ပိုမစားသင့်တဲ့ Super Food တွေ

တန်ရုံသင့်ရုံ ပမာဏအတွင်း မှန်မှန်ကန်ကန် စားသောက်ပေးရင် ဘယ်လိုအစားအသောက်မျိုးမဆို အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ ဆိုရိုးစကားလိုပဲ သင့်ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုပြီး ဆေးဖက်ဝင်တဲ့ အာနိသင်ရှိပါတယ်။ စွမ်းအားမြင့်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ သဘာဝအတိုင်း ပါဝင်နေတဲ့ ပန်းပွင့်စိမ်း နဲ့ Green Tea လိုမျိုး အသီးအရွက်တွေဆိုရင် ကျန်းမာရေးကို ကောင်းမွန်စေရုံသာမကပဲ ကင်ဆာ နဲ့ နှလုံးရောဂါကဲ့သို့သော အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါဆိုးကြီးတွေ ဖြစ်နိုင်ခြေကိုပါ လျော့ချပေးနိုင်တဲ့ အာနိသင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုတိုင်း မကောင်းတဲ့အထဲမှာ အစားအသောက်တွေလည်း ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာနိသင်တွေရှိနေတာကြောင့် Super Food တွေလို့ အမည်တပ်ပြီး မကြာမကြာ စားသုံးပေးကြဖို့ ပညာရှင်တွေ တိုက်တွန်းထားတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ အချို့အစားအသောက် တွေမှာတောင်မှ လိုအပ်တာထပ်ပိုပြီး စားသုံးမိရင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေနိုင်လို့ သတိထားစားသုံးဖို့ လိုအပ်ပါတယ်။ တန်ရုံသင့်ရုံစားရင် ဆေးဖြစ်ပေမဲ့ လွန်သွားရင် ဘေးဖြစ်စေနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ နာမည်ကြီးတဲ့အစားအသောက်တွေက ဘာတွေများဖြစ်နိုင်ပါသလဲ။

ပန်းပွင့်စိမ်း
ဘရိုကိုလီ ဒါမှမဟုတ် ပန်းပွင့်စိမ်းတွေက အာဟာရဓာတ်ပါဝင်မှု မြင့်မားလို့ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက် စာရင်းမှာပါဝင်ပါတယ်။ စွမ်းအားမြင့်တဲ့ Antioxidant အမျိုးအစား အတော်များများ ဘရိုကိုလီမှာ ဖွဲ့စည်းပါဝင်တာကြောင့် ကင်ဆာ နဲ့ နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေတဲ့ ဘရိုကိုလီကို စူပါအစားအစာအဖြစ် ပညာရှင်တွေသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဘရိုကိုလီကို ပမာဏများများ စားသုံးခြင်းက သင့်ရဲ့ ကျန်းမာရေးအပေါ် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်လို့ သတိထားသင့်ပါတယ်။ ဘရိုကိုလီကို များများစားမိတဲ့အခါမှာ  Hypothyroidism လို့ ခေါ်တဲ့ သွိုင်းရွိုက်ဂလင်း အလုပ်လုပ်တာနည်းသွားတဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ အကြောင်းအရင်းကတော့ ဘရိုကိုလီမှာ Thiocyanates ဆားဓာတ်ပါဝင်ပြီး အဆိုပါ ဓာတ်က ခန္ဓာကိုယ်ရဲ့ အိုင်အိုဒင်းစုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့ သဘာဝရှိပါတယ်။ စားသုံးလိုက်တဲ့ အစားအသောက်တွေဆီက အိုင်အိုဒင်းဓာတ်ကို အပြည့်အဝ မရရှိတဲ့ အခါ နောက်ဆက်တွဲအနေနဲ့ သွိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုပုံမှန်မဟုတ်တာမျိုး ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် ဘရိုကိုလီ ချင့်ချိန်စားသင့်ပြီး အထူးသဖြင့် သွိုင်းရွိုက်နဲ့ပတ်သက်တဲ့ ရောဂါရှိနေသူတွေ ပိုပြီး သတိထားသင့်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ 


သံပရာရေ
အဆီပိုမရှိ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုမှ လှပတယ်လို့ သတ်မှတ်ထားတဲ့ ဒီခေတ် အချိန်အခါမျိုးမှာ သံပရာသီးကို အကွင်းလိုက်လှီးပြီး စိမ်ထားတဲ့ရေက ရိုးရိုးရေထက်ကို ပိုပြီး လူကြိုက်များနေတာကိုတွေ့ရမှာပါ။ အဆီတက်စေမယ့် ကယ်လိုရီလည်း မပါသလို အခြားအသီးဖျော်ရည်များလို သကြားဓာတ်လည်း မပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရေသောက်ရတာ မကြိုက်တဲ့သူတွေအတွက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ ပိုပြီး အထောက်အကူပြုပေးနိုင်တယ်လို့တောင် ယူဆလို့ ရနိုင်ပါတယ်။ ဒါ့အပြင် သံပရာသီးမှာပါဝင်တဲ့ ဗီတာမင် C ၊ Antioxidants တွေက သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သလို ခန္ဓာကိုယ်က ဆဲလ်တွေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးဦးမှာဖြစ်တာကြောင့် သံပရာရည်သောက်တာက ကျန်းမာရေးအတွက် အင်မတန် ကောင်းကျိုးဖြစ်စေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုသလို လိုတာထပ်ပိုလာရင် နောက်ဆက်တွဲအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ကပ်ပါလာနိုင်ပါတယ်။ သံပရာသီးဟာ အက်ဆစ်အာနိသင်ရှိတဲ့ အသီးဖြစ်တာကြောင့် ပမာဏများများနဲ့ ရေရှည် စားသုံးတဲ့အခါမှာ သင့်သွားတွေရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သံပရာရည်ကို ချိန်ဆပြီး သောက်သုံးသင့်သလို ရေရှည်သောက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင် သောက်ပြီးပြီးချင်း ပလုတ်ကျင်းတာမျိုး၊ သွားတွေနဲ့ သံပရာရည်မှာပါဝင်တဲ့ အက်ဆစ်ဓာတ် တိုက်ရိုက်ထိတွေ့တာကို လျှော့ချဖို့ ပိုက်နဲ့သောက် တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 


တူနာငါး 
Omega-3 Fatty Acid လို့ ဆိုလိုက်ရင် ပင်လယ်ငါးတွေကို မျက်လုံးထဲပြေးမြင်လေ့ရှိကြ ပြီး ပင်လယ်ငါးထဲကမှ အခြားငါးအမျိုးအစားများ ထက် ဈေးသက်သာပြီး နေရာဒေသတော်တော် များများမှာ အလွယ်တကူဝယ်ယူလို့ ရတဲ့ တူနာငါး ကို ပထမဆုံး သတိရလေ့ရှိတတ်ပါတယ်။ တူနာငါးမှာ Omega-3 Fatty Acid အပြင် Magnesium ၊ Zinc ၊ Iron စတဲ့ သတ္တုဓာတ်များပါဝင်ပြီး ပရိုတိန်းလည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ တူနာငါးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ သတ္တုဓာတ်များအပြင် ပမာဏများများ စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တဲ့ မာကျူရီဓာတ်လည်း ပါဝင်နေပါတယ်။ မာကျူရီအဆိပ်သင့်ခြင်းကြောင့် ကြွက်သားအားနည်းတာ၊ အမြင်အာရုံပြောင်းလဲတာ စတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့လာရနိုင်တယ်လို့ ဆရာဝန်တွေ ဆိုပါ တယ်။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ မာကျူရီပါဝင်တဲ့ တူနာငါးကို မစားသုံး သင့်ဘူးလို့လည်း သိရပါတယ်။

လက်ဖက်စိမ်း
Green Tea ဟာ ဘရိုကိုလီလိုပဲ Antioxidants ကြွယ်ဝတာကြောင့် လူကြိုက်များပြီး ကျန်းမာရေးလိုက်စားတဲ့သူတွေ နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလေ့ရှိတဲ့ သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ Green Tea တစ်နည်းအားဖြင့် လက်ဖက်မှာ Catechins ခေါ်တဲ့ စွမ်းအားမြင့် Antioxidants ပါဝင်ပြီး ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာကို ကာကွယ်တားဆီးရာမှာ အင်မတန်အစွမ်းထက်တဲ့ သဘာဝ Antioxidants တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့ နှလုံးသွေးကြောရောဂါများကို ကာကွယ်ပေးနိုင်သလို ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့ အာနိသင်လည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ သတိပြုရမှာက လက်ဖက်မှာပါဝင်နေတဲ့ Tannins လို့ခေါ်တဲ့ အော်ဂဲနစ် ဓာတ်ပစ္စည်းတစ်မျိုးက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်စွမ်းကို လျော့ကျစေနိုင်တာကြောင့် ပမာဏများများ စားသုံးတဲ့အခါမှာ နောက်ဆက်တွဲ အနေနဲ့ သံဓာတ်ချို့တဲ့ တဲ့ ပြဿနာ ကြုံတွေ့လာရနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ အထူးသဖြင့် သံဓာတ်ကို အလုံအလောက်ရရှိဖို့ လိုအပ်တဲ့ အားကစားသမားတွေ၊ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သတ်သက်လွတ်စားသုံးသူတွေမှာ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းပါတဲ့ လက်ဖက်စားသုံးမှု နဲ့ Green Tea သောက်သုံးမှုကို သတိထားသင့်တယ်လို့ သိရပါတယ်။ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေ နိုင်တာကြောင့် လက်ဖက်ရည်၊ Green Tea စတဲ့ လက်ဖက်နဲ့ ပြုလုပ်ထားတဲ့ သောက်စရာတွေကို အစားအစာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုး မလုပ်သင့်ဘူးလို့လည်း ဆက်လက် အကြံပြုထား ပါတယ်။ 


ရှောက်မျိုးနွယ်ဝင်အသီးများ 
သံပရာသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုလိုမျိုး ရှောက်မျိုးနွယ်ဝင် အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်တဲ့ အသီးတွေဖြစ်ပြီး အာဟာရဗေဒပညာရှင်များစွာက နေ့စဉ်စားသောက်ပေးနေကျ အစားအသောက်များထဲမှာ ထည့်သွင်းစားသောက်ပေးဖို့ အားပေးထားတဲ့ အသီးတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရှောက်မျိုးနွယ်ဝင် အသီးတွေမှာလည်း သတိနဲ့ စားသုံးပေးရမယ့် အကန့်အသတ်ရှိနေပါတယ်။ အဆိုပါ အသီးတွေက အချို့သော ဆေးဝါးတွေအပေါ်မှာ ဆေးအာနိသင်လျော့နည်း သွားစေတာ၊ ခန္ဓာကိုယ်က ဆေးဝါးတွေအပေါ် တုံ့ပြန်မှုတွေကို အနှောင့်အယှက်ဖြစ်စေတာမျိုး ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဒီအသီးတွေဟာ စားသုံးပြီးနောက်  ၇၂ နာရီကြာအထိ ဒီလိုသက်ရောက်မှုမျိုးဖြစ်နိုင်တာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင်ဟာ ဆေးဝါးတစ်မျိုးမျိုးကို သောက်သုံးရတော့မယ်ဆိုရင် ရှောက်မျိုးနွယ်ဝင် အသီးတွေကို စားသုံးခြင်းကို သတိထားသင့်ပါတယ်။ သင့်ရဲ့ ဆရာဝန်ကို သောက်ရမယ့်ဆေးဝါး အမျိုးအစားနဲ့ ဒီအသီးတွေ တည့်မတည့် ကြိုပြီး မေးမြန်းထားတာမျိုးလည်း ပြုလုပ်သင့်ပြီး ရှောက်မျိုးနွယ်ဝင် အသီးတွေကို ဆေးသောက်ချိန်နဲ့ တတ်နိုင်သလောက်ခြားပြီးမှ စားသုံးတာကတော့ အကောင်းဆုံးပါပဲ။ 


ရေ
အသက်ရှင်သန်ဖို့ ခန္ဓာကိုယ်ကို နေ့စဉ်ဖြည့်တင်းပေးနေရတဲ့ အစားအသောက်အားလုံးထဲမှာ အကန့်အသတ်မရှိ ဖြည့်တင်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာက ရေဖြစ်မယ်လို့ အတော်များများယူဆထားကြပါတယ်။ မှန်ပါတယ်၊ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့၊ ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့၊ ခန္ဓာကိုယ်တွင်းက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်နိုင်ဖို့ စတဲ့လုပ်ငန်းတော် တော်များများအတွက် ခန္ဓာကိုယ်က ရေဓာတ်ကို 
လုံလုံလောက်လောက်ရထားဖို့ လိုအပ်ပါတယ်။ ရေဓာတ် လုံလောက်စွာ မရရှိခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း လက်ရှိ ကမ္ဘာ့လူဦးရေ ရဲ့ ရာခိုင်နှုန်းတော်တော်များများ ကြုံတွေ့နေရတယ်လို့လည်း စာရင်းဇယားများအရ သိရပါတယ်။ ဒါပေမဲ့ ဒီလို ပမာဏ များများလိုအပ်တဲ့ ရေတောင်မှာ သောက်သုံးသင့်တဲ့ ပမာဏ၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏ တစ်ခုရှိပါတယ်။ ဒီပမာဏထပ် ကျော်လွန်ပြီး သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အီလက်ထရိုလိုက်တွေကို မညီမမျှဖြစ်စေပြီး သွေးတွင်းက ဆားဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ရေပမာဏများများကို အချိန်တိုတိုအတွင်းမှာ သောက်သုံးခြင်းကို ဆင်ခြင်သင့်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ရေကို ပမာဏနည်းနည်း နဲ့ မကြာမကြာ သောက်သုံးပေးတာမျိုးသာ ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ 

Ref; Healthy Foods That Are Actually Dangerous to Overeat