ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Diet ၉ မျိုး

လူတိုင်းကတော့ ကိုယ်အလေးချိန် ကျဆင်းဖို့အတွက်ဆိုရင် မြန်ဆန်လွယ်ကူတဲ့ နည်းလမ်းကို ရှာဖွေချင်ကြတာပါဘဲ။ ကိုယ်အလေးချိန် ကျဆင်းစေတဲ့ အမျိုးမျိုးသော Diet တွေကလည်း မြန်ဆန်လွယ်ကူတယ်၊ အံ့အားသင့်လောက်တဲ့ ရလဒ်ကို ရရှိစေတယ်ဆိုတာတွေနဲ့ ဖျားယောင်းနေကြပေမဲ့ တချို့သောအရာတွေက ကျိုးကြောင်းဆီလျော်မှုတော့ သိပ်ပြီးမရှိလှဘူးလို့ ဆိုရပါမယ်။ ပိုဆိုးတာကတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါဘဲ။ ဆက်လက်ဖော်ပြပေးသွားမယ့် Diet နည်းလမ်း ၉ ခုကတော့ မနေ့တစ်နေ့ကအထိ လိုက်ပါလုပ်ဆောင်နေကြသေးပေမယ့် အလွန်အကျွံ ကိစ္စရပ်လေးတွေလည်း ပါနေတာကြောင့် လိုက်ပြီး မလုပ်ဆောင်သင့်တော့တဲ့အကြောင်း ပြောပြပေးချင်လို့ပါ။ ဒီနည်းလမ်းတွေကို လိုက်ပါလုပ်ဆောင်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အမှန်တကယ်လည်း ကိုယ်အလေးချိန် ကျဆင်းစေတယ်ဆိုရင်တော့ သိပ်ကိုကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ်အလေးချိန်ကျဆင်းဖို့ မသေချာဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေတယ်ဆိုရင်တော့ မကောင်းတော့ဘူးပေါ့။ ဘယ်လို Diet နည်းလမ်းတွေ ပါဝင်မလဲဆိုတာကိုတော့ ဆက်ပြီး ဖတ်ကြည့်ပေးပါဦး။

၁။ တုပ်ပြားကောင် Diet 
သိပ်ပြီး မသတီစရာကောင်းလှတဲ့ ဒီ Diet ကို ၂ဝ ရာစု အစောပိုင်းလောက်က စတင်ခဲ့ပါတယ်။ တချို့သော သတ္တိကောင်းသူတွေက တုပ်ပြားကောင်ပါတဲ့ ဆေးပြားတွေကို မြိုချကြပြီး တုပ်ပြား   ကောင်တွေကို သူတို့ရဲ့ အူတွေထဲမှာ ကြီးပြင်း အရွယ်ရောက်စေပါသတဲ့။ သူတို့စားသမျှ အစာအာဟာရတွေကို တုပ်ပြားကောင်တွေကို စားသုံးစေတာပေါ့။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်ရှိလာတဲ့အခါမှာတော့ ကပ်ပါးကောင်တွေကို ရှင်းထုတ်ပြစ်တဲ့ ဆေးရဲ့ အကူအညီနဲ့ တုပ်ပြားကောင်တွေကို ဖယ်ရှားလိုက်ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် တုပ်ပြားကောင်တွေဟာ ပေ ၃ဝ လောက်အထိ ကြီးထွားရှင်သန်နိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောတာ၊ ခေါင်းကိုက်တာတွေ အပြင် ခဏတာ အတိတ်မေ့တဲ့ ရောဂါတွေ စတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်ပိုင်း အဆီချပေးတာနဲ့ ပတ်သက်လို့ Belly Fat Fighter လို့ နာမည်ကြီးတဲ့အပြင် ကိုယ်အလေးချိန်လျော့ကျစေဖို့ Diet နည်းလမ်းတွေ အကြောင်း စာအုပ်တွေကို ရေးသားနေတဲ့ အမေရိကန် အာဟာရ ဗေဒပညာရှင် Erin Palinski-Wade ကတော့ ဒီလို ကိုယ်အလေးချိန် လျှော့ချတဲ့နည်းလမ်းက အောင်မြင်နိုင်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးတဲ့။ ဒီနည်းလမ်းက သိပ်ကို အန္တရာယ်များတဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ပြီးတော့ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုကိုလည်း ဖြစ်စေနိုင်တဲ့အပြင် တစ်သက်တာမှာလည်း ရှုပ်ထွေးတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်စေတယ်။ ဒါ့အပြင် ကပ်ပါးကောင် တွေ သေသွားပြီးတဲ့နောက်မှာတော့ ကိုယ်အလေးချိန်က ပြန်တက်လာနိုင်တယ်ဆိုပြီး ပြောထားပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက တွေးကြည့်ရင်းတောင် အသည်းယားစရာကောင်းလွန်းလို့ လိုက်ပါလုပ်ဆောင်ကြတဲ့သူ မရှိသလောက် နည်းမယ်ထင် ပါတယ်နော်။ 

ဟောလိ့ဝုဒ် Diet 
ဟောလိ့ဒ်ဝုဒ် Diet ရဲ့ ဖန်တီးရှင် Jamie နဲ့ Larry တို့က သူတို့ရဲ့ Diet နည်းလမ်းနဲ့ စားသုံးရမယ့်အစားအစာ လေ့ကျင့်မှုစနစ်တွေက ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းစေတဲ့အကြောင်း ကာလရှည်ကြာအခိုင်အမာ ပြောဆိုခဲ့ကြတာပါ။ သူတို့ ဝဘ်ဆိုဒ်မှာ ကတိပြုထားတဲ့အတိုင်း ‘စတားတစ်ယောက်လို’ လှစေရမယ်ပေါ့။ သူတို့ ရွေးချယ်ပေးထားတဲ့ အနည်းငယ်သော အဖျော်ရည်နဲ့ ကွတ်ကီးတွေကို စားသုံးပြီးတော့ ၂၄ နာရီ ဒါမှမဟုတ် ၂၄ နာရီထက် အချိန်ပိုကြာကြာ နေခဲ့မယ်ဆိုရင် ၂ ပေါင်ကနေ ၉ ပေါင်အထိ လျော့ကျစေလိမ့်မယ်လို့ ဆိုပါတယ်။ ကယ်လိုရီ အလွန်အမင်း နည်းပါးလွန်းတဲ့ အစားအစာတွေက အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့်တော့ ဟောလိ့ဝုဒ် Diet ကို ၂ ရက်ထက်ပိုပြီး လိုက်နာလုပ်ဆောင်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်မှာ အလွန်အမင်း ဆာလောင်တောင့်တစေတဲ့ ခံစားမှုကို ရရှိဖြစ်ပေါ်စေမှာဖြစ်ပြီး အစရက်တွေမှာတော့ ရေကြောင့်ဖြစ်တဲ့ ကိုယ်အလေးချိန်တွေ ကျဆင်းသွားတာကို တွေ့ကြုံခံစားရမှာ ဖြစ်တဲ့အကြောင်း လော့စ်အိန်ဂျလိ့စ် အခြေစိုက် အာဟာရဗေဒပညာရှင် Alyse Levine M.S. က ပြောထားပါတယ်။ နောက်ထပ်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဝမ်းပျက်ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းချုပ်တာနဲ့ မူးဝေတာတို့ဘဲ ဖြစ်ပါတယ်။ 

ကလေးအစားအစာ Diet 
နာမည်ကျော်တို့ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ပတ်သက်လို့ ဂုရုကြီးတစ်ပါးလို့ဆိုရမယ့် Tracy Anderson ကတော့ သူမနဲ့ ပတ်သက်တဲ့ နာမည်ကျော် အနုပညာရှင်တွေကို ကလေးအစားအစာ Diet ကို လိုက်ပါလုပ်ဆောင်သင့်ကြောင်း ပြောဆို
လေ့ရှိပါသတဲ့။ ဒီ Diet ရဲ့ အဓိကအချက်ကတော့ နံနက်စာနဲ့ နေ့လယ်စာအတွက် အသီးအနှံတွေကို ဆော့စ်တွေလို ပျစ်ချွဲနေတဲ့ အနေအထားရောက်အောင် ကြိတ်ချေထားတဲ့ သစ်သီးဖျော်ရည် ဒါမှမဟုတ် သစ်သီးဆော့စ်လို အစားအစာနည်းနည်းနဲ့ အစားထိုးစေပြီးတော့ ညစာကိုလည်း ကယ်လိုရီနည်းနည်းသာ ပါဝင်အောင် စားစေခြင်းဘဲ ဖြစ်ပါတယ်။ ကလေးငယ်တွေကတော့ ခပ်ပျော့ပျော့ အစားအစာကို နည်းနည်းလေး စားရုံနဲ့ လုံလောက်သလိုဘဲ အသက်အရွယ်တစ်ခုကို ရောက်နေပြီဖြစ်တဲ့ လူတစ်ယောက်အနေနဲ့ ကလေးငယ်တွေလို အစားအစာ နည်းနည်းပါးပါးသာ စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကတော့ ကျဆင်းသွားမှာ အမှန်ပါဘဲ။ ဒီရဲ့ Diet မှာ စားသုံးဖို့အတွက် သတ်မှတ်ထားတဲ့ ပမာဏရှိပြီး ချွဲပျစ်နေအောင်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်နဲ့ ကလေးငယ်လေးတွေအတွက် ပြင်ဆင်ပေးလေ့ရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကြက်ဆင်သားနဲ့ ကြက်သားတို့လို အစားအစာတွေက ဒီနည်းလမ်းရဲ့ အဓိကကျတဲ့ အချက်ပါဘဲ။ ကယ်လိုရီနည်းနည်းသာ စားသုံးစေဖို့ စီစဉ်ထားတာမျိုးပေါ့။ ခွင့်ပြုထားတဲ့အရာတွေမှာ ဓာတုပစ္စည်းလို ထပ်မံပေါင်းထည့်ထားတဲ့ အရာတွေနဲ့ တာရှည်ခံတဲ့ အစားအစာတွေ မပါဝင်ပါဘူး။ ဒါပေမဲ့  ဒီရဲ့ Diet က အစားအစာ အစစ်အမှန်တွေကို စားသုံးခြင်းကနေ ရရှိမယ့် ကျေနပ်ပျော်ရွှင်မှုတွေကို ခံစားခွင့်မပေးဘဲ ကန့်သတ်ထားပါတယ်။ ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် အချိန်ကြာမြင့်စွာ လိုက်နာလုပ်ဆောင်သင့်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းက သိပ်ကိုလွယ်ကူပါတယ် ပြီးတော့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးစေပြီး ဆိုဒီယမ် ပါဝင်မှုကိုတော့ လျော့ချထားတယ်။ ရေရှည်ဆိုရင်တော့ အာဟာရ မမျှတမှုတွေ ဖြစ်စေတတ်ပါတယ်။ 

သမန်းဝံပုလွေ Diet 
သမန်းဝံပလွေ Diet ရဲ့ အဓိက စိတ်ကူးကတော့ ရေကြောင့်ဖြစ်တဲ့ ကိုယ်အလေးချိန်တွေကို ဒီရေလို တက်လိုက်ကျလိုက် ဖြစ်စေခြင်းပါဘဲ။ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာလည်း ရေနဲ့ ဖွဲ့စည်းထားကြတာမို့ Moon Connection ဝက်ဆိုဒ်ကတော့ လပြည့် ဒါမှမဟုတ် လဆန်းရက်တွေအတွင်းမှာ ခန္ဓာကိုယ်အတွင်းက ရေကြောင့်ဖြစ်တဲ့ ကိုယ်အလေးချိန်တွေနဲ့ အဆိပ်အတာက်တွေကို ဖယ်ရှားမယ်ဆိုရင် ပိုပြီးမြန်မြန်ဆန်ဆန် ကျဆင်းစေတဲ့အကြောင်း ဆိုထားပါတယ်။ တစ်ရက်တည်းမှာတောင် ၆ ပေါင်နဲ့အထက် ကိုယ်အလေးချိန် ကျဆင်းစေနိုင်ပါသတဲ့။ ဒါက ကိုယ်အလေးချိန်ကို ဒရောသောပါး ကျဆင်းစေတဲ့ ပုံစံဖြစ်တဲ့အပြင် အချိန်ကြာကြာလည်း ကျစေတဲ့ ပုံစံမျိုးပါ။ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန် ကျဆင်းစေတဲ့အပြင် သိပ်ပြီးတော့လည်း မဆိုးလှဘူးလို့  Levine က ဆိုပါတယ်။ နောက်ပြီး သူမအဆိုအရ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အဆိပ်အတောက် ဖယ်ရှားရှင်းလင်းတဲ့ Diet မျိုး လိုအပ်တယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ အထောက်အထားလည်း မရှိပါဘူး။ သဘာဝတရားအရ ကျောက်ကပ်တွေကလည်း ခန္ဓာကိုယ်ကို ၂၄ နာရီလုံး အဆိပ်အတောက်တွေ ဖယ်ရှားရှင်းထုတ်ပြီး အညစ်အကြေးတွေကို စွန့်ထုတ်စေပါတယ်။ အဆိပ်အတောက်တွေကို ပိုပြီးမြန်မြန် စွန့်ထုတ်ဖို့ အရည်တစ်မျိုး မလိုအပ်ပါဘူး။ အဲ့ဒီအစား ပုံမှန်အတိုင်း တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၁ဝ ခွက်အထိ သောက်သုံးပေးတာ၊ ဆိုဒီယမ်ကို ၂၃ဝဝ မီလီဂရမ်အတွင်းသာ စားသုံးတာနဲ့ အဆင့်ဆင့် ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာထက် ဓာတုဗေဒပစ္စည်းတွေနဲ့ ဖြည့်စွက်ပြင်ဆင်ထား ခြင်းမရှိတဲ့ အစားအစာတွေကိုသာ စားသုံးပေးတာတွေ ပြုလုပ်ပေးခြင်းက ပိုကောင်းတဲ့အကြောင်း အကြံပြုထားပါတယ်။ 

K-E Diet ဒါမှမဟုတ် အစာပြွန်နဲ့သာ အစာစားသုံးတဲ့နည်းလမ်း 
အရမ်းကို ပြင်းထန်တဲ့ Diet လို့သာ ဆိုပါရစေ။ ဆရာဝန်ကနေ ပါဝင်စောင့်ကြပ်ပေးရတဲ့ ဒီရဲ့ Diet ကို လုပ်ဆောင်မယ်ဆိုရင် အစားအစာတွေကို ဆေးထိုးအပ်လို အစာပြွန်ကနေ တစ်ဆင့်သာ စားသုံးရမယ့် နည်းလမ်းဖြစ်ပါတယ်။ ကယ်လိုရီ အရမ်းကိုနည်းပါးပြီး ပရိုတိန်းနဲ့ အဆီကြွယ်ဝစွာပါဝင် ထည့်သွင်းထားတဲ့ အစာပြွန်ပါ။ ကာဘိုဟိုက်ဒရိတ်တွေ ပါဝင်ခြင်းမရှိဘဲ စပါဂတ်တီ အရွယ်အစားလောက်သာရှိတဲ့ အစာပြွန်နဲ့ နှာခေါင်းပေါက်ကနေတစ်ဆင့် အစာအိမ်ထဲသို့ ရောက်အောင် ထည့်ပေးမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ဖို့ သိမ်းဆည်းထားတဲ့ အဆီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းသွားစေမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် အစာပြွန်ကို မဖြစ်မနေ ရွေးချယ်ရတာကတော့ သိပ်ပြီးဆိုးရွားတဲ့အချက်ပါဘဲ။ ကယ်လိုရီနည်းနည်းသာ ပါဝင်မှုရှိစေဖို့ ကန့်သတ်ထားတဲ့ ဒီရဲ့ နည်းလမ်းဟာ ပုံမှန် စားသုံးနေကြ အစားအစာတွေဆီကနေ ရရှိနေတဲ့ ကယ်လိုရီတွေကို ကန့်သတ်ထိန်းချုပ်လိုက်တာကလွဲလို့  အချိန်တိုအတွင်း ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် သိပ်ပြီးတော့လည်း မထိရောက်ပါဘူး။ ဒါ့အပြင် ဒီနည်းလမ်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာ၊ ကျောက်ကပ်အတွင်း ကျောက်တည်တာ၊ ရေဓာတ်ခမ်းခြေတာ၊ မူးဝေမောပန်းပြီး ခေါင်းကိုက်တာတွေအပြင် အစားအစာတွေနဲ့ ပတ်သက်လာရင် အဆင်မပြေတာတွေ ဖြစ်စေတတ်တယ်လို့ Levine ကတော့ ပြောထားပါတယ်။ 

အိပ်ပျော်နေရင်းနဲ့ လှသွားစေမယ့်နည်းလမ်း
အစားအစာတွေ မစားသုံးမိစေဖို့ ဆေးသောက်ပြီး အိပ်နေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။ ၁၉၆ဝ ပြည့်လွန်နှစ်တွေက နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Valley of the Dolls ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြခံရပြီးတဲ့နောက် သိပ်ကို နာမည်ကြီးခဲ့တဲ့ Diet ပါ။ နောက်ပြီး Elvis Presely တောင် လိုက်ပါလုပ်ဆောင်ကြည့်တယ်ဆိုပြီး ကောလဟလတွေလည်း ထွက်ခဲ့တာကြောင့် ပါပါလိမ့်မယ်။ ဒီ Diet က အပျင်းရိဆုံးသော နည်းလမ်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီ Diet ကို လုပ်ဆောင်ကြည့်မယ်ဆိုရင် လိုက်နာစရာတစ်ခုကတော့ ပိန်ပိန်သွယ်သွယ်နဲ့ နိုးထလာမယ့် နေ့တွေကို ရောက်တဲ့အထိ ဆေးသောက်ပြီး အိပ်နေဖို့ပါဘဲတဲ့။ အခြေခံအားဖြင့်တော့ အစားအစာ စားသုံးမှု မရှိတာကြောင့် ကြွက်သားတွေကို ချည့်နဲ့သွားစေတယ်လို့ အာဟာရဗေဒ ပညာရှင် Palinski-Wade က ဆိုထားပါတယ်။ ရက်ပေါင်းအတော်ကြာ အစာလည်းမစား ရေလည်း မသောက်တာကြောင့် ဇီဝတွင်းဖြစ်ပျက်မှုတွေကို နှေးကွေးသွားစေပြီး ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် ဆေးဝါးသောက် သုံးမှုကြောင့် ခန္ဓာကိုယ်တွင်းက အင်္ဂါတွေကိုလည်း ထိခိုက်စေတာကြောင့် အသက်အန္တရာယ်အထိ ရှိစေနိုင်ပါသတဲ့။ အိပ်ရင်းနဲ့ လှလာမလား လုပ်မိကာမှ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်ရတာကတော့ သိပ်ကို ဆိုးလွန်းပါတယ်နော်။

သံပုရာ Diet 
Stanley Burroughs ရဲ့ The Master Cleanser ဆိုတဲ့ စာအုပ်ကို အခြေခံထားတဲ့ The Master Cleanse တစ်နည်း သံပုရာ diet ဟာ Beyonces နဲ့ သူ့ရဲ့ ကမ္ဘာမှာတော့ သိပ်ကို နာမည်ကြီးသွားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်ကျဆင်းတာ မြန်ဆန်တဲ့အပြင် လွယ်ကူတာကြောင့်ပါ။ ဒီထူးဆန်းတဲ့နည်းလမ်းမှာ ရေ၊ သံပုရာရည်၊ ငရုတ်သီးမှုန့်၊ မေပယ်ရွက်ဖျော်ရည်တို့သာပါဝင်ပြီး ရေကြောင့်ဖြစ်တဲ့ ကိုယ်အလေးချိန်တချို့ကို ကျဆင်းစေတာကြောင့်ပါ။ ဒါပေမဲ့ အချိန်အကြာကြီးအတွက်တော့ မဟုတ်ပါဘူးလို့ အာဟာရဗေဒပညာရှင် Alyse Levine က ပြောပါတယ်။ ဒီနည်းလမ်းအရဆိုရင်တော့ အစားအစာတွေ ပြန်စားပြီး သိပ်မကြာခင်မှာဘဲ ကိုယ်အလေးချိန်က ပြန်တက်လာမှာ ဖြစ်ပါတယ်။ ဒီရဲ့ ကယ်လိုရီနည်းပါးစွာ ပါဝင်တဲ့ Diet က ကြွက်သားတွေကိုလည်း လျော့ရဲစေပြီး ဇီဝတွင်းဖြစ်ပျက်မှုကိုပါ နှေးကွေးစေတာကြောင့် နောက်ပိုင်းမှာ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားတဲ့အခါ ပိုပြီး ခက်ခဲသွားပါလိမ့်မယ်လို့ Alyse Levine က အကြံပြုပြောဆိုထားပါတယ်။ 

ဂေါ်ဖီထုပ်စွပ်ပြုပ် Diet 
သက်တမ်းတစ်ခု ကြာညောင်းခဲ့ပြီဖြစ်တဲ့ ဂေါ်ဖီထုပ်စွပ်ပြုပ်သောက်ပြီး ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းကတော့ ရိုးရိုးလေးကနေ ဆန်းသွားစေခဲ့တယ်လို့ ဆိုရပါမယ်။ လုပ်ဆောင်ရတာ လွယ်ကူပေမယ့် သိပ်ပြီး ပြင်းထန်နေတာကြောင့်ပါ။ တစ်နေ့တာမှာ တချို့သော အစာအုပ်စုတွေထဲက အစားအစာတွေကို ကယ်လိုရီ ၁ဝဝဝ ထက်နည်းပြီး စားသုံးရတဲ့ နည်းလမ်းဖြစ်ပါတယ်။ စားသုံးလို့ရမယ့် အစားအစာတွေကို အလွန်အမင်း ကန့်သတ်လိုက်ခြင်းဟာ သိပ်ပြီးကောင်းမွန်တဲ့ စိတ်
ကူးတော့ မဟုတ်တဲ့အကြောင်း Belly Fat Diet for Dummies ရဲ့ စာရေးသူ Erin Palinski-Wade က ဆိုပါတယ်။ ဂေါ်ဖီထုပ် စွပ်ပြုပ်နဲ့ သတ်မှတ်ထားတဲ့ အစားအစာတချို့ကို အချိန်တစ်ခုအထိ စားသုံးရှင်သန်ရတယ်ဆိုတာ ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုတော့ မဖြစ်နိုင်ပါဘူး။ ဟင်းသီးဟင်းရွက်တွေ အများကြီးစားသုံးရတာ ဖြစ်ပေမယ့် ကယ်လိုရီကတော့ နည်းနည်းသာ ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု အရမ်းနည်းတဲ့အခါမှာတော့ ဇီဝတွင်းဖြစ်ပျက်မှု တွေကို နှေးကွေးသွားစေရုံသာမက အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့မယ်ဆိုရင် ပရိုတိန်းဓာတ်ချို့တဲ့တာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်ချို့တဲ့တာတို့လို အာဟာရချို့တဲ့မှုကိုပါ ခံစားရနိုင်ပါတယ်။ အဲ့ဒီနည်းလမ်းအစား အာဟာရဗေဒပညာရှင် Erin Palinski-Wade ကတော့ ကိုယ်စားသုံးမယ့် ပန်းကန်ရဲ့ တစ်ဝက်ကို ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး အခြားတစ်ဝက်ကိုတော့ အခွံစင်အောင် ချွတ်မထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီနည်းတဲ့ အသားတို့ကို ဖြည့်တင်းကာ စားသုံးပေးသင့်ကြောင်း အကြံပြုထားပါတယ်။ 

ဂရိတ်ဖရု Diet 
၁၉၃ဝ ပြည့်လွန်နှစ်တွေကို ပြန်သွားကြည့်မယ်ဆိုရင် ဂရိတ်ဖရု Diet က အနေအထားတစ်ခုအထိ ကျော်ကြားခဲ့တာကို တွေ့ရမှာပါ။  ဒီနည်းလမ်းကတော့ ရိုးရှင်းပါတယ်။ ဘာအစားအစာမှ မစားသုံးခင်မှာ ဂရိတ်ဖရုကို စားပြီး ရေများများသောက်၊ ကာဘိုဟိုက်ဒရိတ်တွေ မစားသုံးဘဲ၊ အဆီနည်းတဲ့ အသားတွေကိုဘဲ စားသုံးပေးမယ်ဆိုရင် အဆီတွေ ပိုပြီးလောင်ကျွမ်းပါလိမ့်မယ် ဆိုတာပါဘဲ။ ဒီ ဂရိတ်ဖရု Diet ကို လိုက်ပါလုပ်ဆောင်တဲ့သူတွေကတော့ ဒီနည်းလမ်းကို ၁ဝ ရက်လောက် လုပ်မယ်ဆိုရင် ၁ဝ ပေါင်နဲ့အထက် ကိုယ်အလေးချိန် ကျဆင်းနိုင်ပါသတဲ့။ ဒီနည်းလမ်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ရှိနေသေးတဲ့အကြောင်းကို Erin Palinski-Wade ကတော့  ဒီလိုပြောထားပါတယ်။ ဂရိတ်ဖရုကို စားသုံးပေးခြင်းဖြင့် ခါးပတ်လည်ကို ကျစ်လျစ်သွားစေပြီး ကိုယ်အလေးချိန် ကျဆင်းစေတဲ့အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဂရိတ်ဖရုမှာ ပါဝင်တဲ့ ကျင်ငယ်ရေကို ပိုမိုထုတ်လုပ်စေတဲ့ ပစ္စည်းကြောင့် ရေကြောင့်ဖြစ်တဲ့ အလေးချိန်တွေကို ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဂရိတ်ဖရုက ကယ်လိုရီနည်းပါးတဲ့အပြင် ပြည့်တင်းတဲ့ ခံစားချက်ကိုလည်း ထိန်းပေးထားနိုင်ဖို့ ကူညီပေးတာကြောင့် တစ်နေ့တာအတွင်းမှာ ကယ်လိုရီစားသုံးမှုကို နည်းပါးစေပါတယ်။ အားနည်းချက်က Diet ကို ရပ်လိုက်တာနဲ့ ကိုယ်အလေးချိန် ပြန်တက်လာဖို့ လွယ်ကူတဲ့အပြင် ရေရှည်လုပ်ဆောင်တဲ့အခါ ကိုလက်စထရောမြင့်တက်ခြင်းကို  ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင်တော့ ဂရိတ်ဖုတွေ အများကြီး စားသုံးနိုင်တဲ့သူက သိပ်ပြီးတော့ များများ မရှိလောက်ပါဘူးနော်။ 

သေချာတာတစ်ခုကတော့ ကိုယ်အလေးချိန်ကျဆင်းစေဖို့ ဘယ်လို Diet နည်းလမ်းတွေကိုမဆို လိုက်ပါလုပ်ဆောင်တော့မယ်ဆိုရင် ကိုယ်ရဲ့အနေအထားပေါ်ကို မူတည်ပြီးတော့ နားလည်တတ်ကျွမ်းသူ ဆရာဝန်တွေနဲ့ တိုင်ပင်လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်တဲ့အကြောင်း အကြံပြုလိုက်ရပါတယ်။ 

9 Unhealthy, Even Dangerous Weight-Loss Diets 
By  Vivian Manning-Schaffel