နွေရာသီကို အပူကင်းစွာ ဖြတ်ကျော်နိုင်ဖို့

နွေရာသီမှာ ပူပြင်းတဲ့ နေရောင်နဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် ခန္ဓာကိုယ်ထဲက ချွေးထွက်များပြီး ရေဓာတ်ကုန်ဆုံးကာ အလွယ်တကူ မောပန်းနွမ်းနယ်ခြင်းမျိုးကို ကြုံတွေ့ရလေ့ရှိပါတယ်။ ပူပြင်းတဲ့ရာသီတစ်လျှောက်လုံးကို ပန်ကာသို့ လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းထဲမှာ အချိန်ဖြုန်းစရာမလိုဘဲ ပွင့်လင်းရာသီရဲ့ အလှအပများအား အပြင်ထွက်ပြီး ခံစားကြည့်ရှုနိုင်ဖို့ သင့်ခန္ဓာ ကိုယ်ကို အေးအောင်ပြုလုပ်ပေးနိုင်မယ့် သဘာဝအစားအစာ တစ်ချို့ရှိပါတယ်။ ဒီသဘာဝ အစားအစာတွေဟာ သင့်ခန္ဓာကိုယ် အတွင်းပိုင်းကို အေးအောင်လုပ်ပေးနိုင်ပြီး နွေရာသီရဲ့ အပူဒဏ်ကို အနိုင်ယူနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အစိမ်းရောင်အသီးအရွက်များ

နွေရာသီမှ မဟုတ်ဘဲ တစ်နှစ်တာလုံး မှန်မှန်နဲ့ များများစားပေးသင့်တဲ့ စားသောက်ဖွယ် စာရင်းကတော့ အစိမ်းရောင် အသီးအရွက်တွေပဲ ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း စတဲ့ အစိမ်းရောင်အသီးအရွက်တွေက ဆောင်းရာသီမှာ ထွက်ရှိတဲ့ အသီးအရွက်တွေ ဖြစ်ပေမယ့် ကန်စွန်းရွက်၊ ဆလပ်ရွက်၊ မုန်ညင်းဖြူ စတဲ့ အရွက်တွေက နွေရာသီမှာလည်း ရရှိနိုင်တဲ့  အစိမ်းရောင်အရွက်များပဲ ဖြစ်ပါတယ်။ ဒီအစိမ်းရောင်အရွက်တွေမှာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ကာကွယ်ပေးပြီး သေဆုံးသွားတဲ့ ဆဲလ်တွေကို အလျင်အမြန် အစားထိုးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်သော ဗီတာမင် အေ၊ ဘီ၊ စီ အပြင် ပရိုတင်း၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ရေဓာတ်ကြွယ်ဝစွာပါဝင်လို့ နွေရာသီရဲ့ အပူရှိန်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အစိမ်း ရောင်အရွက်တွေ ဖြည့်စွက်စားသုံးပြီး ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ ကယ်လိုရီနဲ့ ဆိုဒီယမ်ပမာဏ အနည်းငယ်သာ ပါဝင်တာ ကြောင့် သင်စားနိုင်သလောက်ကို စိတ်ကြိုက်စားသုံးနိုင်ပါတယ်။

သခွားသီး

သခွားသီးမှာ ဘီတာကယ်ရိုတင်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီကာ စတဲ့ သွေးဖိအားကို ကျဆင်းစေတဲ့ ဗီတာမင် ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကြား ဆက်သွယ်မှုကို ကောင်းမွန်စေပြီး အရေပြားရဲ့ ရေဓာတ်ကိုဖြည့် တင်းပေးနိုင်ပါတယ်။ ဒီရေဓာတ်ပြည့်ဝတဲ့ အသီးက နွေရဲ့ နေရောင်ကြောင့် ပျက်စီးနေတဲ့ အသားအရေကို ပြုပြင်ပေးနိုင်ရုံတစ်ခု တည်းသာမကပါဘူး။ သခွှားသီးမှာ အမျှင်ဓာတ် (Dietary Fiber) ပါဝင်တာကြောင့် ၀မ်းမချူပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါက ၀မ်းတွင်း အပူတွေကို ကင်းစင်စေပြီး သင့်ခန္ဓာကိုယ်အတွင်းပိုင်းကနေ တစ်ဆင့်ပြင်ပကိုပါ အေးမြနေစေမှာ ဖြစ်ပါတယ်။ လတ်ဆတ် တဲ့ သခွားသီးကိုအခွံမနွှာဘဲ မကြာမကြာစားပေးဖို့အကြံပြုလိုပါတယ်။

သနပ်

ပူစပ်တဲ့အစားအစာတွေဟာ နွေရာသီမှာ စားသုံးသင့်တဲ့ အစားအစာစာရင်းထဲမှာ ပါဝင်ပါတယ်လို့ဆိုလိုက်ရင် သင်အံ့သြ သွားနိုင်ပါတယ်။ ပူစပ်တဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲမှာ အောင်း နေတဲ့အပူကို ချွေးအဖြစ်စွန့်ထုတ်ပေးရာမှာ ကူညီပေးပါတယ်။ ငရုတ်သီး၊ငရုတ်ကောင်း၊ ဂျင်းအစရှိသော ပူစပ်တဲ့ဂုဏ်သတ္တိရှိတဲ့ ဟင်းခတ်တွေပါဝင်တဲ့ အစားအစာမျိုးက သင့်ခန္ဓာကိုယ် ပြင်ပအပူချိန်ကို မြင့်တက်စေပြီး ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးပါတယ်။ သရက်သီး သနပ်၊ သံပရာသီး သနပ်စတဲ့ အမျိုးအစား အစားအစာတွေက နွေရာသီမှာ ရွေးချယ်စားသုံးသင့်တဲ့ အစားအစာများ ဖြစ်ပါတယ်။

အုန်းရည်

အုန်းရည်မှာ သဘာဝသကြားဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်ဆားတွေပါဝင်တာကြောင့် သဘာဝအားဖြည့်အချိုရည် လို့ တင်စား ခေါ်ဝေါ်နိုင်ပါတယ်။ အုန်းရည်က နွေရာသီရဲ့ အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဓာတ်ဆားကို ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါတယ်။ သင်နေထိုင်ရာ အရပ်ကပင်လယ်နဲ့မနီးလို့ လတ်ဆတ်တဲ့ အုန်းရည် မရနိုင်ရင် အသင့်သောက်သုံးနိုင်တဲ့ အုန်းရည်ဘူးတွေကို အစားထိုးသောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ သင်သောက်သုံးမယ့် အမျိုး အစားက အစားထိုးသကြားနဲ့ အနံ့၊ အရသာအတုတွေ မပါတဲ့ သဘာဝအုန်းရည်ကို ထုတ်လုပ်ထားတဲ့ အမျိုးအစားဖြစ်စေဖို့ ဂရုစိုက် ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Green Tea

နွေရာသီရဲ့ အကောင်းဆုံး သောက်သုံးဖွယ်ရာအဖြစ် သကြားနဲ့ ကယ်လိုရီပါဝင်မှုနှုန်း မြင့်မားတဲ့ ဖျော်ရည်တွေကို မေ့ထား ပြီး Green Tea ကို ရွေးချယ်နိုင်ပါတယ်။ လက်ဖက်ခြောက်အရွက်ကို ရေနွေးဆူဆူထဲထည့်ပြီးနှပ်ကာ ရရှိလာတဲ့အရည်ကို အပူဖြစ် စေ၊ အအေးခံကာ ရေခဲအနည်းငယ်နဲ့ ဖြစ်စေ သောက်သုံးနိုင်ပါတယ်။ Green Tea မှာ Antioxidant နဲ့ အိုမင်းရင့်ရော်ခြင်းကို ကာ ကွယ်ပေးနိုင်တဲ့ Anti-Aging  ဓာတ်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေနိုင်ပြီး နွေရာသီ ရဲ့ပြင်းထန်တဲ့ အပူရှိန်ကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။

ပန်းသီး၊ သံပရာသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု၊မက်မွန်သီး(Peach)၊ သစ်တော်သီး စတဲ့ ရေဓာတ်နဲ့ ဗီတာမင်စီဓာတ် မြင့်မားစွာ ပါဝင်တဲ့ အသီးများကလည်း သင့်ခန္ဓာကိုယ်တွင်းက အပူတွေကို ငြိမ်းစေနိုင်ပြီး ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တာကြောင့် နွေရာသီ မှာ ဒီအသီးတွေကို စားသုံးပေးသင့်ပါတယ်။ အဓိကအရေးကြီးတဲ့ အချက်ကတော့ နွေရာသီရဲ့အပူဒဏ်က သင့်ခန္ဓာကိုယ်က ရေဓာတ်ကိုဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ နွေတစ်ရာသီလုံးမှာ ရေများများ သောက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။

Ref; hubpages.com