိုစေတဲ့အရာတွေ ထပ်မထည့်လည်းဘဲ သောက်သုံးနိုင်ပါလိမ့်မယ်။ 

ရှားစောင်းစမုသီ
ရှားစောင်းစမုသီတွေဟာ ကိုယ့်ရဲ့ Diet ထဲမှာ ထည့်သွင်းပါဝင်လို့ရပြီး အရသာလည်း ရှိတဲ့ဖျော်ရည်တစ်မျိုးပါ။ ကိုယ်တိုင်စမ်းသပ်လုပ်ကြည့်လို့ရတဲ့ ရှားစောင်းစမုသီလေးတွေကတော့ ရှားစောင်း- ကိုက်လန်စမုသီ ရှားစောင်းဂျယ်လီ လက်ဖက်ရည် တစ်ဇွန်း၊ အပိုင်းလေးတွေအဖြစ် လှီးဖြတ်ထားတဲ့ ကိုက်လန်ရွက် ၃၊၄ ရွက်နဲ့ ရေအနည်းငယ်ကို ဖျော်ရည်ဖျော်စက်ထဲသို့ ထည့်ပါ။ ကောင်းကောင်းရောစပ်သွား တဲ့အထိ မွှေပေးပါ။ အဲ့ဒီနောက်မှာတော့ သစ်သီး ခြောက်တွေ၊ ခပ်သေးသေး လှီးဖြတ်ထားတဲ့ ဂျင်းနဲ့ ဆားလက်တစ်ညှပ်စာလောက်ကို ထပ်ထည့်ပြီး ထပ်မွှေပါ။ ဒီရဲ့ စမုသီကိုတော့ တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ သောက်သုံးပေးလို့ရပါတယ်။ 

ရှားစောင်း - ဘလူးဘယ်ရီ စမုသီး
ရှားစောင်းဂျယ်လီ ခွက်တစ်ဝက်၊ ဘလူးဘယ်ရီသီး ခွက်တစ်ဝက်၊ ချီယာစေ့ လက်ဖက်ရည် တစ်ဇွန်း၊ ခြစ်ထားတဲ့ အုန်းသီးက လက်ဖက်ရည် တစ်ဇွန်း၊ အုန်းနို့တစ်ခွက်၊ အုန်းဆီ လက်ဖက်ရည် တစ်ဇွန်း၊ မေပယ်ရွက် သကြားရည် လက်ဖက်ရည် တစ်ဇွန်း၊ အတုံးသေးလေးတွေအဖြစ် လှီးဖြတ်ထားတဲ့ သရက်သီးအနည်းငယ်နဲ့ ပူစီနံရွက် လက်တစ်ဆုပ်တို့ကို ဖျော်ရည်စက်ထဲကို ထည့်ပါ။ ချောမွေ့နူးညံ့ပြီး ခရင်မ်လို ပုံစံဖြစ်သည်အထိ မွှေပေးပါ။ တစ်နေ့ကို နှစ်ကြိမ် သောက်သုံးပေးရမှာ ဖြစ်ပါတယ်။

သခွားသီးနဲ့ သစ်သီးတွေ ပေါင်းစပ်ပါဝင်တဲ့ ရှားစောင်းစမုသီ
ရှားစောင်းဂျယ်လီ ခွက်တစ်ဝက်၊ အခွံနွှာပြီး ပါးပါးလှီးထားတဲ့ သခွားသီး သေးသေးတစ်လုံး၊ အတုံးသေးသေးတုံးထားတဲ့ သရက်သီး ခွက်တစ်ဝက်နဲ့ အခွံခွာထားတဲ့ လိမ္မော်သီး ၂ လုံး၊ ပြောင်စင်စွာ ဆေးကြောပြီး အပိုင်းလေးတွေ ဖြတ်ထား
တဲ့ ဟင်းနုနယ်ရွက် ခွက်တစ်ဝက်၊ သံပုရာရည် လက်ဖက်ရည်တစ်ဇွန်း၊ အုန်းရည် လက်ဖက်ရည်တစ်ဇွန်း၊ စပီရူလိုင်းနားအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေခဲတုံးလေးတွေကို ဖျော်ရည်စက်ထဲသို့ ထည့်ပါ။ ခရင်မ်လို အနှစ်တွေ ပေါ်လာတဲ့အထိ မွှေပေးပါ။ ဒီရဲ့ စမုသီကိုတော့ နေ့စဉ် ၂ ကြိမ်ကနေ ၃ ကြိမ်အထိ သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ 

ရှားစောင်းဖျော်ရည်ရဲ့ ဘေးထွက်ဆိုးကျိုးများ 
ရှားစောင်းဖျော်ရည်ဟာ မကြာခဏဆိုသလို အစွမ်းထက်ဖျော်ရည်အဖြစ် ညွှန်းဆိုကြလေ့ရှိပါတယ်။ ဒါပေမဲ့ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ရှားစောင်းဖျော်ရည်ရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ - ရှားစောင်းဖျော်ရည်ကို တိုးတက်သောက်သုံးမယ်ဆိုရင် တစ်ခါတရံ အစာအိမ်ထဲက အောင့်တာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ ဝမ်းလျှောတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ 

သွေးပေါင်ချိန် ကျဆင်းတတ်တဲ့ သူတွေအတွက်တော့ ရှားစောင်းဖျော်ရည် သောက်သုံးခြင်းက သွေးပေါင်ကျစေတာကြောင့် ရှောင်သင့်ပါတယ်။ 

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေကလည်း ရှားစောင်းဖျော်ရည်ကို မသောက်သုံးသင့်ပါဘူး။

အဖုအပိမ့် ထွက်ခြင်း၊ ဓာတ်မတည့်တဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်ခြင်းနဲ့ ယားယံခြင်းတို့က ရှားစောင်းဖျော်ရည် သောက်သုံးခြင်းရဲ့ ပုံမှန် ဘေးထွက်ဆိုးကျိုး လက္ခဏာရပ်တွေပါဘဲ။ 

ကိုယ်အလေးချိန် လျော့ကျစေဖို့ ရှားစောင်းဖျော်ရည်ဟာ အံ့မခန်း ရွေးချယ်မှုတစ်ခုပါ။ ဒါပေမဲ့ မသောက်သုံးခင်မှာတော့ သောက်သုံးလို့ရတဲ့ ဆေးဝါးတွေနဲ့ ဘေးအန္တရာယ်တွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်တဲ့အကြောင်း အကြံပြုရင်း နှုတ်ဆက်လိုက်ပါတယ်နော်။
Ref: All You Need To Know About Aloe Vera For Weight Loss
By Nilankeeta Roy Chowdhury