ကလေးလေး ဝမ်းလျားမှောက်ပြီဆိုရင်

လူ့လောကထဲ စတင်ရောက်ပြီ ဆိုကတည်းက ပွေ့ချီထားတဲ့ အချိန်ကလွဲလို့ ပက်လက်ကလေးပဲ နေနေရာကနေ ဝမ်းလျားလေးမှောက်ပြီး ပတ်ဝန်းကျင်ကို စတင်စူးစမ်းခွင့်ရတဲ့ အချိန်က ကလေးလေးအတွက်တော့ အတွေ့အကြုံ အသစ်အဆန်းတစ်ခုပါပဲ။ မိဘဖြစ်သူတွေအတွက်လည်း မိမိရင်သွေးလေးရဲ့ အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်လို့ စိတ်လှုပ်ရှားဂုဏ်ယူရတဲ့ အခိုက်အတန့်တစ်ခုပါ။ ဝမ်းလျားစမှောက်တာ၊ တွားသွားတာ၊ မတ်တပ်စရပ်တာ၊ လမ်းစလျှောက်တာ၊ သွားလေးတွေပေါက်လာတာ၊ စကားစပြောတာ စတဲ့အချိန်တွေက မိဘဖြစ်သူတွေ စောင့်ကြည့်ကြည်နူးရတဲ့ ကလေးလေးတစ်ယောက်ရဲ့ ဘဝအစပိုင်းက မှတ်တိုင်များဖြစ်ပါတယ်။ ဒီအခိုက်အတန့်တွေထဲမှာ အသက်ကြီးလာတဲ့ အချိန်အထိ သက်ရောက်မှုရှိသွားမယ့် ဖွံ့ဖြိုးမှုတွေလည်း စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး အများစုက ကလေးလေး ဝမ်းလျားစမှောက်တဲ့ ကာလအပိုင်းအခြား မှာ စတင်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်ဝမ်းလျားမှောက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာမှာလဲ၊ ဘာကြောင့် ကလေးလေးကို ဝမ်းလျားမှောက်အနေအထားလေးမှာ ထားထားပေးဖို့ လိုအပ်တာလဲ၊ စတဲ့မေးခွန်းတွေအတွက် ပညာရှင်တွေ ပြောပြထားတဲ့ အဖြေတစ်ချို့ရှိနေပါတယ်။ 

ဦးခေါင်းခွံပုံစံတကျ ဖွံ့ဖြိုးလာစေဖို့ 
ဝမ်းလျား စမှောက်တဲ့အချိန်ဟာ မွေးကင်းစအရွယ်ကတည်းက လှဲလျောင်းနေခဲ့ရတဲ့ ကလေးလေးရဲ့ ဦးခေါင်းနဲ့ ကျောပြင် ခေတ္တအနားရတဲ့အချိန်လို့ ပြောရပါမယ်။ ဝမ်းလျားမမှောက်မချင်း ကလေးလေးဟာ ပက်လက်အနေအထားနဲ့ အမြဲနေနေရတာဖြစ်တာကြောင့် အခန့်မသင့်ရင် ဦးခေါင်းခွံပုံစံပျက်ပြီး Flat Head Syndrome လို့ ခေါ်တဲ့ ဦးခေါင်းပြားသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် ဝမ်းလျား စမှောက်တဲ့အချိန်ဟာ လမ်းစလျှောက်တာ၊ စကား စပြောတာ စတဲ့အချိန်တွေလိုပဲ အလွန်အရေးကြီးတဲ့ ကာလအပိုင်းအခြားဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။ ကလေးလေးဟာ သူတတ်နိုင်သလောက် ဝမ်းလျားလေးမှောက်ပြီးနေနေတဲ့အခါမှာ ဦးခေါင်းကို အနားပေးရာရောက်ပြီး ဦးခေါင်းခွံလေး ပုံစံတကျ ဖွံ့ဖြိုးလာဖို့များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ 

ကြွက်သားတွေ သန်မာလာစေဖို့
ဝမ်းလျားမှောက်ပြီး နေနေတဲ့အချိန်မှာ ကလေးဟာ ဝမ်းဗိုက်ကို အားပြုပြီး ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး ခေါင်းထောင်ထားရတာကြောင့် လည်ပင်းက ကြွက်သားတွေကို ဖွံ့ဖြိုးလာစေပြီး သန်မာလာစေနိုင်ပါတယ်။ လည်ပင်းကြွက်သားတွေ ကောင်းကောင်းဖွံ့ဖြိုးလာပြီး သန်မာလာပြီဆိုရင် ခေါင်းကို မတ်မတ်ထောင်လာနိုင်မှာဖြစ်ပြီး ဟန်ချက်ထိန်းနိုင်ပြီဖြစ်တာကြောင့် နောက်တစ်ဆင့်အနေနဲ့ သဘာဝအရ ကလေးလေးဟာ လေးဖက်ထောက်သွားတာမျိုး၊ အကူအညီမလိုတော့ဘဲ သူကိုယ်တိုင် ထိုင်တာမျိုးတွေ လုပ်နိုင်လာတော့မှာဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လမ်းလျှောက်ဖို့ စတင်ကြိုးစားတော့မှာပါ။ ဒါကြောင့် ကလေးလေး ဝမ်းလျားမှောက်ဖို့ ကြိုးစားနေပြီဆိုရင် စိုးရိမ်ပြီး ပြန်တည့်ပေးလိုက်တာမျိုးမလုပ်ဘဲ ဘေးကနေ စောင့်ကြည့်တာမျိုးလောက်ပဲပြုလုပ်ဖို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ 

ခန္ဓာကိုယ်ပုံစံတကျ ဖွံ့ဖြိုးလာစေဖို့
ကလေးဟာ ကျောပြင်နဲ့လှဲလျောင်းနေတဲ့ ပုံစံတစ်ခုတည်းမှာပဲအချိန် ကြာကြာနေတဲ့အခါ လည်ပင်းကြွက်သားတွေ ကောင်းကောင်းမဖွံ့ဖြိုးဘဲ ဂုတ်တိုသွားတာမျိုးဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကလေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံဟာ မိဘရဲ့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်ဆိုပေမဲ့ မိဘဖြစ်သူတွေ သတိမထားမိလိုက်တဲ့ အသေးအမွှားအချက်လေးတွေက လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတဲ့ ကလေးရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကလေးဖြစ်သူရဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး အပေါ်သက်ရောက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဝမ်းလျားစမှောက်တဲ့ အချိန်ဟာ ကလေးရဲ့ ကြွက်သားတွေ ကောင်းကောင်းဖွံ့ဖြိုးလာစေ ဖို့အတွက် အကူအညီဖြစ်စေတဲ့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးရဲ့ ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်ပြီး ဝမ်းလျားမှောက်ဖို့ ကြိုးစားနေပြီလို့ ထင်ရတဲ့အချိန်မှာ ပုခက် (သို့) ကုတင်က ထုတ်ပြီး ဘေးကင်းတဲ့ နေရာတစ်နေရာရာမှာ ချထားပေးကာ ကလေးလေး ဝမ်းလျားမှောက်နိုင်ဖို့ ကြိုးစားတာကို ကူညီပေးရမှာ ဖြစ်ပါတယ်။ 

အစာချေလမ်းကြောင်း လှုပ်ရှားစေဖို့
ဝမ်းလျားမှောက်တဲ့အချိန်မှာ ကလေးဟာ လည်ပင်းကြွက်သားတွေကိုပဲ အသုံးပြုရတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်က ကြွက်သားတွေကို စတင်ဆန့်ထုတ်ပြီး အသုံးပြုနေရပြီ ဖြစ်ပါပြီ။ ဒီလို အကြောနဲ့ ကြွက်သားတွေ ဆန့်ထုတ်တဲ့ အချိန်မှာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအပေါ် ဖိအားဖြစ်စေပြီး လှုပ်ရှားစေပါတယ်။ ဒါကြောင့် ကလေးရဲ့ အစာချေလမ်းကြောင်း တစ်လျှောက်မှာရှိနေတဲ့ လေတွေကို ထွက်သွားစေဖို့ အကူအညီဖြစ်စေသလို ဝမ်းပုံမှန်သွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေး တစ်ယောက် ဝမ်းမချုပ်၊ လေမချုပ်နေဘူးဆိုရင် ကျန်တဲ့ အလုံးစုံသော ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ ၉ ဝ% ခန့် စိတ်ချရပြီလို့ အကြမ်းဖျင်းဆိုနိုင်ပါပြီ။ ဒါကြောင့် ကလေးဖြစ်သူရဲ့ အစာချေလမ်း ကြောင်းနဲ့ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတွေ လှုပ်ရှားဖို့ လိုကိုလိုအပ်ပြီး ဝမ်းလျားမှောက်တဲ့ အချိန်မှာ အဆိုပါ လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မေမေတို့ ဖေဖေတို့ လုပ်ပေးရမှာက ကလေးလေးကို ဝမ်းလျားလေးမှောက်ပြီး ဟိုဟိုဒီဒီ လှည့်ပတ်သွားလာခွင့်လေး ပေးထားရုံပဲ ဖြစ်ပါတယ်။ 

အမြင်အာရုံဖွံ့ဖြိုးလာစေဖို့
ဝမ်းလျားမှောက်နေတဲ့အချိန်ဟာ ကလေးရဲ့ အမြင်အာရုံကို ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူ ပြုပေးနိုင်ပါဆိုရင် မိဘဖြစ်သူတွေ အံ့သြသွားနိုင်ပါတယ်။ အထူးသဖြင့် အမြင်အာရုံအပြင်ကလေးရဲ့ ခြေရာခံတတ်တဲ့ အသိစိတ်ကိုပါ  ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။ ပက်လက်အနေအထားနဲ့ မျက်လုံးကို အသုံးပြုနေရာကနေ ဝမ်းလျားမှောက် အနေအထားနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတဲ့အခါမှာ ကလေးဟာ မျက်လုံးကို ပုံစံအသစ်နဲ့ အသုံးပြုရ မှာဖြစ်ပြီး မျက်လုံး နှစ်လုံးကနေမြင်ရတဲ့ ပုံရိပ်တွေကို တစ်ခုတည်းပေါင်းစပ်တဲ့ စနစ်ကိုပါ ကလေးရဲ့ဦးနှောက်က စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကို စတင်ကြည့်ရှုတော့မှာ ဖြစ်တာကြောင့် ကလေးရဲ့ အနီး၊ အဝေး အမြင်အာရုံစနစ်လည်း စတင် အသက်ဝင်လာပါပြီ။ ဒီအနီးအဝေး အမြင်အာရုံက ဝမ်းလျားစမှောက်တဲ့ အချိန်မှ စတင်ဖွံ့ဖြိုးလာမှာဖြစ်တာကြောင့် ဝမ်းလျားစမှောက်တဲ့ အချိန်ဟာ ကလေးလေးရဲ့ အမြင်အာရုံနဲ့ အမြင်စနစ်အတွက် အလွန်အရေးပါတဲ့ အချိန်အပိုင်းအခြားဖြစ်တယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ 

ကိုယ်နေဟန်ထား
ဝမ်းလျားစမှောက်တဲ့ အချိန်ဟာ ကလေးရဲ့ခန္ဓာကိုယ် အချိုးအစားပုံစံနဲ့ ကိုယ်နေဟန်ထားအတွက်လည်း အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဝမ်းဗိုက်ကို အားပြုပြီးနေနေတဲ့ အချိန်က ကလေးရဲ့ ကျောရိုးမကြီး ပုံစံတကျ ဖြစ်သွားအောင် ချိန်ညှိဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကလေးရဲ့ ကိုယ်နေဟန်ထား ပုံစံတကျ ဖွံ့ဖြိုးလာဖို့အတွက် အရေးအကြီးဆုံး အချိန်ကိုပြပါဆိုရင် ဝမ်းလျားမှောက်ဖို့ စတင်ကြိုးစားတဲ့ ကာလကနေ လမ်းစလျှောက်တဲ့ ကာလအပိုင်း အခြားအတွင်းလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ကလေးရဲ့ ဦးနှောက်ဟာ ဟန်ချက်ရဲ့ သဘောတရားကိုလည်း စတင်လေ့လာနေပြီ ဖြစ်တာကြောင့် ခြေထောက်၊ လက်တွေနဲ့ ခေါင်းကို ဟန်ချက်ညီညီထိန်းပြီး အသုံးပြုဖို့ စတင်ကြိုးစားနေပါပြီ။ ဒါကြောင့် သင့်ရဲ့ ကလေးကို ကိုယ်နေဟန်ထား မှန်မှန်ကန်ကန် ဖွံ့ဖြိုးကြီးထွားလာစေလိုတယ်ဆိုရင် ကလေးနိုးနေတဲ့အချိန် ဝမ်းလျားမှောက်အနေအထားမှာ အချိန်ကြာကြာထားနိုင်သ လောက် ထားပေးပါလို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။

လည်ချောင်းနဲ့ပါးစပ် ကြွက်သားများ သန်မာစေဖို့
အထက်မှာ ပြောခဲ့ပြီးသလိုပဲ၊ ဝမ်းလျားမှောက်နေချိန်ကလေးလေးဟာ လည်ပင်းကြွက်သားတွေကို အသုံးပြုပြီး ဦးခေါင်းကို ဘယ်ညာ လှည့်ကာ ပတ်ဝန်းကျင်ကို စတင်လေ့လာစူးစမ်းတော့မှာဖြစ်ပါတယ်။ ဒီလိုဦးခေါင်းနဲ့လည်ပင်းကို အသုံးပြုခြင်းကြောင့် ကလေးရဲ့ လည်ချောင်းနဲ့ ပါးစပ်အတွင်းက ကြွက်သားတွေနဲ့ အကြောတွေ စတင်သန်မာလာမှာဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ ပြုလုပ်လေလေ ကလေးရဲ့ ခန္ဓာကိုယ်က သက်ဆိုင်ရာ ကြွက်သားတွေ ဖွံ့ဖြိုးမှု ပိုမိုအားကောင်းလာ လေလေဖြစ်တာကြောင့် ကလေးရဲ့သဘာဝအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုတွေကို မိဘဖြစ်သူတွေက စောင့်ကြည့်ပြီး လိုအပ်ရင် အနည်းငယ် ကူညီပေးရမှာဖြစ်ပါတယ်။ လည်ပင်းကြွက်သားနဲ့ ခေါင်းလှုပ်ရှားမှု ပြုလုပ်
ခြင်းက ကလေးရဲ့ အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်ဖို့လည်း အထောက်အကူ ပြုနိုင်ပါသေးတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှုပ်ရှားတတ်ဖို့
ကလေးတစ်ယောက်ဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုလှုပ်ရှားရမလဲ၊ ဟန်ချက်ညီအောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဝမ်းလျားစမှောက်တဲ့ အချိန်ကစပြီး လေ့လာသင်ယူနေပါပြီ။ ကြီးပြင်းလာတဲ့ ဘဝတစ်လျှောက်လုံးမှာ အသုံးပြုသွားရမယ့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုပုံစံအလုံးစုံကို ကလေးရဲ့ ဦးနှောက် ဒီအချိန်မှာစတင်ပြီး သင်ယူမှတ်သားနေပြီ ဖြစ်တာကြောင့် ဒီအဆင့်ကို ကလေးလေး ကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်အောင် သူဆန္ဒရှိသလောက် ဝမ်းလျား
မှောက်တဲ့ အနေအထားမှာ ထားပေးဖို့လိုအပ်ပါတယ်။ အကယ်၍ ကလေးလေးက ဝမ်းလျားမှောက်ဖို့ ကြိုးစားပေးမယ့် အစပိုင်းမှာသူ့အတွက် ခက်ခဲနေတယ်၊မလွယ်ကူဘူးဆိုရင် မိဘဖြစ်သူကိုယ်တိုင် ဝမ်းလျားမှောက် အနေအထားလေး ထားပေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ကလေးကိုယ်တိုင် ပြုလုပ်နိုင်လာပါလိမ့်မယ်။ 

သတိပြုရမယ့်အချက်
အထက်မှာ ဖော်ပြခဲ့ပြီးသလိုပဲ၊ ဝမ်းလျားမှောက်တဲ့ အချိန်ဟာ ကလေးတစ်ယောက်အတွက် အလွန်အရေးကြီးတဲ့ ကာလအပိုင်းအခြား တစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေ ဖွံ့ဖြိုးလာဖို့၊  ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားတတ်ဖို့၊ အမြင်အာရုံ စနစ်တကျ ဖွံ့ဖြိုးလာဖို့နဲ့ အာရုံကြောစနစ် နဲ့ အာရုံကြောအဖွဲ့အစည်း မှန်မှန်ကန်ကန် ဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်လာဖို့ စတဲ့ ကလေးရဲ့ ကြီးပြင်းလာမယ့် ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်မှုရှိသွားမယ့် အဓိက ဖွံ့ဖြိုးမှုကြီးတွေ စတင်ဖြစ်ပေါ်မယ့် အချိန်ကာလလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် ဒီအချိန်မှာ မိဘဖြစ်သူရဲ့ကူညီပံ့ပိုးမှုကလည်း ကလေးအတွက် အလွန်အရေးပါပါတယ်။ ကလေးလေးရဲ့ ခံနိုင်စွမ်းရည်ကို ချင့်ချိန်ပြီး တစ်ရက်ကို သုံးကြိမ်လောက် ဝမ်းလျားမှောက်အနေအထားလေးနဲ့နေနိုင်ဖို့ ဘေးကင်းပြီး ကလေးသက်တောင်သက်သာဖြစ်မယ့် နေရာမျိုး ဖန်တီးထားပေးဖို့လည်း လိုပါလိမ့်မယ်။ မိဘဖြစ်သူတွေသတိထားရမယ့် အရေးကြီးတဲ့ အချက်ကတော့ ကလေးအိပ်ပျော်နေတဲ့ အချိန်မှာ 
ဝမ်းလျားမှောက် အနေအထားနဲ့ လုံးဝမထားမိဖို့ဘဲ ဖြစ်ပါတယ်။
Ref; Why Tummy Time Is Important For the Infant