သတိထားရမယ့် ခန္ဓာကိုယ်က သတိပေးမှုတွေ

အရေပြားတွေ ယားယံခြင်းကနေ ရောင်ရမ်းနေတဲ့ သွားဖုံးတွေ၊ ဒါတွေကို သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အပယိက ကျန်းမာရေး ပြဿနာ လေးတွေလို့ ယူဆမယ်ဆိုရင် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ သင်က သာမန် အပယိက ဖျားနာမှုလို့ သတ်မှတ်ထားတဲ့ ပြဿနာသေးသေးလေးတွေက သင့်ခန္ဓာကိုယ်မှာ ဖြစ်လာတော့မယ့် ဒါမှမဟုတ် ဖြစ်နေပြီးဖြစ်တဲ့ စိုးရိမ်ရတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ခန္ဓာကိုယ်က စက်ယန္တရားတစ်ခုလို့ လည်ပတ်နေတာမို့ သူ့ မှာ တစ်စုံတစ်ရာချို့ယွင်းနေပြီဆိုရင် သင့်ကို သတိပေးလေ့ရှိပါတယ်။ သင့်ခန္ဓာကိုယ်က တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ပြသနေတဲ့ အသံတိတ်အချက်ပြမှုတွေကို အချိန်မီ ဖမ်းယူနိုင်ဖို့က သင်ကိုယ်တိုင်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ 

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အချက်ပြမှုများ

သွားတွေပျက်စီးလာတဲ့အခါ
သွားဆေးခန်းကို လာကြတဲ့ လူနာရဲ့ သွားအပေါ်ယံက ကြွေလွှာတွေဟာ သာမန်ထက် သိသိသာသာ ပါးနေတယ်ဆိုရင် သွားဆရာဝန်တွေက အချက် ၂ ချက်ကို ခန့်မှန်းလေ့ရှိကြတယ်လို့ ကနေဒါနိုင်ငံက သွားဆရာဝန်တစ်ဦးက ဆိုပါတယ်။ လူနာက အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ၊ တစ်နည်းအားဖြင့် အချဉ်ဓာတ်များလွန်းတဲ့ အစားအသောက်တွေကို စားလွန်းခြင်းကြောင့် ဒါမှမဟုတ်ရင် အစာချေလမ်းကြောင်း တစ်လျှောက် အလိုအလျောက်အလုပ်လုပ်တဲ့ စနစ်မှာ တစ်ခုခုမှားယွင်းနေတာကြောင့် ဒီလို သွားရဲ့ ကြွေလွှာတွေပါးကုန်တာလို့ ဆရာဝန်တွေ အကြမ်းဖျင်းယူဆလေ့ရှိတယ်လို့ သိရပါတယ်။ ပထမအချက်ကြောင့်ဆိုရင် အစားအသောက်ကို ဂရုတစိုက် ရွေးချယ်စားသုံးပြီး ဖြေရှင်းနိုင်ပေမဲ့ ဒုတိယ အချက်ကြောင့်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်မှာ ပြဿနာတစ်စုံတစ်ရာရှိနေပြီလို့ ဆိုရတော့မှာပါ။ အစာရေမြိုပြွန်အတွင်း အစာချေရည်တွေ ပြန်ဆန်တက်လာတဲ့အခါ အဆိုပါ အစာချေရည်မှာပါတဲ့ အက်စစ်ဓာတ်က သွားရဲ့ အပေါ်ယံကြွေလွှာကို တိုက်စားနေမှာဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ကြွေလွှာတွေ ပါးကုန်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစာရေမြိုအတွင်းအက်စစ်တွေ ဆန်တက်လာတာကြောင့် လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခံတွင်းချဉ်တာစတဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့သွားဆရာဝန်က သင့်ရဲ့ သွားကြွေလွှာတွေ သိသိသာသာပါးနေတယ်လို့ ဆိုလာပြီး အခြားလက္ခဏာများပါ ပူးတွဲပြီးပြလာ ပြီဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်တယ်လို့ ပညာရှင်
တွေ အကြံပေးထားပါတယ်။ ရှားပါးဖြစ်စဉ်ဆိုပေမယ့် အစာချေရည်ဆန်တဲ့ ပြဿနာကို မကုသဘဲထားရင် အစာရေမြိုပြွန်ထိခိုက်ပျက်စီးတာမျိုးဖြစ်နိုင်သလို ကင်ဆာအထိတောင် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့လည်း သတိပေးထားပါသေး တယ်။

အရေပြားတွေ ယားယံလာတဲ့အခါ
တံတောင်ဆစ်၊ ဒူး၊ ခြေဖဝါး၊ ကျောပြင်နဲ့ ဦးရေပြားက အရေပြားတွေ ယားယံပြီး အဖတ်တွေ လန်နေရင် ဒါက သင့်မှာ  Gluten ပရိုတိန်းနဲ့ ဓာတ်  မတည့်တဲ့ Celiac Disease လို့ခေါ်တဲ့ ရောဂါရှိနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီရောဂါ ရှိနေခဲ့ရင် ခန္ဓာကိုယ်က Gluten နဲ့ ဓာတ်မတည့်တာကြောင့် Gluten ပါတဲ့ အစားအစာတစ်မျိုးမျိုး စားလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အူလမ်းကြောင်းကို ထိခိုက်စေတဲ့ Antibody တွေကို ထုတ်ပေးလိုက်ပါတယ်။ အဆိုပါ Antibody တွေ အရေပြားမှာ စုပုံလာတဲ့အခါ  အထက်ဖော်ပြပါ အရေပြားယားယံတဲ့ လက္ခဏာတွေပြလာတတ်ပြီး အဆိုပါ အရေပြားရောဂါကို Dermatitis Herpetiformis လို့ခေါ်ပါတယ်။ Canadian Celiac Association က ဖော်ပြခဲ့တဲ့ အချက်အလက်များအရ Celiac Disease ရှိနေသူ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းမှာ Dermatitis Herpetiformis ဖြစ်နေတာကို တွေ့ရတယ်လို့ သိရပါတယ်။ Celiac Disease ရှိနေတဲ့ သူတွေ Gluten ပါတဲ့အစားအသောက်တွေ ရှောင်ခြင်းဖြင့် အဆိုပါ အရေပြားရောဂါကို သက်သာစေနိုင်ပါတယ်။ Celiac Disease က မကုသဘဲထားရင် ရေရှည်မှာ အရိုးပွရောဂါဖြစ်စေနိုင်သလို အူကင်ဆာလည်း ဖြစ်သွားစေနိုင်လို့ မပေါ့ဆသင့်တဲ့ ကျန်းမာရေး ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်က ဘယ်လိုလက္ခဏာတွေ ပြောင်းလဲနေသလဲဆိုတာကို အမြဲသတိထားနေဖို့ လိုအပ်ပါတယ်။

ထိုင်ရတာ အခက်အခဲရှိလာတဲ့အခါ
အူမကြီး နဲ့ အူလမ်းကြောင်းတစ်လျှောက်ရောင်ရမ်းတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Crohn’s Disease ကဖြစ်ပြီးနောက် ရောဂါရှာတွေ့ဖို့အချိန်အတော်ကြာတဲ့ ရောဂါဖြစ်တယ်လို့ သိရပါတယ်။ လိပ်ခေါင်းရောဂါနဲ့လည်း မှားလေ့ရှိတတ်ပြီး ဆင်တူယိုးမှား လက္ခဏာတွေပြလာရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အသေအချာ တိုင်ပင်ကုသသင့်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်လို့ ဆရာဝန်တွေ သတိပေးထားပါတယ်။ ဒါကြောင့် ဝမ်းမှာ သွေးပါတာ၊ စအိုသွေးယိုတာနဲ့ နာကျင်ရောင်ရမ်းတာ၊ လိပ်ခေါင်းရောဂါလိုမျိုး ထိုင်ရခက်တဲ့ ပြဿနာမျိုးတွေ ခန္ဓာကိုယ်က ပြလာတဲ့အခါ မပေါ့ဆသင့်ဘူးလို့ ဆက်လက်သတိပေးထားပါတယ်။ Crohn’s Disease က အချိန်မီကုသရင်သက်သာနိုင်တဲ့ ရောဂါဖြစ်ပြီး ကုသမှုမခံယူရင် နောက်ပိုင်းမှာ ခွဲစိတ်ကုသဖို့ လိုအပ်လာတာမျိုး၊ အူမကြီးကင်ဆာ ဖြစ်နိုင်ချေမြင့်မားလာစေတာမျိုး စတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်တဲ့ ရောဂါတစ်မျိုးလို့လည်း သိရပါတယ်။

ဦးနှောက် နဲ့ ပတ်သက်တဲ့ အချက်ပြမှုများ

ဒေါသကြီးလာတဲ့အခါ
စိတ်ကျရောဂါဆိုပေမယ့် အမှန်တကယ်မှာတော့ ဦးနှောက်နဲ့ ဆက်စပ်မှုရှိပြီး ဦးနှောက်ထဲက စိတ်ခံစားမှုကို ထိန်းချုပ်ပေးမယ့် ဓာတုပစ္စည်းတွေ ပုံမှန်အလုပ်မလုပ်ခြင်းနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ဒီစိတ်ကျရောဂါက လူအများစု ထင်သလို အခန်းထဲအောင်းပြီး အိပ်ရာပေါ်မှာပဲ လှဲနေချင်တဲ့ လက္ခဏာမျိုးတွေသာ ပြလေ့ရှိတာ မဟုတ်ပါဘူး။ ၂ဝ၁၃ ခုနှစ် မှာ University of California က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက စိတ်ကျဝေဒနာ ခံစားနေရတဲ့သူ ထက်ဝက်ခန့်မှာ အလွယ်တကူ စိတ်တိုဒေါသထွက်တတ်တဲ့ လက္ခဏာမျိုးခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။ အကယ်၍ သင်ဟာ သင့်မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် မကြာခဏ ဒေါသတကြီးနဲ့ ပြောဆိုဆက်ဆံနေမိပါသလား၊ ဒါမှမဟုတ် သေးငယ်တဲ့ ပြဿနာလေးတွေကြုံလာရင်တောင် ဒေါသတွေ ပေါက်ကွဲနေမိပါသလား၊ ဒီလိုအဖြစ်မျိုး ရက်သတ္တပတ် ၂ ပတ်ထက်ကျော်ပြီး ခံစားနေရပြီ ဆိုရင် စိတ်ကျရောဂါ မဟုတ်ရင်တောင် စိတ်ကျဝေဒနာမျိုး ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်နေပြီလို့ ပညာရှင်တွေဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့ စိတ်ခံစားမှုကလည်း သင့်ဦးနှောက်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကို တစ်နည်းတစ်ဖုံဖော်ပြပေးနေတယ်လို့ ဆိုရမှာပါ။ 

လက်ရေးပြောင်းသွားတဲ့အခါ
Parkinson’s Disease ဆိုတာ ဦးနှောက်ရဲ့ အာရုံကြောစနစ်ဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေ လှုပ်တာကြောင့် ခြေတုန်လက်တုန်ဖြစ်ပြီး၊ တစ်ခုခုကို ကိုင်တွယ်တဲ့အခါ မမြဲတာ၊ လှုပ်ရှားမှု
နှေးကွေးတာ စတဲ့ လက္ခဏာတွေပြလေ့ရှိပါတယ်။ ဒါပေမဲ့ လူနာတော်တော်များများ သတိမထားမိတာက Parkinson’s Disease ရဲ့ ရှေ့ပြေးအဆင့်မှာ လက်ရေးပြောင်းလဲသွားတဲ့ လက္ခဏာမျိုး ပြ တတ်ပြီး ဒါကို လူနာကိုယ်တိုင်က သတိမမူမိတတ် ကြဘူးလို့ ပညာရှင်တွေဆိုပါတယ်။ Parkinson’s Disease ဖြစ်ကာစ အဆင့်မှာ လူနာ ၉၇ ရာခိုင်နှုန်းရဲ့ လက်ရေးတွေဟာ ပုံမှန်ထက် သိသိသာသာ သေးသွားတာ၊ အက္ခရာရေးပုံတွေ ကြုံလာတာကို ၂ဝ၁၃ ခုနှစ်က အစ္စရေးနိုင်ငံက သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ Parkinson’s Disease က ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တွေ ပျက်စီးကုန်တာ ဒါမှမဟုတ် လုံးဝ သေဆုံးသွားတာကြောင့် ဖြစ်ပေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး လှုပ်ရှားမှုကိုထိန်းချုပ်တဲ့ Dopamine ဆိုတဲ့ ဓာတုပစ္စည်းထုတ်လုပ်မှု မရှိတော့တာကြောင့် ကြွက်သားတွေလှုပ်ရှားရာမှာ အခက်အခဲဖြစ်လာစေပါတယ်။ ဒါက အစပိုင်းမှာ လက်ချောင်းတွေက ကြွက်သားတွေအပေါ် သက်ရောက်မှုရှိပြီး လက်ရေးပြောင်းလဲလာတာမျိုး ဖြစ်လာစေတာပါလို့ ပညာရှင်တွေရှင်းပြပါတယ်။ ဒါကြောင့် သင့်ရဲ့လက်ရေးမှာ ပြောင်းလဲမှုရှိလာပြီဆိုရင် ဒါက သင့်ဦးနှောက်မှာ ပြဿနာတစ်စုံတစ်ရာ ရှိနေပြီဆိုတာကို အချက်ပြနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

နှလုံးနဲ့ ပတ်သက်တဲ့ အချက်ပြမှုများ
ဟောက်တဲ့အခါ 
အိပ်ပျော်စဉ် အသံကျယ်ကျယ်ဟောက်တာက အိပ်စက်ချိန် ခေတ္တအသက်ရှူရပ်သွားတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ချေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါပေမဲ့ ဟောက်တာက နှလုံးရောဂါဖြစ်နိုင်ချေနဲ့ ဆက်စပ်ရုံသာ မဟုတ်ဘဲ နှလုံးသွေးကြောရောဂါနဲ့ ပတ်သက်တဲ့ သိသာတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေတယ်လို့ ပညာရှင်တွေဆိုပါတယ်။ Carotid Artery လို့ခေါ်တဲ့ ဦးနှောက်ဆီကို အဓိက သွေးပို့တဲ့ နှလုံးသွေးကြောထူလာခြင်းနဲ့ ဟောက်တဲ့ပြဿနာ ဆက်စပ်မှုရှိနေတယ်လို့ ဆေးပညာဂျာနယ်တစ်စောင်ဖြစ်တဲ့ The Laryngoscope မှာ ဖော်ပြလာပါတယ်။ အဆိုပါသွေးကြောဟာ လည်ပင်းမှ တစ်ဆင့်ဦးနှောက်ဆီကို တက်သွားတာကြောင့် လည်ချောင်းနဲ့ နီးနီးကပ်ကပ်အနေအထားမှာရှိနေပြီး ဟောက်တဲ့အခါ တုန်ခါမှုကို သွေးကြောတွေက တုန့်ပြန်မှုတွေပြုလုပ်တယ်လို့ ယူဆထားပါတယ်လို့ Henry Ford Hospital က ဦးခေါင်းနဲ့ လည်ပင်းပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးကဆိုပါတယ်။ သွေးကြောနံရံတွေ ထူလာခြင်းက နောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဟောက်တဲ့ ပြဿနာကို နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ရှေ့ပြေးလက္ခဏာအဖြစ် ယူဆပြီး သာမန်ကိစ္စတစ်ခုအဖြစ် သဘောမထားသင့်ဘူးလို့ သတိပေးထားပါတယ်။ 

သွားဖုံးတွေရောင်တဲ့အခါ
၂ဝ၁ဝ ခုနှစ်မှာ Columbia University က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သွားဖုံးအတွင်းက ဘက်တီးရီးယားတွေနဲ့ သွေးတိုးရောဂါ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ တိကျခိုင်မာတဲ့ သက်သေပြချက်တွေ ထွက်ရှိ မလာသေးသော်လည်း သွေးတိုးရောဂါနဲ့ ခံတွင်းအတွင်းက ဘက်တီးရီးယားတွေကြား ဆက်စပ်မှုရှိနေတာကို သုတေသနပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းတော်တော်များများလည်း သတိပြုမိခဲ့ကြတယ်လို့လည်း သိရပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ကို ပုံမှန်ကုသမှုခံယူခြင်းက နှလုံးရောဂါ နဲ့ ဆီးချိုရောဂါအမျိုးအစား ၂  ဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်လို့လည်း American Journal of Preventive Medicine မှာ ဖော်ပြထားပါသေးတယ်။ ဒါကြောင့် သင့်သွားဖုံးတွေ ရောင်ရမ်းလာရင် ပစ်မထားသင့်ဘဲ သွားဆရာဝန်နဲ့ သေသေချာချာ ကုသသင့်သလို ၃ လ (သို့) ၆ လ တစ်ကြိမ် သွားတွေကို သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့်လည်း အဆိုပါ သွားဖုံးရောင်ရမ်းခြင်း ပြဿနာကို ကာကွယ်ထားနိုင်ပါတယ်။ 
Ref ; Reader’s Digest