သရက်သီးနဲ့ ဝိတ်ချမယ်

ရာသီပေါ်သရက်သီးလေးတွေ ဝါဝါဝင်းဝင်းနဲ့ ပေါ်လာတာတွေ့တော့ အနံ့လည်းမွှေး၊ အသားကလည်း နူးညံ့တဲ့အပြင် အရသာလည်းရှိတဲ့ ဒီအသီးတွေနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့ လုပ်ဆောင်တဲ့ နည်းလမ်းလေးများ ရှိမလားဆိုပြီး ရှာဖွေမိပါတယ်။ ရှာဖွေတော့ တွေ့ရှိသည်ပေါ့နော်။ ဒါကြောင့် ဒီလမှာတော့ သရက်သီးစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

သရက်သီးစားသုံးပြီး ကိုယ်အလေးချိန်ကျဆင်းအောင် လုပ်မယ်ဆိုတော့ သရက်သီး စားသုံးပေးခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေနဲ့ ဘယ်လိုအကြောင်းကြောင့်များ သရက်သီးက ဝိတ်ကျစေမှာလဲဆိုတဲ့ အချက်လေးတွေကို အရင်ဆုံး လေ့လာကြည့်ကြတာပေါ့။

သရက်သီးမှာ လူ့ကျန်းမာရေးကို အကူအညီ ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ တစ်နည်း အပင်တွေမှာ ပါဝင်လေ့ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အဲ့ဒီအပင်ဓာတုဒြပ်ပေါင်းတွေက သူတို့ရဲ့ နံရံတွေကို ကျယ်ပြန့်စေပြီး အဆီဆဲလ် 
တွေကို တားဆီးပေးတာမို့ ကိုယ်အလေးချိန်တက် မလာစေဖို့ကို ကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းပြီးတဲ့နောက်မှာလည်း နောက်ထပ် ကိုယ်အလေးချိန်တက်မလာစေဖို့ ကူညီပေးပါတယ်။

သရက်သီးမှာ မောလစ်အက်ဆစ်နဲ့ တာတာရစ် အက်ဆစ်တို့ ပါတာကြောင့် ခန္ခာကိုယ်အတွက် အယ်ကာလိုင်းဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်အလေးချိန် ပြန်တက်လာဖို့ အခွင့်အရေးနည်းစေ ပါတယ်။ သရက်သီးတစ်လုံးမှာ အမျှင်ဓာတ် ၃ ဂရမ်ပါဝင်ပြီး အူနံရံတွေဆီက စွန့်ထုတ်မယ့်ပစ္စည်း တွေကို အကူအညီပေးတာကြောင့် အဆိပ်အတောက်တွေ ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းစဉ်အတွက် အဆင်ပြေချောမွေ့စေပါတယ်။ အမျှင်ဓာတ်အပြည့်ပါဝင်နေတဲ့ အသီးရဲ့ အသားတွေက သဘာဝအတိုင်း ကာဘိုဟိုက်ဒရိတ် ပါဝင်မှု မရှိတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန်ဖြစ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။

သရက်သီးတွေဟာ သဘာဝ ပဋိဇီဝပစ္စည်းတွေပါဝင်နေပြီး ကျန်းမာကောင်းမွန်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ဖြစ်အောင် မြင့်တင်ပေးတဲ့အပြင် စိတ်ခံစားချက်လည်း ကောင်းစေတယ်၊ ဝမ်းဗိုက်ပိုင်းအဆီတွေ တိုးမလာစေဖို့ ကူညီ ပေးပါတယ်။ အရည်တွေကို စေးပျစ်စေသော Pectin လယ်ဗယ်မြင့်မားစွာ ပါဝင်တဲ့ သရက်သီးဟာ ကိုလက်စထရောရေချိန်ကို နိမ့်ကျစေပြီး လေပွတာကိုလည်း သက်သာစေပါတယ်။

သရက်သီးတစ်ခွက်မှာ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် ၇၅ ရာခိုင်နှုန်းပါဝင်တယ်။ ဆီးချိုရောဂါနဲ့ အဆစ်အမြစ်တွေ နာကျင်တာတို့လို အဝလွန်ခြင်းကနေဖြစ်တဲ့ ရောဂါတွေကြောင့် ရောင်ရမ်းမှုကနေ ထိန်းညှိကာကွယ်ပေးပါတယ်။
နောက်ပြီးတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် အေ ၂၅ ရာခိုင်နှုန်းပါဝင်တဲ့အပြင် မတူညီတဲ့ ကယ်ရိုတီနွိုက် ၂၅ မျိုးလည်း ပါဝင်ပြီး လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် အလျင်အမြန် အားအင်ပြန်လည် ပြည့်ဖြိုးစေပါတယ်။ ဗီတာမင် ဘီ ၆ နဲ့ အခြားသော ဗီတာမင် ဘီတွေပါဝင်ပြီး သိုင်းရွိုက်ဂလင်းနဲ့ ပီကျူရထရီဂလင်းတို့ကို ကောင်းမွန်စွာ အလုပ်လုပ်စေဖို့ အကူအညီ ဖြစ်စေပါတယ်။

သရက်သီးက ပိုတက်ဆီယမ်ဓာတ်လည်း မြင့်မားတာကြောင့် လေပွတာကို လျော့ကျစေတယ်။ မဂ္ဂနီဆီယမ် မြင့်မားစွာ ပါဝင်တဲ့ သရက်သီးဟာ ကြွက်သားတွေနဲ့ အာရုံကြောစနစ်တွေကို အနားရစေပါတယ်။ ဒါ့အပြင် ကယ်လိုရီတွေ အများကြီး ပါဝင်တဲ့ သစ်သီးဖြစ်တာကြောင့် ကိုယ်အလေးချိန် ကျဆင်းဖို့ ရည်ရွယ်ချက်နဲ့ စားမယ်ဆိုရင် ထမင်းတစ်နပ်စာအတွက် အစားထိုး စားသုံးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေမယ့် သရက်သီး Diet ကို လုပ်ဆောင်တော့မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ရှောင်ရန်ဆောင်ရန်ကရော ဘာတွေရှိလဲ၊ ကိုယ်လက်လှုပ်ရှားရတဲ့ ဘယ်လိုလေ့ကျင့် ခန်းတွေ လုပ်ပေးရမလဲဆိုတာတွေနဲ့ ပတ်သက်လို့ ဆက်လက် ဖတ်ရှုကြည့်ပါဦး။

သရက်သီး Diet ကို တစ်ပတ်လောက် လုပ်မယ်ဆိုရင် ၁ ပေါင် ကနေ  ၂ ပေါင်အထိ ကိုယ်အလေးချိန် ကျဆင်းစေမယ်လို့ မျှော်လင့်နိုင်ပါတယ်။ လုပ်ရမှာကတော့ တစ်နေ့တာမှာ စားသုံးမယ့် သုံးနပ်စာထဲက တစ်နပ်စာကိုတော့ သရက်သီးစိတ်တွေနဲ့ ရေ ၈ အောင်စပြည့်အောင် သောက်သုံးပြီး အစားထိုးပေးရမှာပါ။ ဒီလိုပြုလုပ်ပြီး ကယ်လိုရီထိန်းချုပ် စားသုံးရတဲ့ အစားအသောက် အစီအစဉ်ကို အာဟာရချို့တဲ့မှုမရှိဘဲ သုံးလဆက်တိုက် ပြုလုပ်လို့ရတယ်လို့ ဆိုပါတယ်။ 

ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက သရက်သီးအမှည့်ရဲ့ ပြုပြင်မထားတဲ့ အနေအထားအတိုင်းမှာ အပြည့်အစုံ ပါရှိနေတာမို့ ဒီအတိုင်းခွဲခြမ်းပြီး စားသုံးတာက အကောင်းဆုံးပါဘဲ။ ကိုယ်အလေးချိန် ကျဆင်းဖို့ အင်တိုက်အားတိုက်ကြီး မကြိုးစားချင်တဲ့ သူတွေဆိုရင်တော့ အခုဖော်ပြတဲ့ သရက်သီး Diet က လိုက်ပါလုပ်ဆောင်ဖို့ သိပ်ပြီး လွယ်ကူပါတယ်နော်။

ထမင်းတစ်နပ်အတွက် သရက်သီးအစားထိုး စားသုံးတဲ့ အစားအသောက်အစီအစဉ်ကို လိုက်ပါလုပ်ဆောင်ပေးရင် ကိုယ်အလေးချိန် ကျဆင်းစေဖို့ ကူညီပေးမှာ ဖြစ်ပေမယ့် သတိပြုပေးသင့်တာက တော့ နေ့စဉ်စားသုံးနေကြ ကယ်လိုရီထက် ကယ်လိုရီ ၅၀၀ နည်းပြီးတော့ စားသုံးဖို့တော့ လိုအပ်ပါတယ်။ သရက်သီးတစ်ခွက် တစ်နည်း သရက်သီး ၂၄၀ လီတာမှာ  ကယ်လိုရီ ၁၀၀ ပါဝင်ပြီး ခွက်ရဲ့ တစ်ဝက်ဆိုရင်တောင်မှ လူအများစုဟာ တစ်နေ့ တာလုံးအတွက် ပြည့်အင့်တဲ့ ခံစားချက်ကို ရရှိစေမှာပါ။

သရက်သီး Diet ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့  သရက်သီး ၇ လုံး ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် သရက်သီးတချို့ကို ဝယ်ယူပြင်ဆင်ထားသင့်ပါတယ်။ သရက်သီးဝယ်တဲ့အခါမှာလည်း အသားကိုထိကြည့်တဲ့အခါ ခပ်မာမာဖြစ်နေတဲ့ အသီးကို ရွေးပေးပါ။ သရက်သီးက စိမ်းနေပြီးတော့ အရမ်းမာနေရင်၊ မမှည့်သေးဘူးဆိုရင် လှီးဖြတ်စိတ်ပိုင်းတဲ့အခါ ခက်ခဲပါလိမ့်မယ်။ ပြီးတော့ အခန်းအပူချိန်နဲ့ သဘာဝအတိုင်းမှည့်တဲ့ သရက်သီးတွေကို အသုံးပြုတာက အကောင်းဆုံးပါဘဲ။

သရက်သီးနဲ့ ရေ တွဲဖက်စားသုံးပေးတဲ့ တစ်နပ်စာအတွက်အပြင် သွားရည်စာအတွက်လည်း အစားထိုးစားသုံးနိုင်တယ်။ ရေအများကြီး သောက်ပြီး သရက်သီးစားသုံးပေးခြင်းက အူတွေထဲမှာ အမျှင်ဓာတ်တွေနဲ့ ချွဲပျစ်တဲ့အရည်တွေကို စုပ်ယူဖို့ ကူညီပေးတဲ့အပြင် ခန္ခာကိုယ်ကနေ ကစီဓာတ်တွေကို စုပ်ယူမိပြီး ကယ်လိုရီတွေ တိုးမလာစေအောင်လည်း  ထိထိရောက်ရောက် လုပ်ဆောင်ပေးပါတယ်။

နံနက်စာ ဒါမှမဟုတ် နေ့လယ်စာအတွက် အဆီနည်းတဲ့ စမုသီအဖြစ် သုံးဆောင်နိုင်ပါတယ်။ စမုသီမှာတော့ အုန်းနို့ထည့်သွင်း ပါဝင်သင့်ပါတယ်။ ဒါမှသာ ရေနဲ့ သရက်သီးသာ စားသုံးခြင်းကြောင့်  ဆုံးရှုံးသွားတဲ့ အသားဓာတ်တွေကို ပြန်
လည်ရရှိစေမှာပါ။ သရက်သီး စမုသီကို ရွေးချယ်မယ်ဆိုရင် ကိုယ်တိုင်လည်း နှစ်သက်တဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အနံ့အရသာတချို့ကို ထည့်သွင်းသောက်သုံးလို့ ရပါတယ်။

ဒါ့အပြင် စမုသီတွေမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတွေ၊ ရေခဲနဲ့ သရက်သီးတို့ကို ပေါင်းစပ်ပြီး အရသာရှိရှိ အာဟာရပြည့်ဝတဲ့ ဖျော်ရည်အဖြစ် ဖျော်စပ်သောက်သုံးမယ်ဆိုရင် ဗီတာမင်အေနဲ့ စီတို့ မြင့်မားစွာပါဝင်တဲ့ ဖျော်ရည်တစ်ခွက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ သရက်သီးနဲ့ ကိုယ်အလေးချိန် ကျဆင်းဖို့ဆိုရင် တွဲစပ်ဖို့အတွက် အကောင်းဆုံးသော သစ်သီးတွေက ငှက်ပျောသီးနဲ့ အုန်းနို့တို့ပါဘဲ။ နို့ထွက်ပစ္စည်းကိုတော့ မပေါင်းစပ်မိစေဖို့ သတိပြုပေးပါ။ နို့က သကြားဓာတ်မြင့်မားစွာ ပါဝင်ပြီးတော့ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာတက်လာစေပြီး ကိုယ်အလေးချိန် တိုးလာစေတာကြောင့်ပါ။ 

စမုသီတွေကို မနှစ်သက်ဘူးဆိုရင်လည်း သရက်သီးလက်ဖက်ရည် အအေးကိုလည်း ပြင်ဆင်သောက်သုံးလို့ ရပါတယ်။ လက်ဖက်ရည် ၄ ခွက်ကနေ ၅ ခွက်ကို ရေခဲတစ်ဂျား တစ်နည်း ရေခဲ ၁.၈၉ လီတာနဲ့ ပေါင်းစပ်ပေးပါ။ ပြီးရင်တော့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ သရက်သီးအရည် ၂ ခွက်ပေါင်းထည့်ပြီး အချိုအတွက် သကြားအစားထိုးသုံးတဲ့ Truvia တစ်ဇွန်း၊ ပူဒီနာရွက် လက်တစ်ဆုပ်စာတို့ကို ထပ်ထည့်ပေးရပါမယ်။ ဒီစမုသီတွေထဲမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက အဆီကိုလောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ၂ နာရီလောက် အအေးခံထားပြီး နှံ့စပ်အောင်မွှေပါ။ ပြီးရင်တော့ သံပုရာသီး ဒါမှမဟုတ် သံပုရိုသီးနဲ့ ရေခဲတို့ကို ထည့်သွင်းပြီး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

စမုသီတွေ လက်ဖက်ရည်အအေးတွေ မနှစ်သက်ဖူးဆိုတဲ့ သူတွေအတွက် နောက်ထပ်ရွေးချယ် နိုင်သေးတာကတော့ အသုပ်တွေပါ။ သရက်သီးကို အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ချိုချဉ်ငံစပ်အသုပ်တွေထဲမှာလည်း ထည့်ပြီးတော့ စားသုံးနိုင်ပါသေးတယ်။ သစ်သီးအသုပ်တွေ၊ အစိမ်းရောင်အရွက်တွေ အပါအဝင် အသုပ်အတော်များများမှာလည်း သရက်သီးကို ထည့်သွင်းစားသုံးနိုင်ပါတယ်။ အထူးသဖြင့် ငှက်ပျောသီး၊ ချိုမြတဲ့ လိမ္မော်သီးတို့နဲ့ တွဲဖက်စားသုံးလို့လည်း ကောင်းပါတယ်။

သရက်သီး dressing အဖြစ်လည်း ပြုလုပ်လို့ ရပါသေးတယ်။ အဆီတွေနဲ့ ဆီတွေကို လျှော့ပြီး စားသုံးလိုတယ်ဆိုရင် ဆား၊ ငရုတ်ကောင်း၊ ရှာလကာရည်နဲ့ ငရုတ်သီးအစိမ်းမှုန့်တို့ကို သရက်သီးအဖျော်ရည် ပျစ်ပျစ်နဲ့ ဖျော်စပ်ပြီး အသုပ်ထဲကို လောင်းထည့်ပြီးတော့ သုံးဆောင်နိုင်ပါသေးတယ်။ ထိုင်းစတိုင် သရက်သီးအသုပ် dressing ကို လုပ်မယ်ဆိုရင် သရက်သီး အတုံးသေးသေးလေးတွေ ကြေညက်အောင် ကြိတ်ခြေပြီးတော့ ရှာလကာရည်၊ သံလွင်ဆီ၊ သံပုရာရည်၊ ဖျော်ရည်၊ ကြက်သွန်ဖြူ ပျားရည်စိမ်၊ ငရုတ်သီးမှုန့်၊ နံနံပင်နဲ့ ကြက်သွန်ဖြူတို့ကို ဖျော်ရည်စက်ထဲ ထည့်ပြီး ကြိတ်ခြေဖျော်စပ်နိုင်ပါတယ်။

သရက်သီးကို ဒိန်ချဉ်နဲ့ ထည့်မွှေပြီးတော့ နံနက်စာ ဒါမှမဟုတ် အချိုပွဲအဖြစ်လည်း သုံးဆောင်လို့ရပါတယ်။ သရက်သီးနဲ့ ဒိန်ချဉ် နှစ်မျိုးလုံးက ခန္ခာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေပါဝင်နေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ပေါက်ပွားစေပြီး အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်စေတဲ့အပြင် ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

သရက်သီးနွားနို့ ပူတင်းလုပ်စားချင်လည်း ရပါသေးတယ်။ သရက်သီးမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ ချွဲပျစ်တဲ့အရည်ဟာ ပူတင်းခဲခဲလေးဖြစ်ဖို့ အကူအညီဖြစ်စေပါတယ်။ အိန္ဒိယမှာဆို ရင်တော့ နို့ ဒါမှမဟုတ် ခရင်(မ) တို့နဲ့ ရိုးရာအတိုင်း ပြုလုပ်စားသုံးကြတယ်ဆိုပေမယ့် အုန်းနို့၊ အုန်းရည်၊ ဆန်နို့ ဒါမှမဟုတ် ဗာဒံနို့ရည်တို့နဲ့လည်း ပြုလုပ်နိုင်ပါတယ်။ အတုံးသေးသေးလေးတွေ တုံးထားတဲ့ သရက်သီး ၂ ခွက်ကို နို့ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ Truvia သကြား တစ်ဇွန်းတို့ကို ပျစ်နှစ် လာတဲ့အထိ မွှေပြီးတော့ ရေခဲသေတ္တာထဲမှာ ၂ နာရီလောက် အအေးခံထားပေးရပါမယ်။ ဖော်ပြခဲ့တာတွေကတော့ သရက်သီးကို အမှည့်အတိုင်း ခွဲခြမ်းပြီး မစားလိုဘဲ အပြောင်းအလဲဖြစ်အောင် အမျိုးမျိုးပြုလုပ်စားသုံးရတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

သရက်သီး Diet လုပ်မယ်ဆိုရင် ညစာအတွက်ကိုတော့ အသားနဲ့ အရွက်သုပ် ၄ အောင်စကို စားသုံးပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်ဖို့ အကောင်းဆုံးအရာတွေကတော့ ကြက်သား၊ ငါး၊ သိုးသား၊ အမဲသားနဲ့ ပုစွန်၊ ဂဏန်း၊ ကမာ၊ ပုစွန်ထုပ်တို့လို ပင်လယ်စာတွေဖြစ်ပါတယ်။ အသုပ်ကတော့ ကိုယ်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်နိုင်ပေမယ့် အဆီဓာတ်မြင့်မားတဲ့ ဒါမှမဟုတ် ကယ်လိုရီတွေ အများကြီးပါတဲ့ ခရင်(မ) တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

နောက်ထပ် ရှောင်ရှားရမှာတွေကတော့ သကြားတွေနဲ့ ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ အခြေခံအကျဆုံးအရာကို ပြောရမယ်ဆိုရင် ဖြူဖွေးနေအောင် အခွံချွတ်ထားတဲ့ အစားအစာတွေကို ရှောင်ပေးပါ။ ဘယ်လိုအစား အစာတွေလဲဆိုတော့ သကြား၊ ပါစတာ၊ အရမ်းနူးညံ့တဲ့ ပေါင်မုန့်တွေ၊ အားလူးနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲ့ဒါတွေက ကာဘိုဟိုက်ဒရိတ် မြင့်မားစွာ ပါဝင်နေလို့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီးတော့ ကိုယ်အလေးချိန်တက်စေပါတယ်။

နောက်ထပ် ဆောင်ရွက်ပေးသင့်တာကတော့ နေ့စဉ်နေ့တိုင်း တစ်နာရီလောက် တစ်ယောက်တည်း လမ်းလျှောက်ပေးရမှာဘဲ ဖြစ်ပါတယ်။ လမ်းလျှောက်ပေးတာက ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ အကူအညီဖြစ်စေပြီး အပန်းပြေစေတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာကြံ့ခိုင်စေပါတယ်။ တရားထိုင်ပေးခြင်းကလည်း လမ်းလျှောက်ပေးခြင်းလိုဘဲ အကူအညီဖြစ်စေပါတယ်။ လှေကားအတက်ဆင်း ပြုလုပ်ပေးတာကလည်း သွားရည်စာတွေ အလွန်အမင်း တောင့်တတဲ့စိတ်ကို မဖြစ်စေပါဘူး။ 

ညဘက်မှာလည်း လုံလုံလောက်လောက် အနားယူအိပ်စက်ပေးမယ်ဆိုရင် ခန္ခာကိုယ်က သူ့ကိုယ်သူ အလိုအလျောက် ပြုပြင်မှုတွေကို ဆောင်ရွက်နိုင်ပါတယ်။ ခန္ခာကိုယ်ကို ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေဖို့အတွက်ဆိုရင် တစ်ညတာမှာ ၈ နာရီအိပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် တစ်သျှူးတွေက သူတို့ဘာသာ ပြန်လည်ပြုပြင်နိုင်မှာ ဖြစ်တယ်။ ကောင်းကောင်းအနားယူခဲ့တယ်ဆိုရင် တစ်နေ့တာရဲ့ တာဝန်တွေကို ကောင်းကောင်းစွမ်းဆောင်နိုင်မှာဖြစ်ပြီး အစားအစာကို အလွန်အမင်း တောင့်တတဲ့စိတ်ကိုလည်း ခံနိုင်ရည်ရှိစေမှာဖြစ်တဲ့အကြောင်း ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်။

Ref: Lose Weight with Mango 
Edited by Donna, Eng, Doug Collins